အတွေးအမြင်

လူသတ်ရန် ငွေဖြုန်းပြီး လူကယ်ရန် ငွေမသုံးသည့် မင်းအောင်လှိုင်

စစ်ကောင်စီသည် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် ဒေါ်လာသန်းထောင်ချီ အသုံးပြုခဲ့သော်လည်း လူပေါင်း သန်းနှင့်ချီ ဒုက္ခဝေစေခဲ့သည့်၊ အလွန်ပြင်းထန်သော မိုခါမုန်တိုင်းသင့်ဒေသအတွက် ကူညီရန်ကိုမူ အများပြည်သူထံမှ အလှူခံလျက်ရှိသည်။

မေ ၁၇ တွင် ထွက်ပေါ်လာသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews ၏ အစီရင်ခံစာတွင် စစ်ကောင်စီသည် တရုတ်၊ ရုရှားနိုင်ငံများမှ ဒေါ်လာ သန်း ၁,၀၀၀ ဖိုး လက်နက်ပစ္စည်းများကို ဝယ်ယူခဲ့သည်ဟု ဆိုသည်။

ဝယ်ယူခဲ့သည့် စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများတွင် တိုက်လေယာဉ်များ၊ ကင်းထောက်နှင့် တိုက်ခိုက်ရေးဒရုန်းများ၊ သံချပ်ကာကားများ အဆင့်မြှင့်တင်နိုင်မည့် အစိတ်အပိုင်းများ၊ အဆင့်မြင့်ဒုံးကျည်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ ရေဒါများ၊ စစ်လက်နက်ထုတ်လုပ်နိုင်သည့် စက်ပစ္စည်းအစိတ်အပိုင်းများ ပါဝင်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုဝယ်ယူမှုကို “သေမင်းတမန် ကုန်သွယ်မှု” ဟု Tom Andrews က ရည်ညွှန်းထားပြီး ရုရှားနိုင်ငံမှ ဝယ်ယူသည့် တိုက်လေယာဉ်ဖြင့် ကလေးငယ်များအပါအဝင် လူပေါင်း ၁၆၀ နီးပါး သေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လူသတ်လက်နက်အမြောက်အမြားကို ဒေါ်လာသန်းထောင်ချီ ဝယ်ခဲ့သည့်တိုင် မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်ကို လေတိုက်နှုန်း တစ်နာရီမိုင် ၁၃၀ ကျော်နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူသန်းပေါင်းများစွာတို့ ပြန်လည်ထူထောင်ရေးအတွက်မူ ကိုယ်တိုင် အားစိုက်ထုတ်ခြင်း မရှိပေ။

နိုင်ငံအတွင်း ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ၂၀၂၃ ခုနှစ်အတွင်း လူပေါင်း ၄ သန်းခွဲ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး UNOCHA က မေ ၁၇ တွင် ထုတ်ပြန်ထားသည်။

မုန်တိုင်းလာနေသည့် ကာလတွင် လေဘေးအန္တရာယ် ကာကွယ်ရန် စစ်ခေါင်းဆောင်သည် လုံလောက်သည့် လုံ့လစိုက်ထုတ်ခဲ့ခြင်းမရှိဘဲ ဘုရားဖူးထွက်နေခဲ့သည်။

ဆိုင်ကလုန်းကြောင့် လူပေါင်း ၁၆ သန်း ထိခိုက်မည်၊ ထောင်ပေါင်းများစွာသော နေအိမ်များ ပျက်စီးမည်ဟု ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအန္တရာယ်သတိပေးချက်နှင့် ညှိနှိုင်းဆောင်ရွက်ရေးစနစ် GDACS၊ ကုလသမဂ္ဂ ဂြိုဟ်တိုင်းထွာရေးအဖွဲ့ UNOSAT တို့က ခန့်မှန်းထုတ်ပြန်ခဲ့သည့်တိုင် စစ်ခေါင်းဆောင်က လျစ်လျူရှုခဲ့သည်။

