
ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးများတက်ရန် နေပြည်တော်ရောက်ရှိနေသော ရွေးကောက်ခံအမတ်များထံမှ ဓာတ်ခွဲနမူနာရယူပြီး ကိုဗစ်နိုင်တင်းရောဂါပိုး ရှိမရှိကို စစ်ဆေးသွားမည်ဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူကဆိုသည်။
မေ ၁၈ တွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများ ပြန်လည်ကျင်းပမည်ဖြစ်ရာ ကျန်းမာရေးစစ်ဆေးမှုခံယူရန် မေ ၁၀ တွင် အရောက်လာကြရန် ပြည်ထောင်စုလွှတ်တော်ရုံးက ခေါ်ယူထား၍ လွှတ်တော်အမတ်များမှာ နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်သည်။
လွှတ်တော်အစည်းအဝေးများ မစတင်မီ လာမည့် မေ ၁၄၊ ၁၅ နှစ်ရက်တွင် လွှတ်တော်အမတ်များထံမှ ဓာတ်ခွဲနမူနာရယူပြီး ကိုဗစ်နိုင်တင်းရောဂါပိုး ရှိမရှိကို စစ်ဆေးသွားမည်ဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမာက ပြောသည်။
ဓာတ်ခွဲနမူနာရယူရန် အခန်း ၈ ခန်း စီစဉ်ထားပြီး တစ်ခန်းစီတွင် နာရီဝက်ငါးဦးနှုန်းနှင့် ဓာတ်ခွဲနမူနာများရယူကာ ရန်ကုန်သို့ ချက်ချင်းပို့ကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် မေ ၇ တွင် လွှတ်တော်တက်မည့် တပ်မတော်သား ကိုယ်စားလှယ်အားလုံးကို တပ်မတော်က ၎င်းတို့အစီအစဉ်ဖြင့် ဓာတ်ခွဲနမူနာရယူ၍ စစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိသူ မရှိခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုထားသည်။
ယင်းအပြင် လွှတ်တော်အစည်းအဝေးများတွင်လည်း ကိုဗစ်နိုင်တင်းရောဂါကူးစက်မှု ကာကွယ်နိုင်ရန်အတွက် အစီအစဉ်များလုပ်ဆောင်ထားကြောင်း၊ အမတ်များထိုင်ရာတွင် တစ်ခုံခြားစီ ထိုင်ရမည်ဖြစ်ပြီး ယင်းအတွက်လည်း စီစဉ်ထားကြောင်း အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦးကဆိုသည်။
သို့သော် လုပ်ဆောင်ထားသည့် အစီအစဉ်အသေးစိတ်ကိုမူ မသိရပေ။
ယခုပြန်စမည့် လွှတ်တော်တွင် ဖြည့်စွက်ဘတ်ဂျက်များ တောင်းခံမှုကို အတည်ပြုရန်နှင့် ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေယူရေးကိစ္စတို့ကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါ ဖြစ်ပွားသူ ၁၈၀ ဦးရှိပြီး သေဆုံးသူ ၆ ဦး၊ ပြန်လည်ကောင်းမွန်သူ ၇၂ ဦးရှိကြောင်း၊ လက်ရှိတွင် စောင့်ကြည့်လူနာ ၃,၈၃၅ ဦး ရှိပြီး ဓာတ်ခွဲစစ်ဆေးခဲ့သူ စုစုပေါင်းမှာ ၁၁,၄၈၂ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (မေ ၁၁) နံနက်တွင် ထုတ်ပြန်ထားသည်။