
အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကို ဧပြီ ၂၅ က ဖွဲ့စည်းလိုက်ပြီးနောက် ပထမအဆင့်အဖြစ် စေတနာ့ဝန်ထမ်းစာရင်း ကောက်ယူရာတွင် အငြင်းပွားမှုဖြစ်ပေါ်နေခြင်းအပေါ် ထိုသို့ကောက်ယူနေခြင်းမှာ ကူညီထောက်ပံ့ရန်သာဖြစ်ပြီး ထိန်းချုပ်ကန့်သတ်ရန်မဟုတ်ဟု အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ထိုဦးဆောင်အဖွဲ့က ယင်းသို့ကောက်ယူမှုအပေါ်တွင် ပရဟိတအဖွဲ့အစည်းများကို အစိုးရကထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းလားဟု မေးခွန်းထုတ်နေကြခြင်းအပေါ် ထိုသို့မဟုတ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
“မူလလုပ်နေတဲ့ ပရဟိတအဖွဲ့တွေကို ချုပ်နှောင်တာ၊ စည်းနှောင်တာ ဘာမှမလုပ်ပါဘူး။ နဂိုလုပ်နေတဲ့ ပရဟိတသမားတွေ အများကြီးပဲ၊ အရမ်းကောင်းတယ်။ ကျေးဇူးလည်းတင်ပါတယ်။ သူတို့အလုပ်ကို သူတို့ဆက်လုပ်နေလို့ ရပါတယ်”ဟု ၎င်းက Myanmar Now ကို ပြောသည်။
ယင်းဦးဆောင်အဖွဲ့ကို ဖွဲ့စည်းသည့် နိုင်ငံတော်သမ္မတရုံးအမိန့်စာတွင် စေတနာ့ဝန်ထမ်းများအတွက် လိုအပ်သောကူညီထောက်ပံ့မှုများ၊ သင်တန်းများပေးရန်၊ အလှည့်ကျစနစ်ဖြင့် တာဝန်ပေးပြီး အနားယူနိုင်သည့် နေရာများစီစဉ်ပေးရန်၊ ကျန်းမာရေးစစ်ဆေးမှုနှင့် ကုသမှုများလုပ်ဆောင်ပေးရန်၊ သတ်မှတ်ကာလပြီးမြောက်အောင် တာဝန်ထမ်းဆောင်သူများကို အသိအမှတ်ပြုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရန်တို့ ပါဝင်သည်။
ယင်းမှာ ပရဟိတအဖွဲ့အစည်းများကို အစိုးရ၏ ဦးဆောင်မှုအောက်သို့ ထည့်သွင်းရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ပရဟိတအဖွဲ့များ၏ လွတ်လပ်စွာလုပ်ဆောင်မှုကို ထိန်းချုပ်ရန် အစိုးရက လုပ်ဆောင်နေခြင်းလားဟု သံသယဖြစ်မိကြောင်း ပရဟိတသမားအချို့က Myanmar Now ကို ပြောကြသည်။
ကိုဗစ်နိုင်တင်းရောဂါတွေ့ရှိမှု အများဆုံးဖြစ်သည့် ရန်ကုန်တိုင်းအတွင်း လူမှုကူညီရေးကိစ္စများ ဆောင်ရွက်နေသူ ကိုဒီငြိမ်းလင်းက “အဓိကကတော့ အဖွဲ့တွေကို ရည်ညွှန်းတာလား၊ Quarantine (သတ်မှတ်နေရာ၌ အသွားအလာကန့်သတ်စောင့်ကြည့်) တွေမှာ ကူနေတဲ့သူတွေကို ပြောတာလား၊ ပရဟိတသမားတွေအကြားမှာ ရှင်းရှင်းလင်းလင်း မသိကြတာကြောင့်ပါ” ဟု ၎င်းက ပြောသည်။
မော်လမြိုင်မြို့တွင် အခြေစိုက်သည့် ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ကိုဘိုဘိုဝင်းကလည်း အစိုးရ၏ ညွှန်ကြားမှုအောက်၌ ဆောင်ရွက်ရမည့်အခြေအနေမရှိကြောင်း၊ ၎င်း၏အဖွဲ့တွင် လူ ၅၀ ခန့်ရှိသော်လည်း ကိုဗစ်နိုင်တင်းအတွက် သီးသန့်ဆောင်ရွက်နေသူ ၁၅ ဦးသာ အစိုးရ၏စာရင်းတွင် အကျုံးဝင်ကြောင်း ပြောသည်။
