ကိုဗစ်နိုင်တင်းအတည်ပြုလူနာ ၁၄၄ မှာ လှိုင်သာယာစက်မှုဇုန်ရှိ ချန်းရီဖိနပ်စက်ရုံမှ တရုတ်စကားပြန်ဖြစ်ခြင်းကြောင့် ၎င်းနှင့်ထိစပ်ခဲ့သူများကို မြို့နယ်ကိုဗစ်နိုင်တင်းရောဂါဆိုင်ရာ တာဝန်ရှိသူများက စတင်ရှာဖွေနေပြီဖြစ်သည်။
ဧပြီ ၂၄ (ယမန်နေ့) ညကမှ ပိုးရှိကြောင်းအတည်ပြုလိုက်သည့် အဆိုပါလူနာသည် ကချင်ပြည်နယ် မိုးညှင်းမြို့တွင် နေထိုင်သူဖြစ်ပြီး ချန်းရီဖိနပ်စက်ရုံတွင် မတ်လဆန်းက စတင်လုပ်ကိုင်ခဲ့သူဖြစ်သည်။ အလုပ်သမား ၁၀,၀၀၀ နီးပါးရှိသည့် အဆိုပါစက်ရုံတွင် အလုပ်သမား ၂၀၀၀ ကျော် ယနေ့အလုပ်ဆင်းနေသည်။
၎င်းသည် ဧပြီလတွင် စတင်ဖျားနာခဲ့သဖြင့် ဧပြီ ၁၅ တွင် မိုးညှင်းမြို့သို့ ကားစင်းလုံးငှားကာ ပြန်သွားပြီး မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကန့်သတ်စောင့်ကြည့်ခံခဲ့ကာ ဧပြီ ၁၉ တွင် ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ကြောင်း လှိုင်သာယာမြို့နယ် ကျန်းမာရေးမှူး ဒေါက်တာခင်ရူပါစိုးကပြောသည်။
“လောလောဆယ်တော့ သူ့ရဲ့ အခန်းဖော်၊ လိုက်ပို့ခဲ့တဲ့ ကားသမား၊ သူ့ကိုကြည့်ခဲ့တဲ့ ဆရာဝန် ဆရာမတွေရော သူဘာသာပြန်ပေးရတဲ့ တရုတ်လူမျိုး အကုန်လုံးကို ကွာရန်တင်း(အသွားအလာကန့်သတ် စောင့်ကြည့်မှု) လုပ်နေပါတယ်” ဟု ၎င်းကပြောသည်။
အဆိုပါ အသက် ၂၄ နှစ်အရွယ်ရှိ တရုတ်စကားပြန်နှင့်ထိတွေ့ခဲ့သူများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အသေးစိတ်ကိုမသိရသေးကြောင်း ဒေါက်တာ ခင်ရူပါစိုးက ပြောသည်။
ထိုလူနာသည် တရုတ်လူမျိုးများကို ဘာသာပြန်ပေးရသူဖြစ်ပြီး တိုက်ရိုက်ထိစပ်ခဲ့သည့် စက်ရုံဝန်ထမ်း ရှစ်ဦးကို အသွားအလာ ကန့်သတ်လိုက်ပြီဖြစ်သည်ဟု လှိုင်သာယာမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောသည်။
ထို့ပြင် လုံခြုံရေးကင်မရာမှတ်တမ်းများမှတစ်ဆင့် ၎င်း၏စက်ရုံတွင်း အသွားအလာများကို ပြန်ကြည့်ကာ စစ်ဆေးနေကြောင်း၊ စက်ရုံကို လုံးဝပိတ်ချ (lockdown) ရန် ရာခိုင်နှုန်းများကြောင်းလည်း ဆက်ပြောသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက အဆိုပါကိုဗစ်နိုင်တင်းလူနာမှာ စကားပြန်ဖြစ်နေသည့်အတွက် လုပ်ငန်းခွင်အတွင်းထိစပ်မှု သိပ်မရှိကြောင်း၊ ရုံးခန်းမှာသာ အဓိကထိတွေ့မှုရှိသည်ကို တွေ့ရှိရပြီး လတ်တလောတွင် စက်ရုံမှ ၇ ယောက်၊ ၎င်းသွားပြသည့် ဆေးခန်းမှ ၃ ယောက်၊ ကားစီးစဉ်ထိတွေ့ခဲ့သူ ၂ ယောက်၊ မိုးညှင်းခရီးစဉ်တွင် ထိတွေ့သူ ၆ ယောက် စုစုပေါင်း ၁၈ ယောက်ကို ကန့်သတ်စောင့်ကြည့်မှု(Quarantine ) လုပ်သွားမည်ဖြစ်ကြောင်းဆိုသည်။
အဆိုပါဝန်ထမ်းပိုးတွေ့ကြောင်း ကြေညာပြီးနောက်တစ်နေ့မှာပင် စက်ရုံမပိတ်ဘဲ အလုပ်သမား ၂၀၀၀ ကျော် အလုပ်ဆင်းသည့်အပေါ် သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ်မြန်မာ (STUM) မှ ဒေါ်မျိုးမျိုးအေးက ဝေဖန်သည်။
