သတင်း

မီးရှို့ခံရသော မြင်းခြံ မန်ကျည်းစုရွာတွင် အမျိုးသမီးကြီးတစ်ဦး သေဆုံး

စစ်ကောင်စီ လက်နက်ကိုင်များက မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မန်ကျည်းစုကျေးရွာကို ယနေ့ (မေ ၂၄) တွင် မီးတင်ရှို့စဉ် ထွက်မပြေးနိုင်သော အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးကာ မသန်စွမ်းတစ်ဦး အပြင်းအထန် ဒဏ်ရာရသည်။

နိုင်ငံအလယ်ပိုင်း မြင်းခြံမြို့၏ အရှေ့မြောက်ဘက် ၁၅ မိုင်အကွာ အိမ်ခြေ ၂၅၀ ကျော်ရှိ မန်ကျည်းစုရွာကို ယနေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်ဖွဲ့ဝင်များက စစ်ထရပ်ကား ၃ စီးဖြင့် ရောက်လာစဉ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး အိမ်များကို မီးရှို့ခဲ့သည်ဟု မန်ကျည်းစုရွာသား ၃ ဦးက Myanmar Now ကို ယနေ့ ပြောသည်။

မီးလောင်သေဆုံးသူမှာ အသက် ၆၀ ကျော် ဒေါ်အေးကြိုင် ဖြစ်သည်ဟု သိရသည်။

ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းဖြစ်နေသော အသက် ၃၅ နှစ်အရွယ် ကိုခင်မောင်ဌေးလည်း မီးလောင်ကာ ဒဏ်ရာ အပြင်းအထန်ရသွားသည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦးလုံးမှာ နေအိမ်ပြင်ပသို့ ထွက်ပြေးနိုင်ခဲ့ခြင်းမရှိဟု သိရသည်။

စစ်သားများနှင့် ပျူစောထီးများက ညအချိန် ရုတ်တရက် ဝင်ရောက်လာသောကြောင့် မန်ကျည်းစုရွာ ဒေသခံများ ပစ္စည်းသိမ်းဆည်းချိန်မရဘဲ အသက်လု ထွက်ပြေးကြရကြောင်း၊ ကျေးရွာ၏ သုံးပုံနှစ်ပုံ အိမ်ခြေစုစုပေါင်း ၁၀၀ ကျော် မီးလောင်ပြာကျသွားကြောင်း နေအိမ် မီးရှို့ခံရသည့် ရွာသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးနဲ့ နှစ်ချက်ထုတယ်။ ကျန်တာတော့ လက်နက်ငယ်တွေနဲ့ ပစ်နေတာ။ အချက်ရေ များတယ်။ ပြောရရင် ဒီကောင်တွေ လူတွေအိပ်နေတဲ့အချိန်၊ လူတွေပါ သေအောင် ရည်ရွယ်ချက်ရှိရှိ မီးလာရှို့တာ”

၎င်းကိုယ်တိုင်လည်း နေအိမ်အဆောက်အအုံ ၃ လုံး၊ လယ်ယာစက်ကိရိယာများ ဖျက်ဆီးခံရသည်၊ ဆုံးရှုံးမှု ပမာဏ ကျပ်သိန်းထောင်ချီ ရှိသည်ဟု သိရသည်။

မီးလောင်မှုအတွင်း အပြင်းအထန် ဒဏ်ရာရသွားသည့် ကိုခင်မောင်ဌေးမှာ လွန်ခဲ့သည့် ၇ လဝန်းကျင်က ကျေးရွာအနီး နွားကျောင်းနေစဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးနှိပ်စက်ခံရခြင်းကြောင့် လူကောင်းပကတိမှ အောက်ပိုင်းသေသွားသူဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ရုပ်ပျက်ဆင်းပျက် မီးလောင်ကျွမ်းထားသည့် အမျိုးသမီးကြီး၏ ရုပ်အလောင်းကို ရွာခံများက ယနေ့ နံနက်တွင် သင်္ဂြိုဟ်ပေးခဲ့သည်ဟု သိရသည်။ 

မီးလောင်ထားသော မန်ကျည်းစုရွာမှ နေအိမ်တစ်လုံး။ (ဓာတ်ပုံ-ပေးပို့)

မီးလာရှို့သူများသည် စစ်ယူနီဖောင်းများ၊ အရပ်ဝတ်များ ဝတ်ဆင်ထားကြပြီး ကျောက်ကန်ကျေးရွာ ပျူစောထီးခေါင်းဆောင် လှမိုးဦးဆောင်သည့် အဖွဲ့လည်း ပါဝင်ကာ တန်ဖိုးကြီးပစ္စည်းများ စိတ်ကြိုက် မွှေနှောက်ယူဆောင်ပြီးနောက် နေအိမ်များကို ဓာတ်ဆီလောင်း မီးရှို့သွားခြင်းဖြစ်သည်ဟု အထက်ပါရွာခံက ပြောသည်။ 

