သတင်း

ကိုဗစ်ကာလ အလုပ်မဆင်းရသည့် ကိုယ်ဝန်ဆောင်များအား လူမှုဖူလုံရေးစရိတ်ပေးမည်

ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာနက၏လမ်းညွှန်ချက်အရ အလုပ်မဆင်းရသည့် ကိုယ်ဝန်ဆောင် အလုပ်သမားများအား သတ်မှတ်လစာ၏ ၆၀ ရာခိုင်နှုန်းကို လူမှုဖူလုံရေးအဖွဲ့က လူမှုဖူလုံရေးရန်ပုံငွေမှ ထောက်ပံ့မည်ဟု ၎င်းအဖွဲ့ကကြေညာသည်။

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက မတ် ၃၀ ရက်စွဲဖြင့် ထုတ်ပြန်သည့် အလုပ်ရှင်များသို့လမ်းညွှန်ချက်များတွင် ကိုယ်ဝန်ဆောင်မိခင်များ အလုပ်ခွင်သို့မလာရဆိုသည့် အချက်လည်းပါဝင်သည်။

ပုံမှန်အားဖြင့် မီးမဖွားမီ သီတင်းခြောက်ပတ် (တစ်လခွဲ) နှင့် မီးဖွားပြီးနောက် သီတင်းရှစ်ပတ် (နှစ်လ) မှသာ ကိုယ်ဝန်ဆောင်များ မီးဖွားခွင့်စတင်ခံစားနိုင်သည်ဟု ၂၀၁၂ လူမှုဖူလုံရေးဥပဒေကဆိုထားသော်လည်း ယခုရရှိမည့် ခံစားခွင့်တွင်မူ မီးမဖွားမီ ၆ ပတ်ခွင့်တွင် အကျုံးမဝင်သေးသော ကိုယ်ဝန်သက်တမ်းနုသည့် အမျိုးသမီးများ အတွက် ကျန်းမာရေးဆိုင်ရာ အကျိုးခံစားခွင့်အဖြစ် သတ်မှတ်ပေးခြင်းဖြစ်သည်။

ယင်းအတွက် ကိုယ်ဝန်ဆောင်များအနေဖြင့် အများဆုံး သီတင်း ၂၆ ပတ် (ခြောက်လ) ကြာအလုပ်နားခွင့်နှင့် ထည့်ဝင်ကြေးပေးထားသည့် လုပ်ခလစာ၏ ၆၀ ရာခိုင်နှုန်း ထောက်ပံ့ကြေးငွေ ရရှိနိုင်မည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအောက်ရှိ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက Myanmar Now ကို ပြောသည်။

သို့သော်ယင်းခံစားခွင့် ရရှိရန်အတွက် လူမှုဖူလုံရေး မှတ်ပုံတင်သက်တမ်း ခြောက်လရှိရမည်ဖြစ်ပြီး ထည့်ဝင်ကြေးလေးလစာ အနည်းဆုံးပေးဆောင်ထားရမည်ဖြစ်ကြောင်း ဦးမောင်မောင်အေး ကဆိုသည်။

လူမှုဖူလုံရေး၏ထုတ်ပြန်ချက်တွင် လနုသော ကိုယ်ဝန်ဆောင်များကို ကိုယ်ဝန်ရှိမရှိ UCG (ဆီးစစ်တံ) ဖြင့် စစ်ဆေးအတည်ပြုရန်၊ သီတင်း ရှစ်ပတ်တစ်ကြိမ်နှုန်း တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ထပ်မံနားရန်လိုအပ်ပါက အများဆုံး ၂၆ ပတ်အထိ အကျိုးခံစားခွင့်ပြုရန်၊ မီးဖွားခွင့်နှင့် အကျုံးဝင်သည့်ကာလရောက်သောအခါ ကျန်းမာရေးဆိုင်ရာ အကျိုးခံစားခွင့်ကိုရပ်ဆိုင်း၍ မီးဖွားခွင့်သို့ပြောင်းလဲပေးရန်ဟု ဖော်ပြထားသည်။

အလုပ်သမားများ၏ လူမှုဖူလုံရေးကြေးမှာ မူရင်းရရှိသည့်လစာပေါ်တွင် ကောက်ခံခြင်းမဟုတ်ဘဲ အများဆုံးကျပ်သုံးသိန်း အထိသာသတ်မှတ်၍ လူမှုဖူလုံရေးကြေးကောက်ခံခြင်းဖြစ်သည်။ ယင်းကြောင့်ထောက်ပံ့ကြေးပေးရာတွင်လည်း လူမှုဖူလုံရေးကြေး ကောက်ခံသည့်လစာပေါ်တွင်သာ တွက်ချက်ပေးလေ့ရှိသည်ဟု လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနွဲ့က ပြောသည်။

