သတင်း

စက်ရုံပိတ်ရက်များအတွက် အလုပ်သမားလစာကို လူမှုဖူလုံရေးကပေးမည်

အစိုးရ၏ညွှန်ကြားချက်အရ ပိတ်ထားရသည့် စက်ရုံ၊အလုပ်ရုံများမှ အလုပ်သမားများအတွက် သင်္ကြန်လွန်ကာလပိတ်ရက် လုပ်အားခကို လူမှုဖူလုံရေးအဖွဲ့က ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အရာရှိတစ်ဦးကပြောသည်။

ယင်းသို့ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း ကိုက်ညီမှုရှိ၊မရှိ စစ်ဆေးပြီး ကိုက်ညီသည့် အလုပ်ဌာနများကိုသာ ပေးအပ်မည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်အုန်းကပြောသည်။

စက်ရုံ၊အလုပ်ရုံများကို ဧပြီ ၂၀ မှ ၃၀ ရက်နေ့အတွင်းပိတ်ထားရန်နှင့် ပိတ်ရက်များအတွင်း ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့က စစ်ဆေးသွားမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စက်ရုံ၊အလုပ်ရုံများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဟု ဧပြီ ၁၉ တွင် အစိုးရကထုတ်ပြန်ခဲ့သည်။  

ယင်းသို့ထုတ်ပြန်ခဲ့သော်လည်း စက်ရုံအချို့မှာ ဆက်လက်ဖွင့်လှစ်ခဲ့ပြီး စက်ရုံအများစုကမူ စစ်ဆေးပြီးချိန်တွင် ပြန်လည်ဖွင့်ခွင့်ရသဖြင့် စက်ရုံတစ်ခုနှင့်တစ်ခုမှာ ပိတ်ရက်များမတူပေ။

ယင်းကြောင့် အလုပ်သမားလစာများကို ပိတ်ရက်များအတွက်သာတွက်ချက်ပြီး လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကို လူမှုဖူလုံရေးအဖွဲ့က ကျခံပေးမည်ဖြစ်ကြောင်း၊ သို့သော်လူမှုဖူလုံရေး ထည့်ဝင်ကြေးသွင်းနေသူများဖြစ်ရမည်ဟု စည်းကမ်းချက်တွင်ပါဝင်ကြောင်း ဒေါ်ယဉ်ယဉ်အုန်းကဆိုသည်။

“အလုပ်ရှင်ကနေပြီး အလုပ်သမားစုစုပေါင်း ထည့်ဝင်ကြေးသွင်းထားတာ ဘယ်လောက်ရှိပါတယ်။ အဲဒီအတွက် ၄၀ ရာခိုင်နှုန်း ထုတ်ယူခွင့်ပြုပါရန်ဆိုပြီး လျှောက်ရမှာပါ” ဟု ၎င်းကဆက်ပြောသည်။

အချို့အလုပ်ရှင်များမှာ လူမှုဖူလုံရေးကြေး မသွင်းထားသည်များရှိကြောင်း ယင်းစက်ရုံမျိုးဆိုပါက စက်ရုံပိုင်ရှင်က လုပ်အားခပေးရန် အစိုးရကပြောဖို့လိုအပ်ကြောင်း မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများပေါင်းစုံ၊ အလုပ်သမားသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကဆိုသည်။

သမဂ္ဂအနေဖြင့် သတ်မှတ်ချက်နှင့်အကျုံးဝင်သည့် အလုပ်သမားအားလုံး ရရှိစေရန် တောင်းဆိုသွားမည်ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ ၂၀၁၂ လူမှုဖူလုံရေးဥပဒေအရ အာမခံစနစ် ခြောက်မျိုးရှိသော်လည်း လက်ရှိတွင် ကျန်းမာရေးနှင့်လူမှုရေး စောင့်ရှောက်မှုအာမခံစနစ်၊ လုပ်ငန်းခွင်ထိခိုက်မှုအာမခံစနစ် တို့အတွက် အလုပ်ရှင်က ၃ ရာခိုင်နှုန်း၊ အလုပ်သမားက ၂ ရာခိုင်နှုန်းဖြင့် လစဉ်ထည့်ဝင်ရခြင်းဖြစ်သည်။

လုပ်ငန်းများအနေဖြင့် လူမှုဖူလုံရေးအာမခံအတွက် လစဉ်ပေးသွင်းကြရမည်ဖြစ်ပြီး အလုပ်ရှင်က ထည့်ဝင်ကြေးငွေနှင့် ပျက်ကွက်လျှင်ပေးရသည့် ဒဏ်ကြေးများကိုပေးသွင်းရန် တမင်ပျက်ကွက်ပါက တရားစွဲဆိုခြင်းခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက တစ်နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button