သတင်း

ပိုးတွေ့နောက်ဆုံးလူနာ အလည်လာဖူးသည်ဆိုသော ကျောက်တန်းရှိဟိန္ဒူရွာကို အဝင်အထွက်ပိတ်

ကိုဗစ်နိုင်တင်းရောဂါပိုးနောက်ဆုံးတွေ့ရှိခဲ့သည့် လူနာအမှတ် ၁၆၁ အလည်လာခဲ့ဖူးသည်ဆိုသော ကျောက်တန်းမြို့နယ် ပီလခတ်ကျေးရွာ (ဟိန္ဒူပိုင်း) ကို ယနေ့ (မေ ၆) နေ့လယ်တွင် အဝင်အထွက်ပိတ်ချလိုက်ပြီဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်နိုင်က ပြောသည်။

မြို့နယ်ကျန်းမာရေးဌာန၏ မေးမြန်းချက်အရ လူနာအမှတ် ၁၆၁ သည် လွန်ခဲ့သော နှစ်လခန့်က ပီလခတ်ကျေးရွာရှိ ပစူးပဒီးအမည်ရှိ ရွာသားတစ်ယောက်နှင့် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရသော်လည်း ပစူးပဒီးက အဆိုပါလူနာမှာ ၂၀၁၃-၂၀၁၄ ခုနှစ်အတွင်းက ဘုရားကျောင်းတွင် ထမင်းချက်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း မလာခဲ့ကြောင်း ပြန်လည်ငြင်းဆိုသည်ဟု ၎င်းကပြောသည်။

“သူတို့နှစ်ယောက်ကိုတွေ့ပြီးမှ အဖြေပေါ်မယ်လေ၊ ကျွန်တော်တို့ အခုဒီမှာ သံသယနဲ့ပဲ လော့ဒေါင်းချနေပြီ” ဟု အုပ်ချုပ်ရေးမှူးကပြောသည်။

အဆိုပါ အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သော ကိုဗစ်နိုင်တင်းအတည်ပြုလူနာ နံပါတ် ၁၆၁ မှာ အင်းစိန်မြို့နယ်တွင်နေထိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မေ ၄ တွင်ထုတ်ပြန်သော်လည်း အဆိုပါလူနာမှာ ယင်းလိပ်စာတွင် နေထိုင်ခြင်းမရှိသည်မှာ ကြာပြီဖြစ်ကြောင်းတွေ့ရပြီး ၎င်း၏နေရပ်လိပ်စာကို မသိရှိရသေးကြောင်း လွှတ်တော်ကိုယ်စားလှယ်များက အတည်ပြုပြောဆိုသည်။

အဆိုပါလူနာမှာ ကန့်သတ်စောင့်ကြည့်စင်တာသို့ ရောက်လာချိန်ကလည်း ဖုန်းနံပါတ်၊ လိပ်စာများပေးရန် ပြောရာတွင် မရှိဟုဆိုကာ ငြင်းဆိုခဲ့ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ လာရောက်ကာ အတင်းအကျပ်မေးမြန်းမှသာ အင်းစိန်တွင်နေသည်ဆိုပြီး လိပ်စာပေးခဲ့ကြောင်း အဆိုပါစင်တာမှ တာဝန်ရှိသူက ဆိုသည်။

၎င်းကို ဓာတ်ခွဲနမူနာရယူစစ်ဆေးရာတွင် ပထမအကြိမ်၌ရောဂါပိုးရှိကြောင်း မပေါ်ပေါက်ဘဲ စောင့်ကြည့်ကာလ ၂၁ ရက်ပြီးရန် ရက်ပိုင်းအလို ထပ်မံစစ်ဆေးချိန်မှသာ ရောဂါပိုးရှိကြောင်း စစ်ဆေးပေါ်ပေါက်ခြင်းဖြစ်သည်။

