အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အလုပ်ဖြုတ်ခံရသော မြန်မာလုပ်သား ၁,၅၀၀ ခန့်အတွက် တစ်ဦးကို ဘတ် ၁၅,၀၀၀ နစ်နာကြေးပေး

ထိုင်းနိုင်ငံရှိ အီလက်ထရွန်နစ်ပစ္စည်းစက်ရုံတစ်ရုံတွင် မြန်မာအလုပ်သမား ၁,၄၅၀ ဦး ကို ယမန်နေ့ က ရုတ်တရက်အလုပ်ဖြုတ်ခံလိုက်ရသဖြင့် ဆန္ဒပြခဲ့ကြပြီးနောက် လျော်ကြေးငွေပေးရန် စက်ရုံဘက်က သဘောတူလိုက်သည်။

ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်ရှိ အီလက်ထရွန်နစ်ပစ္စည်းများထုတ်လုပ်သည့် Cal-Comp Electronics (Thailand) စက်ရုံတွင် ရုတ်တရက်အလုပ်ဖြုတ်ခံရသော မြန်မာအလုပ်သမား ၁,၄၅၀ ဦးအတွက် တစ်ဦးလျှင် ဘတ် ၁၅,၀၀၀ နှင့် အလုပ်ပြောင်းရွှေ့စာများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟောင်ကောင်အခြေစိုက် KINPO GROUP လုပ်ငန်းစု၏ လက်အောက်ခံ Cal-Comp Electronics (Thailand) ကုမ္ပဏီ၏ စက်ရုံသည် အမှာအော်ဒါများမြင့်တက်လာချိန် လွန်ခဲ့သည့် ၃ လဝန်းကျင်က  မြန်မာလုပ်သားထောင်နှင့်ချီကို အလုပ်ခန့်ခဲ့ပြီး ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ကြိုအသိမပေးဘဲ အလုပ်ဖြုတ်လိုက်ခြင်းဖြစ်သည်။ 

ယမန်နေ့ နံနက်က အလုပ်ဆင်းရန်လာသည့် အလုပ်သမားများကို အလုပ်ဖြုတ်လိုက်ပြီဟု ဆိုကာ ဝန်ထမ်းကတ်များသိမ်းဆည်း၍ အလုပ်ပြောင်းရွှေ့စာထုတ်မပေးဘဲ လျော်ကြေး ၅၀၀၀ ခန့်ပေးပြီး လက်မှတ်ထိုးခိုင်းရာ မကျေနပ်၍ ဥပဒေနှင့်အညီအခွင့်အရေးရရန် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း အမည်မဖော်လိုသည့် မြန်မာအလုပ်သမား အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

“သူတို့ ပထမအစီစဉ်လုပ်ရပ်က ဘယ်လိုမှ အဆင်မပြေလို့၊ နစ်နာသူတွေအတွက်က ဆိုးရွားတဲ့အတွက် ပြန်တောင်းဆိုတာက ပထမပေးထားတဲ့ ဘတ် ၅၀၀၀ ပေးတဲ့နောက်ကို တစ်လစာ ထပ်ဆောင်းထပ်ပေး တယ်ပေါ့။ ဂရုဏာကြေးသဘောမျိုးနဲ့ပေါ့။ ပြီးရင် စာရွက်စာတမ်းကိစ္စ၊ ကျန့်အော်(အလုပ်ပြောင်းရွှေ့စာ) ကအစ တာဝန်ယူပြီး ဖြေရှင်းပေးတယ်” ဟု ၎င်းက ပြောသည်။

အလုပ်ဖြုတ်ခံရသူများသည် ပန်းရောင်ကတ်ကိုင်ဆောင်ထားသူ၊ နှစ်နိုင်ငံနားလည်မှု(MoU) စနစ်ဖြင့် လာရောက်အလုပ်လုပ်ကိုင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။ စက်ရုံကြီးတစ်ခုဖြစ်၍ ရေရှည်အလုပ်အကိုင်အတွက် ခိုင်မာမှုရှိသည်ဟု ယူဆကာ မူလအလုပ်အကိုင်များက စွန့်လွှတ်၍ ပွဲစားခပေးကာ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။ 

ထိုစက်ရုံတွင် အလုပ်လုပ်ခွင့်ရရန်အတွက် ပွဲစားများကို ဘတ်ငွေ ၃,၀၀၀ မှ ၈,၀၀၀ အထိပေးခဲ့ရပြီး လွန်ခဲ့သည့် သုံးလအတွင်း အော်ဒါများအချိန်မီပို့နိုင်ရန် တရားဝင်ရုံးပိတ်ရက်များပါ အချိန်ပိုဆင်း၍ အလုပ်လုပ်ခဲ့ရကာ ရုတ်တရက်အလုပ်နားလိုက်ခြင်းကြောင့် အလုပ်သမားများအခက်တွေ့ရကြောင်း အထက်ပါ အမျိုးသားအလုပ်သမားက ပြောသည်။

