
ကိုဗစ်နိုင်တင်း (COVID19) ကပ်ရောဂါကာလတွင် လူထုအနေဖြင့် သတင်းမှားများ၊ ကောလာဟလများကို နေ့စဉ်ရင်ဆိုင်နေရသည်မှာ ပြဿနာတစ်ခုဖြစ်နေသည်။ တမာရွက်စားလျှင် ကိုဗစ်ပျောက်နိုင်သလား၊ အရက်သောက်လျှင် ကိုဗစ်ကို ကာကွယ်နိုင်သလား၊ နောက်ဆုံးတစ်ခု နေပူဆာလှုံခြင်းကရော ကိုဗစ်နိုင်တင်းကို ကာကွယ်နိုင်ပါသလား စသဖြင့် သတင်းစကားပေါင်းများစွာက Facebook အသုံးပြုသူများရော၊ သာမန်လက်လုပ်လက်စားများကြားတွင်ပါ ပျံ့နှံ့နေသည်။
လတ်တလောအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်သည့် ချင်းပြည်နယ်မှ ပြည်သူများနှင့် ယမန်နေ့ (ဧပြီ ၂၄)က အွန်လိုင်းအစည်းအဝေး အပြန်အလှန်ဆွေးနွေးရာတွင် ကိုဗစ်နိုင်တင်း ကာကွယ်ရေး နေပူဆာလှုံရန် အားပေးလျှင် ကောင်းမည်လား ဟု စဉ်းစားနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“ပြောနေတာတော့ကြာပါပြီ တစ်လလောက်ကတည်းကပေါ့နော်။ အပူရှိန်မြင့်တဲ့နေရာတွေမှာဆိုရင် ကိုဗစ်က ပိုပြီးသက်သာတယ်ဆိုပြီးတော့ ပြောကြတယ် တချို့က အခု မနေ့ကဆိုလို့ရှိရင် သုတေသီပညာရှင် တစ်ယောက်ကတော့ ကိုဗစ်က အပူချိန်မြင့်တဲ့နေရာတွေမှာ စွတ်စိုထိုင်းမှိုင်းတဲ့နေရာတွေမှာ ကိုဗစ်ပိုးက ကြာကြာမခံဘူးလို့ ဆိုတယ်။ အဲ့ဒါကတော့ ဘယ်လောက်အထိသေချာလဲတော့ မသိသေးဘူးပေါ့နော်။ အဲ့ဒီတော့ အမေတို့ဆီမှာ အများကြီးရှိတာကတော့ နေပူတယ် နေပူဆာလှုံဖို့တော့ နည်းနည်းအားပေးရင် ကောင်းမလားလို့စဉ်းစားတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ထိုသို့လုပ်ခြင်းသည် အသားညိုသွားခြင်းသာဖြစ်နိုင်ပြီး တခြားပြဿနာ မရှိလောက်ဘူးဟု ယူဆကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနကိုမေးကာ သဘောတူမှ လုပ်ရမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ကပ်ရောဂါကို ကောင်းစွာထိန်းချုပ်နိုင်ပြီး ၎င်းတို့ဗီယက်နမ်တွင် နေပူဆာလှုံခြင်းကို အားပေးသည်ဟု ကြားရကြောင်း သူက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် “သုတေသီပညာရှင်“ ဆိုသည်မှာ မည်သူ့ကို ရည်ညွှန်းသည်ကို တိတိကျကျ မသိရပေ။ သို့သော် အဆိုပါ အပူချိန်မြင့်ခြင်း၊ စိုစွတ်ထိုင်းမှိုင်းခြင်းတို့နှင့် ကိုဗစ်နိုင်တင်းကာကွယ်ခြင်းကို ဆက်စပ်ပြသွားသည့် ဖြစ်ရပ်တစ်တစ်ခု ဧပြီ ၂၃ က အမေရိကန်သမ္မတအိမ်ဖြူတော်တွင် ဖြစ်ပွားခဲ့သည်။
