
Facebook လူမှုကွန်ရက်တွင် သတင်းမှားများကို သတင်းဌာနများနှင့် စောင့်ကြည့်အဖွဲ့များက တန်ပြန်တိုက်ထုတ်မှုများ ဆက်တိုက်ရှိလာပြီးနောက် သတင်းမှားဖြန့် ဝင်ငွေရှာနေသူများသည် YouTube channel များကိုအသုံးပြု၍ လိမ်လည်ငွေရှာရန် စိုင်းပြင်းနေကြပြီဖြစ်သည်။
၎င်းတို့၏ ဗီဒီယိုခေါင်းစဉ်များတွင် ဖတ်ရှုသူကို အံ့ဩစေမည့် စကားလုံးများ အသုံးပြုထားသော်လည်း ရုပ်သံအတွင်းတွင်မူ ခေါင်းစဉ်နှင့်ပတ်သက်သည်များ မပါရှိပေ။ သွယ်ဝိုက်၊ လှည့်ဖြားထားသည့် အကြောင်းအရာများသာ ဖြစ်ကြသည်။ ထို့အပြင် အတည်မပြုနိုင်သည့်အချက်အလက်များကို အသုံးပြုကာ ဓာတ်ပုံများကို ရုပ်သံပြုလုပ်၍ ပုဂ္ဂလိကထင်မြင်ယူဆချက်များ ထည့်သွင်းပြုလုပ်ထားခြင်းဖြစ်သည်။
သတင်းမှား ဖြန့်ဝေနေသည့် YouTube channel များတွင် အများစုသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဦးတည်တိုက်ခိုက်ထားသည့် သတင်းမှား ဗီဒီယိုရုပ်သံများတင်လေ့ရှိသည်ကို အများဆုံးတွေ့ရသည်။ လက်ရှိတွင် သတင်းမှားရုပ်သံများ တင်နေသည့် YouTube channel ၂၀ ဝန်းကျင်ရှိပြီး ၎င်းတို့ channel များကို ကိုင်တွယ်နေသူ၏ တည်နေရာနိုင်ငံများကိုလည်း တွေ့ရသည်။
ထိုင်းနိုင်ငံဟု တည်နေရာပြနေသည့် channel ၇ ခု၊ ဗြိတိန်နိုင်ငံ တည်နေရာပြနေသည့် channel ၃ ခု၊ စင်ကာပူနိုင်ငံ တည်နေရာပြနေသည့် channel ၃ ခုနှင့် တည်နေရာမပြသည့် channel များလည်းရှိသည်။ အဆိုပါတည်နေရာများမှာ နည်းပညာအရ ပြောင်းလဲထားခြင်း ဟုတ်မဟုတ်ကိုမူ အတည်ပြု၍မရပေ။
အဆိုပါ channel များတွင် Opera Report, Opera Mini, Opera Entertainment, ZKL Entertainment, Nine နဝမ ဆိုသည့် channel များသည် စစ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို အဓိက ဖော်ပြကြသည်။
အများစုမှာ အတည်မပြုနိုင်သည့် ယူဆချက်များဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်များကို ဦးတည်တိုက်ခိုက်နေသည့် အကြောင်းအရာများဖြစ်သည်။ ထို့အပြင် PKU Channel, Myanmar Ghost Audio Book ဆိုသည့် channel များသည် တိုင်းရင်းသားလက်နက်ကိုင်များကို ဦးတည်တိုက်ခိုက်နေသည့် သတင်းမှားများကို အဓိက တင်လေ့ရှိသည်။
ထို့ပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဦးတည်တိုက်ခိုက်နေသည့် အကြောင်းအရာများကိုလည်း ဖော်ပြနေသည်ကို တွေ့ရသည်။ အဆိုပါ Channel အများစုသည် ၂၀၂၀ ခုနှစ်အတွင်းကမှ စတင် ဖွင့်လှစ်ထားခြင်းဖြစ်သည့်အတွက် သတင်းမှားဖြန့်သူများမှာ ယခုနှစ်ပိုင်းတွင်မှ ၎င်းတို့၏ သတင်းမှားဖြန့်ရာ အဓိကနေရာ Facebook မှ YouTube သို့ နယ်ပယ်ပြောင်းရွှေ့ လှုပ်ရှားလာကြသည်မှာ သိသာနေသည်။
သတင်းမှားဖြန့်ဝေနေသည့် YouTube Channel များတွင် Myanmar TV – ရုပ်ရှင် သီချင်း ဟာသ သတင်း ဆိုသည့် channel သည် လူကြည့်အများဆုံးဖြစ်သည်ကို တွေ့ရသည်။ ယင်း channel ကို ၂၀၁၉ မတ်လကမှ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး Subscribe လုပ်ထားသူပေါင်း ၃ သိန်း ၇ သောင်းကျော်အထိရှိသည်၊၊ ထို့အပြင် Myanmar Top Entertainment – ရုပ်ရှင် သီချင်း ဟာသ သတင်း ဆိုသည့် channel ကိုလည်း တွေ့ရပြီး Subscribe လုပ်ထားသူပေါင်း ၂ သိန်း ၈ သောင်းကျော်ရှိပေသည်။