တိုင်းတစ်ပါးတွင် ဆက်လက်နေထိုင်အလုပ်လုပ်ကိုင်နိုင်ရေးအတွက် နစ်နာကြေးအနည်းငယ်ဖြင့် အလုပ်သစ်ထပ်မံရှာဖွေရန် ပြင်ဆင်နေကြကြောင်း အလုပ်ဖြုတ်ခံရသည့် အလုပ်သမား အမျိုးသား နောက်တစ်ဦးကလည်း ပြောသည်။ 

“အလုပ်တစ်ခုကတော့ ထပ်ရှာရမှာပေါ့။ ဒီအတိုင်းကြီး အလုပ်မရှိဘူးဆိုပြီးတော့ နေလို့မရဘူးလေ။ ကျွန်တော်တို့ကို မှီခိုနေတဲ့ နောက်ပိုင်းမှာ မိသားစုဆိုတာကလည်းရှိတယ်။ အဲ့ဒါကြောင့် ရတဲ့အလုပ်က တော့ ရသလိုလုပ်ရမှာပဲ” ဟု ၎င်းက ဆိုသည်။ 

ထိုအလုပ်ရရှိရန် နှစ်ရှည်စောင့်စားခဲ့ရသူများပါသလို ရုတ်တရက်အလုပ်ပြုတ်သွားခြင်းကြောင့် အခြားအလုပ်သစ်ရှာဖွေရန် ခက်ခဲကြောင်း၊ အလုပ်လုပ်ကိုင်နေထိုင်ခွင့် အထောက်အထားဖြစ်သည့် ပန်းရောက်ကတ်နှင့် ဗီဇာသက်တမ်းကုန်ဆုံးနေသူများမှာ ချက်ချင်းအလုပ်ရှာရန် ခက်ခဲနေကြောင်း ၎င်းက ပြောသည်။  

အလုပ်ဖြုတ်နစ်နာကြေးအဖြစ် စက်ရုံဘက်က ပေးအပ်မည့် တစ်လစာနှုန်းထားမှာ ထိုင်းဥပဒေအရ ဘောင်ဝင်သော်လည်း ထိုစက်ရုံတွင် အလုပ်လုပ်ခွင့်ရရန် ပေးဆပ်ခဲ့ရသည့် အချိန်နှင့် ကုန်ကျစရိတ်နှင့် နှိုင်းယှဉ်လျှင် အလွန်နစ်နာကြောင်း ထိုင်းရောက်မြန်မာအလုပ်သမားအရေးဆောင်ရွက်သည့် AAC မဟာမိတ်အဖွဲ့ တာဝန်ရှိသူ ဦးခိုင်ကြီးက ဆိုသည်။ 

“အနိုင်ကျင့်ပြီးထုတ်တာပေါ့။ စက်ရုံအလုပ်ရုံတွေက အော်ဒါကျတယ်ဆိုရင် အလုပ်သမားတွေကို နှစ်ပတ်လည်မငှားနိုင်တဲ့အခါကြတော့ ပွင့်ပွင့်လင်းလင်းအလုပ်သမားကို မပြောဘူး။ ၃ လ၊ ၄ လပဲ ခိုင်းတယ်။ သူတို့ပရောဂျက်ပြီးသွားတာနဲ့အလုပ်သမားကို အပြစ်ရှာပြီးထုတ်ပစ်လိုက်တယ်” ဟု သူကပြောသည်။ 

ထိုင်းရောက်အလုပ်သမားများအနေဖြင့် ထိုကဲ့သို့သော အလုပ်များကို သေချာစိစစ်၍ ရှောင်ရှားနိုင်ရန် အရေးကြီးလာကြောင်း သူက အကြံပြုသည်။

ယမန်နေ့က မြန်မာအလုပ်သမားများတောင်းဆိုမှုနှင့်ပတ်သက်၍ စစ်ကော်မရှင်၏ မြန်မာသံရုံးနှင့် ထိုင်းအာဏာပိုင်များက လာရောက်ညှိနှိုင်းခဲ့ကြောင်း အလုပ်သမားသံအရာရှိများက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။ 

Cal-Comp Electronics (Thailand) ကုမ္ပဏီကို ၁၉၈၉ ခုနှစ်တွင် ကနဦးမတည်ရင်းနှီးငွေ ဘတ် ၁၂၅ သန်းဖြင့် ထူထောင်ခဲ့ပြီး ယခုအခါ မတည်ရင်းနှီးငွေ ၁၀ ဒသမ ၄၅ ဘီလျံကျော်ထိရှိကာ ထိုင်းနိုင်ငံတွင် အလုပ်သမားစုစုပေါင်း ၂၄,၇၈၃ ဦးရှိကြောင်း ထိုကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

Related Articles

Back to top button