
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့အနောက်ဘက် ကျေးရွာနှစ်ရွာကို မေ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ရာ နေအိမ် ၁၇၅ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။
ရွှေဘိုမြို့နယ်အတွင်း လာရောက် စစ်ကြောင်းထိုးနေသည့် အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိ စစ်ကောင်စီတပ်က ထိုနေ့တွင် ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာပြီး မီးရှို့ခြင်း ဖြစ်သည်ဟု သိရသည်။
ကံသစ်ကျေးရွာမှ နေအိမ် ၁၇၂ လုံး၊ ကပ်လျက် အောင်ချမ်းသာရွာမှ နေအိမ် ၃ လုံးတို့ မီးရှို့ဖျက်ဆီးခံရသည်။
“(ကံသစ်) ရွာရဲ့ အရှေ့အနောက်တောင်မြောက် အနှံ့ကို ကွက်ကျားရှို့သွားတာ။ အဲ့ဒီနေ့ကတော့ မိုးကျနေတော့ မီးကတော့ တစ်ရွာလုံးကို ကူးမသွားခဲ့ဘူး။ မိုးကျလို့ပဲ အိမ်ဆုံးရှုံးမှု သက်သာသွားတယ် ထင်တယ်” ဟု မြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကြောင်းထိုးလာစဉ် မိုင်းကွင်းအတွင်း မိုင်းထိသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး အနည်းဆုံး သေဆုံးခဲ့သည်ဟု ပကဖပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ကံသစ်ရွာရဲ့ အရှေ့ဘက်မှာ မိုင်းမိပြီး သေသွားတဲ့ လူတွေကို လမ်းအတိုင်း ဆွဲယူလာပြီး ရွာထဲက နေအိမ်တစ်လုံးထဲမှာ မီးရှို့သွားတဲ့ စစ်သားအလောင်း လေးခု တွေ့တယ်၊ သေချာ သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးတော့ ရှို့သွားတာ” ဟု သူက ပြောသည်။
ခင်ဦး-ရေဦးလမ်း ကားလမ်းဘေးမှ အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိ ကံသစ်ကျေးရွာကို စစ်တပ်က နှစ်ကြိမ် မီးရှို့ဖူးသည်။ ၂၀၂၂ မေလအတွင်း နေအိမ် ၅၂ လုံး၊ နိုဝင်ဘာလအတွင်း နေအိမ် ၇ လုံး မီးလောင်ထားသည်။

ပြီးခဲ့သည့် မေ ၁၀ ရက်ခန့်က ရေဦးမြို့နယ်မှ ထွက်လာသည့်အင်အား ၁၀၀ ဝန်းကျင် စစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ်အတွင်းသို့ ဝင်ရောက်လာပြီး ခင်ဦးအနောက်ခြမ်းကို ဖြတ်သန်းကာ ထိုကျေးရွာ နှစ်ရွာကို မီးရှို့ကြောင်း၊ မေ ၂၀ ရက်တွင် ၎င်းတို့ ထွက်ခွာခဲ့ရာ ရေဦးမြို့ပေါ်သို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ရွှေဘိုမြို့နယ် လိပ်ရကုန်းကျေးရွာမှတစ်ဆင့် နယ်မြေထိစပ်နေသော ခင်ဦးမြို့နယ် ကံသစ်နှင့် အောင်ချမ်းသာကျေးရွာတို့ထံ ရုတ်တရက် ဝင်ရောက်လာခဲ့သည့်အတွက် ကံသစ်ကျေးရွာ ဒေသခံတို့မှာ ပြင်ဆင်ချိန်မရဘဲ၊ ထွက်ပြေးခဲ့ကြရသည်ဟု ဆိုသည်။
အသက်အန္တရာယ် လွတ်ကင်းခဲ့သော်လည်း မီးရှို့ခံရကာ နေအိမ်များ၊ ပစ္စည်းများ လက်လွှတ်ဆုံးရှုံးခဲ့သည့် မိသားစုများမှာ နေထိုင်စားသောက်ရေး ခက်ခဲနေသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံလူထုမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန်များတွင် ဘေးကင်းရာသို့ ထွက်ပြေး တိမ်းရှောင်ရလေ့ရှိသည်။
လက်ရှိတွင် ကံသစ်ကျေးရွာမှ ဒေသခံများမှာ မီးလောင်သွားသည့် နေအိမ်ဝင်းအတွင်းမှာပင် ယာယီတဲငယ်များ ထိုးကာ အနီးဝန်းကျင်ကျေးရွာဒေသခံတို့၏ အထောက်အပံ့အကူအညီများဖြင့် နေထိုင်နေကြရကြောင်း သိရသည်။
၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းသည့် စစ်တပ်က လမ်းပေါ်ထွက် ဆန္ဒပြသူတို့ကို ပစ်သတ်ရာမှ လက်နက်ကိုင်တော်လှန်ရေး နိုင်ငံအနှံ့တွင် ပေါ်ပေါက်လာသည်။
တော်လှန်သူတို့ကို စစ်တပ်က အကြမ်းဖက်သမားဟု တံဆိပ်ကပ်ပြီး လိုက်လံ တိုက်ခိုက်စဉ် နေအိမ်များ မီးရှို့ခံနေရခြင်း ဖြစ်သည်။
အိမ်မီးရှို့မှုများကို လေ့လာ မှတ်တမ်းတင်နေသည့် Data for Myanmar အဖွဲ့က စစ်ကောင်စီ၏ လက်နက်ကိုင်များ လက်ချက်ကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ရှိသည်ဟု မတ် ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)