မီးရှို့ရသည့် အကြောင်းရင်း

မန်ကျည်းစုကျေးရွာကို စစ်ကြောင်းထိုးစဉ် မီးလောင်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ထိုနေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီ သတင်းပေးဟု အမည်ထွက်နေသည့် မန်ကျည်းစုရွာသား ကိုမင်းမင်းဆိုသူကို တော်လှန်ရေးအဖွဲ့များက ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း၊ ထိုဖြစ်ရပ်ကြောင့် စစ်တပ်က ယင်းညမှာပင် ကျေးရွာ စီးနင်းမီးရှို့ခြင်း ဖြစ်နိုင်ကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းထားသည့် ဒေသခံတချို့က ယူဆကြသည်။

လက်ရှိတွင် မန်ကျည်းစုရွာ ဒေသခံ ၅၀၀ ကျော်သည် တောတောင်များအတွင်းနှင့် နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်နေကြောင်း အသက် ၄၀ ကျော်အရွယ် ရွာသားနောက်တစ်ဦးကလည်း ပြောသည်။

ထိုရွာသားလည်း အဆောက်အအုံ ၂ လုံး၊ ရေစုပ်စက်နှင့် လှည်းပါမကျန် မီးလောင် ဆုံးရှုံးသွားသည်၊ မီးမလောင်မီ လုပ်ငန်းသုံး နွားများကို ကြိုးဖြတ်လွှတ်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

မန်ကျည်းစုရွာကို စစ်တပ်နှင့် ပျူစောထီးများ မကြာခဏ ဝင်စီးလေ့ရှိပြီး ယခင်က ရွာအတွင်းမှ နေအိမ် ၅ လုံး မီးရှို့ခံရကြောင်း၊ ယခုတစ်ကြိမ်တွင် လောင်ကျွမ်းမှု များပြားလွန်းသဖြင့်၊ ယနေ့ နေ့လယ်အထိ မီးမငြိမ်းသေးကြောင်း မန်ကျည်းစုရွာမှ ဒေသခံအခြားတစ်ဦးက ပြောသည်။

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်း အကြမ်းဖက်ရာမှ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာရာ လက်နက်ကိုင် ခုခံမှု အားကောင်းသည့် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း မြန်မာနိုင်ငံအလယ်ဗဟိုရှိ မြင်းခြံမြို့နယ်တွင် စစ်တပ်ဩဇာခံ ပျူစောထီးအဖွဲ့များလည်း လှုပ်ရှားနေသည်၊ အနီးရှိ ကျောက်ကန်ရွာနှင့် လယ်သစ်ရွာတို့တွင် အခြေစိုက်သော ပျူစောထီးများက စစ်ကောင်စီတပ်သားများနှင့် တွဲပြီး ရွာနီးချုပ်စပ်ကျေးရွာများကို ဝင်မွှေလေ့ရှိသည်ဟု ၎င်းက ဆိုသည်။

“စကစနဲ့ တွဲပြီးတော့ နယ်မြေခံတွေကို ပြဿနာလိုက်ရှာတာ၊ လုတာယက်တာတို့၊ ဒီနယ်မြေမှာ တော်တော်လေး သောင်းကျန်းနေတာ။ လုတယ်ယက်တယ်ဆိုတာက ခရီးသွားပြည်သူတွေကို လမ်းမှာ တစ်ယောက်စ နှစ်ယောက်စ တွေ့ရင် လုတာတို့ပေါ့။ သူတို့ နိုင်မယ်ထင်တဲ့ ကျေးရွာတွေဆိုရင် ပစ္စည်းဝင်ယူတာတို့ လုပ်နေတာတော့ ကြာပြီ” ဟု ၎င်းက ရှင်းပြသည်။

စစ်ကောင်စီက ၎င်းတို့၏ လက်နက်ကိုင်များ ပြုမူပုံနှင့် ပတ်သက်ပြီး သတင်းဖော်ပြမှုများကို တုံ့ပြန်ခြင်း မရှိပေ။ သို့သော်လည်း အာဏာသိမ်း ဗိုလ်ချုပ်များက ၎င်းတို့၏ လက်နက်ကိုင်များက ပြည်သူကို အကာအကွယ်ပေးနေသည်ဟု မကြာခဏ ပြောဆိုလေ့ရှိသည်။

နိုင်ငံအလယ်ပိုင်းဒေသသည် စစ်တပ်စခန်း အများအပြားရှိခြင်း၊ မြေပြန့်လွင်ပြင်ဖြစ်သည့်အပြင် လက်နက်နှင့် ထောက်ပို့လမ်းကြောင်း ခက်ခဲခြင်းတို့ကြောင့် တော်လှန်ရေးအဖွဲ့များက ပြောက်ကျားနည်း အားပြုကာ စစ်ကောင်စီကို တိုက်ခိုက်နေသည်။

မြင်းခြံခရိုင်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၇ ခုရှိပြီး ဒေသခံကာကွယ်ရေးအဖွဲ့များနှင့်အတူ ပူးပေါင်းလှုပ်ရှားနေကြသည်။

စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူများ၏ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်တွင် အများဆုံးဖြစ်ကြောင်း မီးရှို့ခံရမှုအကြောင်း စာရင်းပြုစုနေသော Data For Myanmar အဖွဲ့၏ မတ်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button