Myanmar TV ဆိုသည့် channel တွင် ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်သည့် သတင်းမှားအများအပြားကို တင်ခဲ့ပြီး အဆိုပါသတင်းမှားများသည် ကြည့်ရှူ့သူများပြားခဲ့ပြီး ပြန်လည်မျှဝေသူများလည်း များခဲ့သည်။ “သဉ္ဇာဝင့်ကျော် ဝူဟန်ဗိုင်းရပ်ကူးစက်ခံရ” ဆိုသည့်ခေါင်းစဉ်ဖြင့် သတင်းမှားဗီဒီယိုတစ်ခုကို တင်ခဲ့ပြီး အဆိုပါ ဗီဒီယိုကို ကြည့်ရှုသူ ၂ သိန်း ၆ သောင်းကျော်ရှိသည်။ သို့ရာတွင် အဆိုပါဗီဒီယိုတွင် သဉ္ဇာဝင့်ကျော်က သတင်းမှားဖြစ်ကြောင်း ပြန်ရှင်းထားသည့် ဗီဒီယိုသာပါရှိပြီး ခေါင်းစဉ်မှာနှင့် လုံးဝ မတူပေ။
မြန်မာနိုင်ငံရှိ YouTube channel များတွင် Legacy Music ဆိုသည့် channel သည် Subscribe လုပ်ထားသူ ၅ သိန်း ၈ သောင်းကျော်ဖြင့် အများဆုံးဖြစ်သည်။ တရားဝင် သတင်းဌာနများတွင် DVB TV News သည် Subscribe လုပ်ထားသူ ၄ သိန်း ၄ သောင်းကျော်ဖြင့် အများဆုံးဖြစ်ပြီး 7Day TV သည် Subscriber ၃ သိန်း ၁ သောင်းကျော်နှင့် Mizzima TV, BBC Burmese, RFA Burmese စသည့်သတင်းဌာနများ၏ YouTube channel များသည် Subscriber ၂ သိန်းဝန်းကျင်သာရှိကြသည်။
ထို့ကြောင့် တရားဝင် သတင်းဌာနအများစုသည် သတင်းမှားများဖြန့်ဝေနေသည့် Myanmar TV – ရုပ်ရှင် သီချင်း ဟာသ သတင်း Channel လောက်ပင် Subscribe လုပ်သူမရှိပေ။ တရားဝင်သတင်းဌာနများ YouTube စတင်ဖွင့်လှစ်ထားသည်မှာ ၅ နှစ်အထက်ရှိနေကြသော်လည်း အဆိုပါ သတင်းမှားများတင်နေသည့် YouTube Channel သည် ဖွင့်လှစ်ထားသည်မှာ ၁ နှစ် အတွင်းမှာပင် Subscribe လုပ်ထားသူ ၃ သိန်း ၈ သောင်းကျော် အထိပင် ရှိနေကြခြင်းဖြစ်သည်။
ယခုနှစ် မတ် အတွင်းကလည်း Facebook Messenger များတွင်ပျံ့နှံခဲ့သည့် ကူးစက်မြန်ရောဂါပိုး ရှိသူအရေအတွက် အစစ်အမှန်ကို အစိုးရက ထိမ်ချန်ထားကြောင်းပြောကြားထားသည့် အသံဖိုင်အတုကိုလည်း အဆိုပါ Myanmar TV – ရုပ်ရှင် သီချင်း ဟာသ သတင်း channel က ဖြန့်ဝေခဲ့သည်။ အဆိုပါအကြောင်းအရာကို ကြည့်ရှူ့သူ ၅ သောင်းကျော်အထိရှိခဲ့ပြီး အဆိုပါအသံဖိုင်တွင် ပါရှိသည်များသည် ကောလာဟလသာဖြစ်ကြောင်း တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းခဲ့ရသည်။ ထို့အပြင် ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်သည့် သတင်းမှားအများအပြားကိုလည်း ဖြန့်ဝေခဲ့ကြောင်းတွေ့ရသည်။

အဆိုပါ channel သည် YouTube ပေါ်သို့ရောက်လာသည်မှာ တစ်နှစ်ကျော်သာ ရှိသေးပြီး ၎င်းတို့၏ ရုပ်သံများတွင် Google ၏ ကြော်ငြာများကို မတွေ့ရသေးသည့်အတွက် ယခုအချိန်ထိ YouTube မှပေးသည့် ဝင်ငွေကို မရကြသေးဟု ယူဆရသည်။ သို့သော် YouTube ဗီဒီယိုများပေါ်တွင် လူကြည့်များလာပါက ပြည်တွင်းရှိလုပ်ငန်းငယ်များက အတုအစစ်မခွဲခြားကြတော့ဘဲ ကြော်ငြာများထည့်လေ့ရှိသည်။
သတင်းမှား ဝက်ဘ်ဆိုက်များဖြစ်သည့် everytimestory.com, innlaymedia.com, myanmarpress.com, myanmarnewsteam.com, tatinhtoo.com, myanmartip.com စသည့် ဝက်ဘ်ဆိုက်များကလည်း YouTube channel များတွင် Myanmar TV – ရုပ်ရှင် သီချင်း ဟာသ သတင်း channel နှင့် Myanmar Top Entertainment – ရုပ်ရှင် သီချင်း ဟာသ သတင်း channel များမှ အကြောင်းအရာများကို ပုံမှန်ပြန်လည်မျှဝေလျက်ရှိကြောင်း တွေ့ရသည်။ အဆိုပါ ဝက်ဘ်ဆိုက်များမှာ သတင်းမှားများကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေသည့် Myanmar News Team ဆိုသည့် လူတစ်စုကကြိုးကိုင်လှုပ်ရှားနေသည့် ဝက်ဘ်ဆိုက်များ ဖြစ်သည်။