မွန်ပြည်နယ်ရှိ ပရဟိတအဖွဲ့များအကြားတွင်လည်း အလားတူပြဿနာမျိုးပေါ်ပေါက်နေကြောင်း ကိုဘိုဘိုဝင်းက ရှင်းပြပြီး ဝိဝါဒကွဲပြားနေမှုများအပေါ် အစိုးရက အာရုံစိုက်ဖြေရှင်းသင့်ကြောင်း အကြံပြုသည်။
အဆိုပါဦးဆောင်အဖွဲ့၌ အတွင်းရေးမှူးတာဝန်ယူထားသူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အစိုးရ၏ လုပ်ဆောင်ချက်မှာ ရှိရင်းစွဲ ပရဟိတအဖွဲ့များအပေါ် ကန့်သတ်ရန်မဟုတ်ဟု Myanmar Now ကို ပြောသည်။
လက်ရှိကောက်ယူနေသည့် စေတနာ့ဝန်ထမ်းစာရင်းမှာ ကဏ္ဍအသီးသီး၌ ပါဝင်ကူညီနေသူအားလုံးအတွက် မဟုတ်ဘဲ Facility Quarantine နေရာများ၌ ကူညီဆောင်ရွက်နေသူများနှင့်သာ အကျုံးဝင်သည်ဟု ၎င်းက ရှင်းပြသည်။
“ဒီစေတနာ့ဝန်ထမ်းတွေဟာ ကွာရန်တင်း (quarantine) သတ်မှတ်ကာလ ၂၁ ရက်အပြည့် တာဝန်ထမ်းဆောင်ပြီးရင် သီးခြား ၇ ရက် အနားယူအပန်းဖြေနိုင်ဖို့ ဒီအစီအစဉ်ကို လုပ်ပေးတာပါ။ အဲဒါပြီးရင် အလုပ်ပြန်ဝင်ချင်တယ်ဆိုလည်း ရတယ်၊ မဝင်ဘဲနဲ့ အိမ်ပြန်ချင်တယ်ဆိုလည်း ရပါတယ်။ ပြီးရင် သတ်မှတ်ကာလပြည့်အောင် တာဝန်ထမ်းဆောင်တဲ့သူကို အသိအမှတ်ပြုတံဆိပ် ပေးတာတွေ လုပ်မှာပါ” ဟု ၎င်းက ပြောသည်။
ယခုအစီအစဉ်သည် ကိုဗစ်နိုင်တင်းစောင့်ကြည့်ခံရသူများကို ထိတွေ့ကူညီရမည့် စေတနာ့ဝန်ထမ်းများအား အစိုးရ၏ မူဝါဒနှင့်အညီ ကျန်းမာရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများပေးရန်၊ စနစ်ကျကျ အန္တရာယ်ကင်းကင်းရှိစေရန်၊ လိုအပ်သည်များကူညီထောက်ပံ့ရန် ရည်ရွယ်ခြင်းသာဖြစ်ပြီး စာရင်းကောက်ယူမှုကို မနက်ဖြန်တွင် အပြီးသတ်နိုင်မည်ဟု ဒေါက်တာဝင်းမြတ်အေးကဆိုသည်။
အနည်းဆုံး အချိန် ၂၈ ရက် ပေးနိုင်သူများကို အသက်ကန့်သတ်ချက်မထားဘဲ စေတနာ့ဝန်ထမ်းအဖြစ် သတ်မှတ်ရန်ရှိပြီး ၎င်းတို့ကို လက်စွဲစာအုပ်များထုတ်ပေးရန်နှင့် တစ်ရက်တာသင်တန်း (၃ နာရီစာ) ပို့ချနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့နှင့် ပူးပေါင်းစီစဉ်နေသည်ဟု လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ပြောသည်။
ထို့ပြင် စေတနာ့ဝန်ထမ်းလုပ်ကိုင်လိုသူများအနေဖြင့် “စေတနာ့ဝန်ထမ်း ဆန္ဒပြုရန် လျှောက်ထားမှု” ပုံစံကို ဝန်ကြီးဌာနဝက်ဘ်ဆိုက်မှတစ်ဆင့် ဖြည့်နိုင်ရန် မိုဘိုင်းအက်ပလီကေးရှင်းတစ်ခု အမြန်ဆုံးရေးဆွဲနေသည်ဟု ၎င်းကဆိုသော်လည်း မည်သည့်နေ့ရက်တွင် ပြီးဆုံးမည်ဆိုသည်ကိုမူ မသိရသေးပေ။
အဆိုပါအစီအစဉ်အတွက် တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့အသီးသီး၏ လူမှုရေးဝန်ကြီးများက တာဝန်ယူ၍ လူအင်အား၊ လိုအပ်ချက်စာရင်းများ ကောက်ယူရန် ညွှန်ကြားထားပြီးလည်းဖြစ်သည်။