သတင်း

မော်လိုက်တွင် မြေပြင်၊ ဝေဟင် ထိုးစစ်ကြောင့် အရပ်သား ထောင်ချီ ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းကျေးရွာများကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးသည့်အပြင် လေကြောင်းမှပါ ဗုံးကြဲနေသဖြင့် ကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံ ရာထောင်ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ထော်သာရွာရှိ စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးတပ်ဖွဲ့ဝင်များ၏ စခန်း မေ ၁၂ နံနက်တွင် တိုက်ခိုက်ခံရအပြီး အနီးရှိကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည်မှာ နှစ်ပတ်ကြာပြီ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့ပြင် မြစ်အနောက်ဘက်ကမ်း မော်လိုက်မြို့ ဒီပင်္ကရာဘုရားကုန်းပေါ်တွင် တပ်ဆင်ထားသည့် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ညောင်သပြေ၊ ညောင်ဝန်း၊ လောင်းကောင်း၊ တောင်အင်း၊ သာနန်းတော၊ နန်းဖြူ၊ နန်းသီ၊ တောင် ကုန်း၊ ထော်သာ၊ ကောင်းကွေ၊ အော်ဇီးခုန်၊ မန်နွှဲ၊ အင်းတပေါင်း၊ ကံထူး စသည့်ကျေးရွာများမှ ဒေသခံတို့ နေရပ်စွန့်ခွာနေရကြောင်း သိရသည်။

လက်ရှိအချိန်တွင် အိမ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားတစ်ဦးက ယနေ့ (မေ ၂၃) တွင် Myanmar Now ကို ပြောသည်။

“တောက်လျှောက် ထိုးစစ်ဆင်နေတာ။ တိုက်ပွဲတွေက မနေ့ကအထိ တောက်လျှောက်ရှိနေသေးတယ်။ ဒေသခံတွေက မပြန်ရဲသေးဘူး။ စစ်ကြောင်းတွေကလည်း ရှိနေသေးတော့ ပြေးနေရတုန်းပဲ” ဟု သူက ပြောသည်။

ပြီးခဲ့သည့် မေ ၁၂ ရက်၊ နံနက် ၅ နာရီဝန်းကျင်တွင် စစ်တပ်နှင့် ပျူစောထီး အခိုင်အမာ တပ်စွဲထားရာ ထော်သာရွာကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး နာရီပိုင်းအကြာတွင် လေတပ်ပစ်ကူ ရောက်လာ၍ စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခွာခဲ့ရသည်။

ထို့နောက် ကလေးမြို့မှ စစ်ကား ၅ စီးဖြင့် အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ မော်လိုက်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများပါဝင်သော အင်အား ၂၀၀ ကျော် စစ်ကြောင်းက မြစ်အရှေ့ဘက်ကမ်းကို စစ်ကြောင်းထိုးလာသည်။

တောင်းအင်ရွာ၊ တောင်းတွင်းရွာ၊ နန်းဖြူရွာကြား တိုက်ပွဲများ ဆက်တိုက် ပြင်းထန်နေသည်။

စစ်ကြောင်းထိုးနေသည့် ၁၀ ရက်ကျော်အတွင်း တိုက်ပွဲဖြစ်ပွားရာနေရာများနှင့် ကျေးရွာများအနီးတစ်ဝိုက်ကို လေတပ်က အကြိမ် ၂၀ ကျော် ဗုံးကြဲခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“တောင်းအင်နဲ့ တောင်တွင်းကြားမှာ တိုက်ပွဲက ဖြစ်နေတယ်။ သူတို့က ထော်သာကို တက်တော့ လမ်းကနေ ဖြတ်တိုက်တာပေါ့။ ခုချိန်ထိ ဗုံးကြဲတာက ၂၇ လုံး ရှိသွားပြီ။ မြေပြင်ကနေလည်း စစ်သားတွေ၊ ပျူတွေလည်း တက်နေတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက မော်လိုက်မြို့နယ် မြောက်ပိုင်းတွင် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များကြား တိုက်ပွဲများပြင်းထန်ခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှု အနည်းငယ်သာ ပြုလုပ်ခဲ့ပြီး ယခုအခါ မြစ်အရှေ့ဘက်ကမ်းကို အင်အားအလုံးအရင်းဖြင့် မြေပြင်ဝေဟင် ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

စစ်ကောင်စီက ဖုန်းလိုင်းဖြတ်တောက်ထားသည့်အတွက် ဆက်သွယ်ရေး အခက်အခဲဖြစ်နေသောကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေများကို မသိရှိရသေးပေ။

ထော်သာရွာတွင် စခန်းချထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦးနှင့် ပျုစောထီး ၃ ဦး သေဆုံးကြောင်း၊ ကာဘိုင် သေနတ် ၅ လက်၊ ဗုံးသီးများအပါအဝင် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

လက်နက်ကိုင် ခုခံမှုအားကောင်းရာ ဖောင်းပြင်၊ ကျွန်းလှ၊ ကလေးဝ၊ ကလေးမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မော်လိုက်မြို့နယ်သည် တောင်ကုန်းတောင်တန်း ပေါများပြီး ကျေးရွာအများစုမှာ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအကူညီပေးရေးရုံးက ယခုလဆန်း ထုတ်ပြန်ခဲ့သည့် အချက်လက်များအရ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသည့် လူဦးရေ ၁ ဒသမ ၈ သန်းကျော် ရှိနေသည်၊ ထိုအထဲတွင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှ ၁ သန်းကျော် ပါဝင်သည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button