သတင်း

မန္တလေးတွင် အစိုးရဝန်ထမ်းများကို စောင့်ကြည့်ထားသည့်နေရာ၌ စားသောက်ရေးခက်ခဲနေ

သင်္ကြန်ကာလအတွင်း မိမိနေရပ်များသို့ ပြန်ခြင်း၊ တိုင်းကျော်၊ ပြည်နယ်ကျော်ကာ ခရီးသွားခြင်းများရှိခဲ့သည့် နိုင်ငံ့ဝန်ထမ်းများကို သွားလာကန့်သတ်ထားသည့် မန္တလာဒီဂရီကောလိပ်တွင် လူဦးရေ ၁၀၀ ကျော်အတွက် စားသောက်ရေး ခက်ခဲနေသည်ဟုသိရှိရသည်။ 

ဧပြီ ၂၀ မှစ၍ မန္တလေးမြို့သို့ ပြန်လာသည့် အဆိုပါ ခရီးသွား၊ နိုင်ငံ့ဝန်ထမ်းများကို မန္တလာကောလိပ် ကျောင်းသားကျောင်းသူဆောင်များတွင် သွားလာကန့်သတ် စောင့်ကြည့်နေခဲ့ပြီး၊ ဧပြီ ၂၄ နေ့လယ်ပိုင်းအထိ လူဦးရေ ၂၂၀ ကျော်ရှိလာသလို ဆက်လက်၍လည်း လူဦးရေ တိုးလာနေသေးသည်ဟု အဆိုပါစင်တာတွင် ယာယီအဆောင်မှူးလည်းဖြစ်၊ ကိုယ်တိုင် ကျန်းမာရေး စောင့်ကြည့်ခံနေသူလည်းဖြစ်သည့် ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

“အကုန်လုံးကတော့ ဝန်ထမ်းတွေချည်းပဲ၊ သံသယလူနာတွေလည်းမဟုတ်ဘူး၊ ဒီအထဲက တချို့ဌာနတွေက သူတို့ဌာနက ဝန်ထမ်းတွေအတွက် ထမင်းပို့ပေးတယ်၊ တချို့ကျတော့ ထောက်ပံ့ကြေးလိုမျိုး ပေးတယ်၊ တချို့က လုံးဝထောက်ပံ့ပေးတာမရှိဘူး၊ ဒီနားမှာက ပိုက်ဆံရှိရင်တောင်မှ ဝယ်စားလို့မရဘူး၊ အပြင်လည်းထွက်လို့မရဘူး” ဟု ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

စောင့်ကြည့်စခန်းရှိ လူ ၂၂၀ အနက်  ၁၁၀ ကျော်မှာစားရေးသောက်ရေးအခက်ကြုံနေရသည်ဟု ၄င်းကဆိုသည်။ 

ယင်းသို့ အခက်အခဲဖြစ်နေသူများအတွက် နီးစပ်ရာသို့ အလှူခံခဲ့သည့်အတွက် အလှူငွေတချို့ ရရှိထားသော်လည်း လိုအပ်သည့် လူ ၁၁၀ ခန့်အတွက် ၂၁ ရက်စာ လုံလောက်ခြင်းမရှိကြောင်း၊ ထမင်းချက်ပြီး လာရောက် လှူဒါန်းသည်များကလည်း တစ်ရက်စာလှူသူများသာရှိကြောင်းနှင့် ကောလိပ်အနီးရှိ စစ်တပ်တစ်ခုက ဧပြီ ၂၂ က ဆန်၊ ဆီနှင့် ပဲတို့ လာရောက်လှူဒါန်းသော်လည်း မူလစာရင်းအရ လူ ၇၀ စာသာ ရှိသည့်အတွက် ယခုကာလတွင် မလုံလောက်တော့ခြင်းဖြစ်သည်။

မန္တလေးတွင် သွားလာကန့်သတ် စောင့်ကြည့်ရမည့်သူများအတွက် နေရာပေါင်း ၃၆ ခု စီစဉ်ထားရှိပြီး၊ လက်ရှိ က စောင့်ကြည့်နေရသူ ၁၃၀ ကျော်ခန့်ရှိနေကြောင်း အစိုးရအဖွဲ့၏ စာရင်းများက ဖော်ပြထားပြီး၊ ယင်းတို့အတွင် အစိုးရဝန်ထမ်းများကို သွားလာကန့်သတ်ထားသည့် မန္တလာဒီဂရီကောလိပ်မပါဝင်ပေ။

တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က “ကွာရန်တင်းစင်တာတွေကတော့ အလှူရှင်ရှိတဲ့ စင်တာတွေက လှူတာနဲ့ကျွေး၊ အလှူရှင်မရှိတဲ့ သူတွေကတော့ မိမိတို့အိမ်က ပို့ပေါ့။ တစ်ခုနဲ့တစ်ခုကတော့ မတူကြဘူး။ အိမ်ကလည်းမပို့နိုင်၊ အလှူရှင်မရှိဆိုရင်လည်း ဌာနက ကျွေးတဲ့သူလည်း ကျွေးပေါ့”ဟု ပြောသည်။

မန္တလေးတွင် ကိုဗစ်နိုင်တင်းရောဂါပိုးရှိသူအဖြစ် မတ် ၂၇ က ချမ်းမြသာစည်မြို့နယ်အတွင်းက စတင်တွေ့ရှိခဲ့ပြီး၊ ဒုတိယလူနာကို ဧပြီ ၁၆ တွင် အောင်မြေသာစံမြို့နယ်၊ တတိယလူနာကို ဧပြီ ၂၃ က မတ္တရာမြို့နယ်တို့တွင် တွေ့ရှိထားသည်။

မန္တလေးမြို့တွင် ဧပြီ ၇ မှစ၍ လူစုလူဝေးဖြစ်စေနိုင်သည့် အခမ်းအနားများကို ပိတ်ခြင်း၊ စားသောက်ရေးနှင့် ဆေးပစ္စည်းလုပ်ငန်းများကိုသာ ဖွင့်လှစ်လည်ပတ်စေပြီး ကျန်လုပ်ငန်းများကို ရပ်နားစေခြင်း၊ ဈေးများကိုပိတ်ခြင်းတို့ တိုင်းအစိုးရက ပြုလုပ်ထားသည်။

Show More

Related Articles

Back to top button