အိမ်ဖြူတော်၏ ကိုရိုနာဗိုင်းရပ်ဆိုင်ရာ နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် အမိမြေလုံခြုံရေးဌာန သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်ထောက်အတွင်းရေးမှူး ဘီလ် ဘရိုင်ယန်က “စမ်းသပ်မှုအသစ်တွေအရ ဒီကိုရိုနာဗိုင်းရပ်ဟာ နေရောင်အောက် ဒါမှမဟုတ် အပူမှာဆိုရင် ကောင်းကောင်း မစွမ်းနိုင်ပါဘူး” ဟု ပြောဆိုခဲ့သည်။
ထို့ပြင် “စစ်ဆေးကြည့်ပြီးသမျှ အခြေအနေတွေအရ (ပိုးတွေ့ရှိထားတဲ့) တံတွေးစက်ကလေးတွေထဲက ဗိုင်းရပ်ဟာ အိမ်ထဲမှာဆိုရင်၊ နောက် ခြောက်သွေ့နေတဲ့ အခြေအနေမှာဆိုရင် ကောင်းကောင်းအသက်ရှင်နိုင်တာကို တွေ့ရတယ်။ ဒီဗိုင်းရပ်ဟာ နေရောင်တိုက်ရိုက်ကျတဲ့ နေရာမှာဆိုရင် မြန်မြန် သေနိုင်တယ်” ဟု ထည့်ပြောခဲ့သည်။
ဘရိုင်ယန်၏ ပြောဆိုချက်များအပြီးတွင် တစ်ဆက်တည်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗိုင်းရပ်ပိုးတွေ့ရှိထားသူများ အနေဖြင့် ပူပြင်းသည့်နေရက်များတွင် အပြင်ထွက်၍ နေရောင်ခံကာ ကုသကြရန် အကြံပေးခဲ့သည်။
အရေးပေါ်ဆိုင်ရာ အထွေထွေရောဂါကု သမားတော် ဒေါက်တာ မီဂန်ရန်နေ ကို စီအန်အန် (CNN) သတင်းဌာနက မေးမြန်းခဲ့ရာတွင် မြင့်မားသည့် အပူချိန်တွင် အပြင်ထွက်ပြီး နေပူခံခြင်းသည် ကိုဗစ်နိုင်တင်းကို ကာကွယ်မည်မဟုတ်ဘဲ နေပူလောင်ခြင်း၊ အရေပြားကင်ဆာဖြစ်နိုင်ခြင်းနှင့် အခြား အန္တရာယ်ရှိနိုင်သည့် အကျိုးဆက်များကိုပါ ခံစားရနိုင်သည်ဟု ထရမ့်၏ အကြံပေးချက်အပေါ် တုံ့ပြန် ပြောဆိုခဲ့သည်။
ထို့ပြင် London School of Hygiene and Tropical Medicine မှ ကူးစက်ရောဂါပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ပါမောက္ခ ဒေးဗစ် ဟေးမန်း က “စမ်းသပ်စစ်ဆေးချက်တွေကို တရားဝင် ထုတ်ပြန်ကြေညာတာမျိုး မလုပ်သေးဘဲ ချင့်ချိန်ပြောဆိုဖို့ တော်တော်ခက်ပါမယ်။ တကယ်လို့ စမ်းသပ်ပြီးတော့ သက်သာသွားတယ်ဆိုတာ မှန်နေရင်တောင်မှ (အချိန်အတိုင်းအတာတစ်ခုအထိ) ထိန်းသိမ်းထားသင့်တယ်” ဟု ဝါရှင်တန်ပို့စ်သတင်းစာကို ဖြေကြားထားသည်။ ပါမောက္ခ ဒေးဗစ် ဟေးမန်း မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကူးစက်ရောဂါ ဘေးအန္တရာယ်ကာကွယ်ရေး အကြံပေးကော်မတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။
သူက “ပူတယ်၊ စိုစွတ်တယ်ဆိုတဲ့ စင်ကာပူလိုနိုင်ငံမှာတောင်မှ ဒီဗိုင်းရပ်က ဆက်ပြီး ပျံ့နေတာကို တွေ့နေရသေးတာပဲ” ဟု ဆိုသည်။
ဧပြီ တွင် ကမ္ဘာ့အပူဆုံးနိုင်ငံများမှာ ပေါ်တူဂီ၊ စပိန်၊ ဂရိ၊ တူရကီ၊ မော်ရိုကို၊ အီဂျစ် နှင့် မက္ကဆီကိုနိုင်ငံ တို့ဖြစ်သည်။ အပူချိန် အနိမ့်ဆုံး ၂၀ ဒီဂရီမှ အပူဆုံး ၃၇ ဒီဂရီထိ ရှိသည်။ ထို့ပြင် စပိန်နိုင်ငံသည် ကိုရိုနာပိုးအများဆုံးတွေ့ရှိရသူစာရင်းတွင် ကမ္ဘာ့ဒုတိယ အများဆုံးဖြစ်ပြီး တူရကီနိုင်ငံမှာ သတ္တမမြောက်နိုင်ငံဖြစ်သည်။ ပေါ်တူဂီနှင့် မက္ကဆီကို နိုင်ငံများသည်လည်း စာရင်း၏ ထိပ်ပိုင်းတွင် ရှိနေသည်။
ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်သည့် မသေချာမရေရာသည့် အယူအဆများ ပျံ့နှံ့ခဲ့သည့်နောက် WHO က “ယုံတမ်းအကြောင်းအရာများ” ဆိုသည့် စာမျက်နှာအသစ်ကို ၎င်းတို့ ဝက်ဘ်ဆိုက်တွင် ဖွင့်လှစ်ခဲ့ပြီး အယူအဆအမှားများကို ဖြေရှင်းခဲ့သည်။ ယင်းအနက် နေပူဆာလှုံခြင်းနှင့် မြင့်မားသည့် နေရာင်ခြည်နှင့် ထိတွေ့ခြင်းက ကိုဗစ်နိုင်တင်းကို မကာကွယ်နိုင်ကြောင်း အတိအလင်းဖော်ပြထားသည်။
ထို့အပြင် “သက်သေအထောက်အထားများအရ ပူနွေးစိုစွတ်သောရာသီဥတုရှိသည့် နေရာများအပါအဝင် နေရာအားလုံးတွင် ကိုဗစ်နိုင်တင်းသည် ပျံ့နှံ့နိုင်သည်” ဟု WHO က ဖြေရှင်းထားသည်။
ထို့အပြင် ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်များတွင်လည်း နေပူဆာလှုံခြင်းကို အားပေးသည် ဆိုသည့် အထောက်အထားများမတွေ့ရပေ။ တခြားနိုင်ငံများကဲ့သို့ပင် လက်ဆေးရန်၊ တစ်ဦးနှင့် တဦး ၂ မီတာအကွာမှ ဆက်ဆံကြရန်၊ လူစုလူဝေးမလုပ်ကြရန်၊ မလိုအပ်ဘဲ အပြင်မထွက်ရန်၊ ခရီးမသွားရန်၊ ဗိုင်းရပ်သံသယရှိပါက သက်ဆိုင်ရာကို အကြောင်းကြားရန်၊ အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ရန်နှင့် ကျန်းမာသည့် လူနေမှုပုံစံဖြင့် နေထိုင်ကြရန်သာ ထုတ်ပြန်ထားသည်။
ဗီယက်နမ်သည် လူဦးရေထူထပ်ပြီး တရုတ်နိုင်ငံနှင့် နယ်နိမိတ် ရှည်လျားစွာ ထိစပ်နေသော်လည်း ဗိုင်းရပ်ကူးစပ်ခံရသူ ၂၇၀ နှင့် ပြန်လည်ကောင်းမွန်သူ ၂၂၅ ဦးရှိပြီး သေဆုံးသူလုံးဝမရှိပေ။ DW သတင်းဌာနက ဗီယက်နမ် နိုင်ငံ၏ ရောဂါအောင်နိုင်မှုအကြောင်းကို ကိုရိုနာဗိုင်းရပ်စစ်ပွဲကို ဗီယက်နမ်က ဘယ်လိုအောင်နိုင်ခဲ့သလဲ ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။
DW က ရေးသားခဲ့သည့် ဆောင်းပါးတွင် “ကိုရိုနာဗိုင်းရပ်တိုက်ဖျက်ရေးအတွက် ဗီယက်နမ်သည် တင်းကျပ်သည့် အသွားအလာကန့်သတ်ခြင်းမူဝါဒများ ချမှတ်ခဲ့ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူအားလုံးကို ခြေရာကောက်ခဲ့သည်။ အစီအမံများကို ရောဂါကူးစက်မှုကာလအတွင်း တရုတ်နိုင်ငံထက် ပိုမိုစောစီးစွာ အကောင်အထည်ဖော်ခဲ့သည်။ မြို့များကို ဗိုင်းရပ်စ်ပိုးပျံ့နှံ့ခြင်းမှ ကာကွယ်ရန် နောက်ဆုံးသောနည်းလမ်းအဖြစ် မြို့များအားလုံးကို (Lock Down) ပိတ်ဆို့ထားခဲ့သည်” ဟု ရေးသားထားပြီး နေပူဆာလှုံရန် အားပေးခဲ့သည့် အထောက်အထားတစ်စုံတစ်ရာ မတွေ့ရပေ။