ယင်းထိန်းချုပ်ထားသည့် သတင်းစာများတွင် မုန်တိုင်းကြောင့် ပျက်စီးရသည့် ကျေးရွာပေါင်း ၁,၁၀၀၊ အိမ်ခြေပေါင်း ၄၅,၀၀၀ နီးပါး၊ စာသင်ကျောင်း ၃၅၀ နီးပါး ပျက်စီးသည်ဟု ဆိုသည်။ အရေအတွက်မှာ ထို့ထက်လည်း များနိုင်သည်။ မုန်တိုင်းမဝင်မီ လုံလောက်သည့် ပြင်ဆင်မှုများ၊ ကာကွယ်မှုများ မတွေ့ခဲ့ရပေ။

ယခုမူ မုန်တိုင်းကြောင့် ထိုခိုက်ပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ် ၁၇ မြို့နယ်၊ ချင်းပြည်နယ် ၄ မြို့နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်သည့် မြို့နယ်များအဖြစ် သတ်မှတ်ကာ ထိုသူများကို အကူအညီပေးရန် သတင်းစာများမှတစ်ဆင့် ပြည်သူအများ အလှူငွေထည့်ဝင်ကြရန် တိုက်တွန်းခြင်းသာ တတ်နိုင်တော့သည်။

ထို့ပြင် စစ်ကောင်စီက မုန်တိုင်းသင့်ဒေသများကူညီရေး ကုလအဖွဲ့များကို သွားလာခွင့် မပေးသေးကြောင်း ကုလအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

“ရှေ့လျှောက် လုပ်စရာတွေ အများကြီးရှိနေတယ်။ မုန်တိုင်းသင့်ပြည်သူတွေဆီ အရောက်သွားနိုင်ဖို့ အာဏာပိုင်တွေဆီကနေ ခရီးသွားလာခွင့် လိုပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းတွေအတွက် အကောက်ခွန် ကင်းရှင်းပေးဖို့လည်း လိုပါတယ်” ဟု ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Ramanathan Balakrishnan က ယခုလ ၁၆ ရက်နေ့တွင် ပြောသည်။

လုံခြုံရေးအပြည့်ပါသော ယာဉ်တန်းဖြင့် စစ်ကောင်စီဝန်ကြီးများ လှည့်လည်ကြည့်ရှုနေသော်လည်း ထိရောက်သောအကူအညီပေးသည်ကို မတွေ့ရကြောင်း စစ်တွေမြို့ခံတစ်ဦးက မေ ၁၈ ရက်တွင် ပြောသည်။

“လူကြီးဆိုသူတွေ လာတဲ့အချိန် ကားအချက်ပေးသံသာ ကြားရတာ။ ပြည်သူတွေကို အခုထိ ဘာမှ မလုပ်ပေးသေးဘူး။ ဓာတ်တိုင်တွေ မဖယ်သေးလို့ လမ်းပိတ်နေတယ်။ ဒီအချိန်မှာ ဘယ်သူ့ကိုမှ မမျှော်လင့်တော့ဘူး”

လူ ၄ သန်းခွဲကို အရေးပေါ်ကယ်ဆယ်ရန် အမေရိကန်ဒေါ်လာ ၇၆၄ သန်း လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မေလ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။ ထိုလိုအပ်ငွေ၏ ၁၀ ရာခိုင်နှုန်းသာ ရရှိသေးကြောင်းလည်း ဆိုသည်။

တစ်နာရီမိုင် ၁၃၀ ကျော်နှုန်းဖြင့် တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းနှင့် အနီးဆုံး စစ်တွေမြို့ကို ၉၀ ရာခိုင်နှုန်း ပျက်စီးစေခဲ့ကြောင်း သတင်းများက ဆိုသည်။ ထိုမြို့အနီးတွင် ရိုဟင်ဂျာဒုက္ခသည်စခန်း ၁၃ ခု ရှိပြီး ခိုလှုံနေသူအရေအတွက် တစ်သိန်းကျော်ရှိသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ရိုဟင်ဂျာရွာ ဘာဆာလာ ပျက်စီးဆုံးရှုံးမှုများကို မိုခါမုန်တိုင်းဝင်အပြီး နှစ်ရက်အကြာ မေ ၁၆ ရက်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ- SAI AUNG MAIN/AFP via Getty Images)

