အသွားအလာ ကန့်သတ်စောင့်ကြည့်ခံနေရသည့် ကိုဗစ်နိုင်တင်း (COVID-19) သံသယလူနာများအနက် တစ်ရက်တည်း ခုနစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဧပြီ ၂၄ တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံ၌ ဖြစ်ပွားခဲ့သည်။
သေဆုံးသူများတွင် ဆီးချို၊ သွေးတိုး၊ ကင်ဆာ၊ အသည်းကြွပ်ရောဂါ၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်၊ တီဘီရောဂါလက္ခဏာ၊ သွေးလေးဖက်နာ ရောဂါများ နဂိုကတည်းကရှိကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောသည်။
“ဖျားတယ်၊ ချောင်းဆိုးတယ်ဆိုရင် သံသယလူနာစာရင်းမှာ ထည့်ထားတာပေါ့လေ၊ မနေ့ကတော့ တစ်နေ့တည်းဖြစ်သွားတာဆိုတော့ များသွားတဲ့ အနေအထားတော့ ဖြစ်သွားတယ်။ အားလုံးကတော့ ဆေးရုံလာစဉ်ကတည်းက ရောဂါအခံတွေနဲ့လာကြတာပါ” ဟု ၎င်းက ပြောသည်။
ဆေးရုံရောက်လာသူများအနက် အဆုတ်ပိုင်းရောဂါခံစားနေရသူများ၊ ကိုယ်ခံအားနည်းသူများကို ကိုဗစ်နိုင်တင်း သံသယလူနာစာရင်းတွင် ထည့်သွင်းကာ စစ်ဆေးပေးနေသည်ဟု ဒေါက်တာစုစုဒွေးက ပြောသည်။
ယခုသေဆုံးသူ ခုနစ်ဦးအနက် သုံးဦးမှာ ကိုရိုနာဗိုင်းရပ်ပိုးမရှိအဖြေထွက်ထားပြီး ကျန်လေးဦးမှာ ရန်ကုန်ဓာတ်ခွဲခန်းမှ ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲဖြစ်သည်။
မန္တလေးဆေးရုံကြီးတွင် ကန့်သတ်စောင့်ကြည့် စာရင်းဝင်ခဲ့ပြီးသူ စုစုပေါင်း ၁၇၀ ရှိခဲ့ပြီး ၄၀ သေဆုံးခဲ့ပြီးဖြစ်သည်။ သို့သော် ထိုလူနာအားလုံးတွင် ရောဂါပိုးမတွေ့ရှိပါ။ ပြန်လည်ကျန်းမာလာခဲ့သဖြင့် ဆေးရုံမှ ဆင်းခွင့်ရသူများလည်းရှိပြီး လက်ရှိတွင် မန္တလေးဆေးရုံကြီး၌ စောင့်ကြည့်လူနာ ၇၀ ကျော် ကျန်ရှိသည်။
မန္တလေးတိုင်းတွင် ကိုဗစ်နိုင်တင်းရောဂါပိုးရှိကြောင်း အတည်ပြုလူနာ သုံးဦးရှိထားပြီး ယမန်နေ့ကမှ မတ္တရာမြို့နယ်မှစောင့်ကြည့်ထားသူတစ်ဦး၌ ပိုးရှိကြောင်းအတည်ပြုဖြစ်စဉ်မှာ နောက်ဆုံးဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းပိုးတွေ့ရှိကြောင်း အတည်ပြုပြီးသူ ၁၄၄ ဦးရှိပြီး ယင်းအနက် ငါးဦး သေဆုံးခဲ့ကာ ပြန်လည်ကောင်းမွန်သူ ၉ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၂၅ နံနက်တွင်ထုတ်ပြန်ထားသည်။
လက်ရှိတွင် စောင့်ကြည့်လူနာ ၂၅၄၁ ဦး ရှိပြီး ဓာတ်ခွဲစစ်ဆေးခဲ့သူ စုစုပေါင်းမှာ ၆၁၂၄ ဦး ရှိကြောင်းလည်း ယင်းဝန်ကြီးဌာနက ဧပြီ ၂၄ ည ၁၁ နာရီတွင်ထုတ်ပြန်ထားသည်။