ယခုအချိန်အထိ အဆိုပါလူနာနေထိုင်သောနေရာကို မသိရှိသေးသဖြင့် ထိတွေ့ခဲ့သူများကို စုံစမ်းရခက်ခဲနေသော်လည်း ကျောက်တန်းမြို့နယ် ပီလခတ်ကျေးရွာသို့ လာရောက်ဖူးကြောင်း သိရှိရသဖြင့် ကျေးရွာကို လော့ဒေါင်းချလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၅ ရက်နေ့က ပီလခတ်ကျေးရွာ ဟိန္ဒူဘုရားပွဲတော်တွင် နယ်ဝေးမှ ဘုရားဖူးများ ရောက်လာပြီး လူစုလူဝေးဖြစ်ပွားခဲ့သည်ကို တားမြစ်ခဲ့ရကြောင်း ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ဧပြီ ၆ ရက်နေ့တွင် Myanmar Now ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

ထိုနေ့(ဧပြီ ၆)အထိ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း ရောဂါပိုးကူးစက်ခံရသူ ၂၁ ဦးရှိကာ ပိုးတွေ့တစ်ဦးသေဆုံးထားသည်။

လူနာအမှတ် ၁၆၁ သည် ဧပြီလဆန်းအတွင်း ဘုရားပွဲသို့လာခဲ့သည်ကို မတွေ့ခဲ့ရကြောင်း ထိုသူ၏ဓာတ်ပုံကို မြင်ရပြီးသည့်နောက် အတည်ပြုနိုင်သည်ဟု ပီလခတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က ပြောသည်။

Myanmar Now က ဒေါ်အေးမြမြမျိုးထံသို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားပြီး ကျောက်တန်းမြို့နယ် ကျန်းမာရေးဌာနဦးစီးမှူး ဒေါက်တာမို့မို့ခိုင်ကမူ အစည်းအဝေးခန်းထဲတွင် ဖုန်းလိုင်းမကောင်းသဖြင့် နောက်မှဆက်သွယ်ရန် ပြောခဲ့သည်။

ပီလခတ် ဟိန္ဒူဘုရားကျောင်းကိုလည်း မေ ၆ နေ့လယ် တစ်နာရီခွဲတွင် အဝင်အထွက်ပိတ်ချလိုက်ပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသံခဲဘဲလူးက အတည်ပြုသည်။

“လူနာကတော့ ဒီမလာဘူးဗျာ သူတို့ကတော့ လိပ်စာပေးပြီး ပီလခတ်ဘုရားကျောင်းသွားလိုက်တယ်ဆိုပြီး ပြောလိုက်တယ်။ ရွာခံလည်း မဟုတ်ဘူး ဒီမှာလည်းသူရှိတာလည်းမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

ဘုရားကျောင်းလူအဝင်အထွက်ကို စစ်ဆေးရန် ရှိ၊ မရှိ မေးမြန်းရာ CCTV ပျက်နေသည်မှာ တစ်လခန့်ရှိပြီဖြစ်ကြောင်း၊ ယခုနှစ်တွင် ဘုရားပွဲကို ကျင်းပခဲ့ခြင်းမရှိကြောင်း ဂေါပက ကထပ်ပြောသည်။

အသက် ၅၅ နှစ်အရွယ် ပစူးပဒီးသည် လယ်ကွင်းတွင် မိသားစု ၆ ယောက်ခန့်နှင့်အတူ နေထိုင်သူဖြစ်ပြီး ၎င်း၏နေအိမ်မှာ ရွာထဲမှ မိနစ် ၂၀ ခန့် လမ်းလျှောက်သွားရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးကဆိုသည်။

လက်ရှိ အဝင်အထွက်ပိတ်ချထားသော ပီလခတ်ကျေးရွာ (ဟိန္ဒူပိုင်း) တွင် လူဦးရေ ၈၀၀ ခန့် (အိမ်ခြေ ၅၅ လုံး) ရှိပြီး အများစုမှာ လယ်သမားများဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး၏ပြောပြချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါ ဖြစ်ပွားသူ ၁၆၁ ဦးရှိပြီး သေဆုံးသူ ၆ ဦး၊ ပြန်လည်ကောင်းမွန်သူ ၄၉ ဦးရှိကြောင်း၊ လက်ရှိတွင် စောင့်ကြည့်လူနာ ၃,၃၆၀ ဦး ရှိပြီး ဓာတ်ခွဲစစ်ဆေးခဲ့သူ စုစုပေါင်းမှာ ၉,၀၃၇ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (မတ် ၆) နံနက်တွင်ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button