ထိုသူများကို အကူအညီပေးနိုင်ရန် ဒုက္ခသည်စခန်းများ၏ အခြေအနေကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် ဝင်ရောက်စိစစ်ရေးအတွက် စစ်ကောင်စီထံမှ ခွင့်ပြုချက်ရရန် ကြိုးပမ်းနေဆဲဖြစ်သည်ဟု UNHCR ပြန်ကြားရေးအရာရှိ Reuben Lim က မေလ ၁၆ ရက်နေ့က ပြောဆိုထားသည်။

နိုင်ငံတကာတွင် သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်ပါက ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် အရေးပေါ်ရန်ပုံငွေကို ချက်ချင်းထုတ်သုံးကာ အလျင်အမြန် ဖြေရှင်းလေ့ရှိသည်။ သို့သော် မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်း စစ်ကောင်စီသည် ထိုသို့ဖြေရှင်းရန် စဉ်းစားခြင်းမရှိဘဲ ပြည်သူများကို အလှူငွေထည့်ဝင်ကြရန်သာ တွင်တွင်အော်နေသည်။

အာဏာတည်မြဲရန် ဥပဒေပေါင်းမြောက်မြားစွာကို အာဏာသိမ်းကာလ ၂ နှစ်အတွင်း ပြင်ခြင်း၊ ဖျက်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းနှင့် တည်မြဲအမိန့်များကိုလည်း ထုတ်ပြန်ခဲ့သည်။ ထိုအထဲတွင် ၂၀၂၂ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတည်မြဲအမိန့်လည်း ပါဝင်ပြီး ထိုအမိန့်တွင် သဘာဝဘေးအန္တရာယ် အရေးပေါ်ရန်ပုံငွေဖြင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်သည်ဟု ပါရှိသည်။

ထို့ပြင် ၂၀၂၃ − ၂၀၂၄ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် ပြည်နယ်နှင့်တိုင်း တစ်ခုချင်းစီအတွက် အရေးပေါ်ရန်ပုံငွေ ကျပ်သန်း ၁,၀၀၀ စီ သုံးစွဲနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ သို့သော် စစ်ခေါင်းဆောင်သည် ကိုယ်တိုင်ထုတ်ပြန်ထားသည့် တည်မြဲအမိန့်နှင့် ဥပဒေများကို လျစ်လျူရှုထားပြီး အရေးပေါ်ရန်ပုံငွေ ထုတ်သုံးရမည်ကိုလည်း မေ့လျော့ဟန်ဆောင်​လျက်ရှိသည်။

အလှူရှင်များထံမှ အလှူငွေလက်ခံနေသည့် စစ်ခေါင်းဆောင်။

၂၀၂၃ − ၂၀၂၄ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် ကာကွယ်ရေးအတွက် ကျပ်သန်းပေါင်း ၅,၆၃၅,၁၀၂ သန်း သုံးမည်ဟု ပြဋ္ဌာန်းထားသည်။ ထိုကာကွယ်ရေးစရိတ်သည် အများပြည်သူ ကျန်းမာရေးစရိတ်နှင့် နှိုင်းယှဉ်ပါက ၇ ဆနီးပါး များပြားနေသည်ကို တွေ့ရသည်။

သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ တိုက်ရိုက်သက်ဆိုင်သည့် ဝန်ကြီးဌာနသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဖြစ်သည်။ ထိုဌာနအတွက် စစ်ကောင်စီ၏ ၂၀၂၃ − ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်မှာ ကျပ်သန်း ၈၂,၀၂၀ ဖြစ်သည်။ ထိုအသုံးစရိတ်သည် ကာကွယ်ရေးအသုံးစရိတ်နှင့် နှိုင်းယှဉ်ပါက အဆပေါင်း ၆၈ ဆ နည်းပါးသည်ကို တွေ့ရသည်။

စစ်ခေါင်းဆောင်သည် ကာကွယ်ရေးအသုံးစရိတ်ကို အဆပေါင်းများစွာ အသုံးပြုပြီး ပြည်သူများအတွက် ကျန်းမာရေးအသုံးစရိတ်၊ ပညာရေးအသုံးစရိတ်နှင့် ဖွံ့ဖြိုးရေးအသုံးစရိတ်များကို အဆမတန် လျှော့ချထားသည်ကို ၂၀၂၃ − ၂၀၂၄ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် တွေ့ရသည်။