“သူတို့ရထားတဲ့ လစာရဲ့ ၆၀ ရာခိုင်နှုန်းတော့ ဘယ်ရမှာလဲ။ ကျွန်မတို့ဆီမှာ သူလုပ်ခလစာတစ်သိန်းနဲ့သွင်းရင် တစ်သိန်းရဲ့ ၆၀ ရာခိုင်နှုန်းပဲရမှာ။ ငါးသောင်းသွင်းရင် ငါးသောင်းရဲ့ ၆၀ ရာခိုင်နှုန်းပဲရမှာ” ဟု ၎င်းက ဆိုသည်။

သို့သော်ကျန်ရှိသည့် ၄၀ ရာခိုင်နှုန်းကို အလုပ်ရှင်ဘက်က ကျခံရန်ရှိမရှိကိုမူ တိကျစွာမသိရပေ။

ဓာတ်ပုံ CTUM

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးရှိ လူမှုဖူလုံရေးကြေး ထည့်ဝင်ထားသည့် ကိုယ်ဝန်ဆောင်အလုပ်သမား စာရင်းကို ကောက်ယူနေရာ ဧပြီ ၂၉ ရက်ထိ ၁၈၁၂ ဦး ရှိပြီး ရုံးသို့ လာရောက်အကျိုး ခံစားခွင့်ရယူသူများရှိနေပြီဟု ဒေါ်သန်းသန်းနွဲ့က ဆိုသည်။

အလုပ်သမားအရေးကူညီပေးနေသည့် အရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် အနာဂတ်အလင်းတန်းဆုံမှတ်၏ ဒါရိုက်တာ ဒေါ်သက်သက်အောင်က ကိုယ်ဝန်ဆောင် စက်ရုံအလုပ်သမများမှာ အဆိုပါအခွင့်အရေးကို ရရှိရန် အခွင့်အလမ်းနည်းပါးကြောင်းဆိုသည်။

ပဲခူးတိုင်းရှိစက်ရုံတစ်ခုက ကိုယ်ဝန်ဆောင်အလုပ်သမတစ်ဦးကို အစိုးရထုတ်ပြန်သော ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ရေးသတ်မှတ်ချက်ကို အကြောင်းပြ၍ အလုပ်ထုတ်လိုက်သဖြင့် ၎င်းတို့ထံ လာရောက်တိုင်ကြားမှု ရှိခဲ့ကြောင်း ဒေါ်သက်သက်အောင်က ဆိုသည်။

ကိုဗစ်နိုင်တင်းရောဂါ မဖြစ်ပွားမီကာလကတည်းကပင် စက်ရုံများ၌ အလုပ်လုပ်နေသည့် အချို့သော ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ကိုယ်ဝန်ပျက်ကျလျှင်ပင် ဥပဒေပါ လူမှုဖူလုံရေးအကျိုးခံစားခွင့်ကို မရရှိကြောင်း Myanmar Now ၏ ဇန်နဝါရီထုတ် သတင်းဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM (အမျိုးသမီးစင်တာ) ၏ စာရင်းများအရ စက်ရုံတွင်း ကိုယ်ဝန်ပျက်ကျပြီး ခွင့်ရက် မခံစားရသည့် အမှုများနှင့် ပတ်သက်၍ စင်တာသို့ လာရောက် အကူအညီတောင်းခံမှုများမှာ ၂၀၁၇ မှ ၂၀၂၀ ဇန်နဝါရီအထိ သုံးနှစ်ခန့်အတွင်း အမှုပေါင်း ၁၀၀ ကျော် ရှိခဲ့ကြောင်းလည်း အဆိုပါ သတင်းဆောင်းပါးတွင် ဖော်ပြထားသည်။

လူမှုဖူလုံရေးအဖွဲ့က ကိုယ်ဝန်ဆောင်များအတွက် အကျိုးခံစားခွင့်အပြင် ကိုဗစ်နိုင်တင်းရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်ကန့်သတ်ခံရသူ အလုပ်သမားများ၊ ကိုဗစ်နိုင်တင်းရောဂါကြောင့်အပါအဝင် မကျန်းမာသူများကိုလည်း ထောက်ပံ့ကြေးပေးအပ်မည်ဖြစ်ကြောင်း၊ အစိုးရညွှန်ကြားချက်အရ ဧပြီ ၂၀ မှ ၃၀ အထိ ပိတ်ထားရသည့် စက်ရုံနှင့် အလုပ်ဌာနမှ အလုပ်သမားများကိုလည်း အကျိုးခံစားခွင့်ပေးမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ကဆိုသည်။

သို့သော် လူမှုဖူလုံရေးကြေး ထည့်ဝင်ထားသူများသာ ယင်းအခွင့်အရေးများ ခံစားခွင့်ရမည်ဖြစ်သည်။

Related Articles

Back to top button