“ဘာကြောင့် ဖွင့်ရင်းနဲ့ စစ်ရတာလဲ ခုလိုမျိုး လူသောင်းချီရှိနေတဲ့ စက်ရုံက အလုပ်သမားတစ်ယောက် ခုလိုမျိုးဖြစ်ပြီဆိုရင် ဘယ်သူတာဝန်ခံမှာလဲ ကွာရတင်းကို လူသောင်းကျော်ထားဖို့အတွက် ရန်ကုန်တိုင်းအစိုးရမှာ ပြင်ဆင်ထားတာရှိပြီလား”ဟု ၎င်းက ရန်ကုန်တိုင်း အစိုးရကို မေးခွန်းထုတ်သည်။
အဆိုပါချန်းရီစက်ရုံတွင် လုပ်ကိုင်နေသော အလုပ်သမားများအနေဖြင့် ရောဂါဖြန့်သူများမဖြစ်စေရေးအတွက် မိမိနေအိမ်၊ အဆောင်များသို့မပြန်ပဲ ကန့်သတ်စောင့်ကြည့်မှုခံယူကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)က တိုက်တွန်းစာထုတ်ပြန်လိုက်သည်။
အစိုးရအနေဖြင့်လည်း ကိုဗစ်နိုင်တင်းရောဂါကူးစက်မှု ဟန့်တားနိုင်ရန်အတွက် ယင်းစက်ရုံရှိ အလုပ်သမား ၉၀၀၀ အတွက် Quarantine (ကန့်သတ်စောင့်ကြည့်မှုခံယူရန်)ဝင်ရန် နေရာထိုင်ခင်း၊အစားအသောက်များ စီစဉ်ပေးပါရန် တိုက်တွန်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
မြန်မာနိုင်ရှိ စက်ရုံများကို ဧပြီလ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့ထိ ယာယီပိတ်ထားရန် ပြည်ထောင်စုအစိုးရက ညွှန်ကြားချက်ထားသော်လည်း စက်ရုံအချို့မှာ ဆက်လက်ဖွင့်လှစ်လျက်ရှိသည်။
မှော်ဘီမြို့နယ်နှင့်လှိုင်သာယာမြို့နယ်တို့ရှိ အထည်ချုပ်စက်ရုံများ ယနေ့အထိပိတ်သိမ်းခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က ဧပြီ ၂၂ က ပြုလုပ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အွန်လိုင်းတိုက်ရိုက်ဆွေးနွေးမှု အစီအစဉ်တွင် ထည့်သွင်းဆွေးနွေးခဲ့သည်။
ယင်းသို့ပိတ်သိမ်းခြင်းမရှိသည့် အထည်ချုပ်စက်ရုံများကို သွားရောက်စစ်ဆေးကာ ချက်ချင်းအရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယင်းဆွေးနွေးမှုကို ပြန်လည်ပြောကြားခဲ့သည်။
ရန်ကုန်တိုင်း အစိုးရ အလုပ်သမားဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ဧပြီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း ရန်ကုန်တိုင်းရှိ စက်ရုံအလုပ်ရုံ ၉၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး စက်ရုံ ၇၀ ကျော်က ကျန်းမာရေး သတ်မှတ်ချက်နှင့်ပြည့်စုံသည်ဟု ပြောဆိုကြောင်း 7 Day သတင်းစာက ဧပြီလ ၂၅ ရက်နေ့တွင်ဖော်ပြထားသည်။
စစ်ဆေးပြီးသည့် စက်ရုံများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုနေ၍ ယနေ့တွင် စစ်ဆေးပြီးစက်ရုံအချို့ စတင်လည်ပတ်နေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါ ဖြစ်ပွားသူ ၁၄၄ ဦးရှိပြီး သေဆုံးသူ ၅ ဦး၊ ပြန်လည်ကောင်းမွန်သူ ၉ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက်တွင်ထုတ်ပြန်ထားသည်။
လက်ရှိတွင် စောင့်ကြည့်လူနာ ၂၅၄၁ ဦး ရှိပြီး ဓာတ်ခွဲစစ်ဆေးခဲ့သူ စုစုပေါင်းမှာ ၆၁၂၄ ဦး ရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၄ ည ၁၁ နာရီတွင်ထုတ်ပြန်ထားသည်။