ကာကွယ်ရေးအသုံးစရိတ်ကို အခြားစရိတ်များထက် အဆပေါင်းများစွာ သုံးကာ လူသတ်လက်နက်များ ဝယ်ပြီး ငွေဖြုန်းနေသည်။ ယခု သဘာဝဘေးကျရောက်သည့်အခါ သန်းပေါင်းများစွာသော ပြည်သူများကို ကယ်တင်ရန် ရန်ပုံငွေပင် ထုတ်မသုံးဘဲ ပြည်သူများ အလှူငွေထည့်ဝင်ရန်သာ တွင်တွင်ပြောနေရာ စစ်ခေါင်းဆောင်၏ ပြည်သူများအပေါ် ထားသည့် သဘောထားကို မှန်းဆနိုင်သည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဝင်ချိန်ကလည်း ပြည်သူတို့သည် စစ်ဗိုလ်ချုပ်များ၏ လူမဆန်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

မြစ်ချောင်း ပေါများသော မြစ်ဝကျွန်းပေါ်ဒေသသို့ မုန်တိုင်းလာမည်ကို ကြိုတင် သိရှိသော်လည်း စစ်ဗိုလ်ချုပ်များသည် ကြိုတင်ကာကွယ်ခြင်း မပြုခဲ့ကြပေ။

အင်တာနက်၊ တယ်လီဖုန်း စသည့် ဆက်သွယ်ရေးနည်းလမ်းများ အားနည်းသည့် ထိုကာလတွင် အရပ်ဘက်အဖွဲ့ ဖွဲ့စည်းလှုပ်ရှားမှုလည်း အားနည်းခဲ့ရာ အရပ်သားများကြားတွင်လည်း ကြိုတင်ကာကွယ်ခြင်း၊ မြေမြင့်ဒေသသို့ တိမ်းရှောင်ခြင်း မလုပ်နိုင်ခဲ့ပါ။

စစ်ဗိုလ်ချုပ်များကလည်း ၎င်းတို့အာဏာ ဆက်ထိန်းနိုင်ရေးကို သေချာစေမည့် ၂၀၀၈ အခြေခံဥပဒေ အတည်ပြုရေးအတွက်သာ ဦးစားပေးခဲ့ကြသည်၊ မုန်တိုင်းပြီးပြီးချင်း အတည်ပြုလိုက်သော ထိုဥပဒေကို နာဂစ်အခြေခံဥပဒေဟု နားလည်ထားကြသည်။

ထိုစဉ်က မုန်တိုင်းအလွန်ကာလ အရေးပေါ်ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ခွင့်ရရှိရန်အတွက် နိုင်ငံတကာအဖွဲ့တချို့က စစ်ဗိုလ်ချုပ်များကို တောင်းပန်ခဲ့ကြရသည်။

ယခုလည်း နာဂစ်ကဲ့သို့ ပြင်းထန်သည့် မုန်တိုင်းနှင့် မြန်မာပြည်သူတို့ ရင်ဆိုင်ရပြန်သည်။ ပိုမိုကံဆိုးသည်မှာ အရေးပေါ်ကာလတွင် အာဏာကို ကိုင်ထားသူမှာ အရပ်သားအစိုးရ မဟုတ်ဘဲ ပြည်သူကို နေ့စဉ် သတ်ဖြတ်နေသည့် စစ်ဗိုလ်ချုပ်များ ဖြစ်နေခြင်းပင်။

ရခိုင်ဒေသ မုန်တိုင်းသင့်ပြည်သူများကို ကူညီခွင့်ရရန် နိုင်ငံတကာအဖွဲ့များက စစ်ဗိုလ်ချုပ်များကို ထပ်မံ တောင်းပန်ရဦးမည် ဖြစ်သည်။

နာဂစ်ကာလကကဲ့သို့ပင် ဗိုလ်ချုပ်ကြီးများက မုန်တိုင်းသင့်ဒေသ ကူညီမည့်သူများကို ဟန့်တားခြင်း၊ စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်း စသည့် အမှုများ ကျူးလွန်လျှင်လည်း အံ့သြစရာ မဟုတ်တော့ပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button