သတင်း

ဇာတ်မကရတော့သဖြင့် ဇာတ်သဘင်လုပ်သား ၂၀,၀၀၀ ကျော် စားဝတ်နေရေးကျပ်တည်း

ကိုဗစ်နိုင်တင်းကြောင့် ဇာတ်ပွဲများရပ်နားလိုက်သည်မှာ တစ်လခွဲခန့်ရှိလာပြီသဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဇာတ်သဘင်လုပ်သား ၂၀၀၀၀ ကျော် စားဝတ်နေရေး ကျပ်တည်းနေကြောင်းသိရှိရသည်။ 

မတ်လလယ်မှစ၍ ကိုဗစ်နိုင်တင်းကြောင့် လူစုလူဝေးများ ပိတ်ပင်လိုက်ပြီးနောက် ဇာတ်သဘင်လုပ်ငန်းအားလုံး ရပ်နားသွားပြီး သဘင်လုပ်သား ၂၂,၅၄၀ ကျော် အလုပ်လက်မဲ့ဖြစ်သွားကြောင်း၊ တပေါင်း၊ တန်ခူး၊ ကဆုန် (မတ်၊ ဧပြီ၊ မေ) လများသည် တစ်နှစ်ပတ်လုံးတွင် ပွဲအများဆုံးရှိသည့်လများဖြစ်သည်ဟု မြန်မာနိုင်ငံ ဗဟိုသဘင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးမိုးဝင်းက Myanmar Now ကိုပြောကြားသည်။ 

“အခက်အခဲက ကြီးတယ်ဗျ တစ်ညကမှ တစ်ညစားရတဲ့လူတွေရှိတယ်။ ပွဲဒီလို နားသွားတဲ့အခါ ကျွန်တော်တို့ ကူညီတာက ကူညီတာပဲ ဘယ်လောက်ထိ ကူညီနိုင်မလဲဗျာ ရေရှည်ကျတော့ တော်တော်အခက်အခဲဖြစ်လာမှာ” ဟု ဦးမိုးဝင်းကဆိုသည်။

အဆိုပါ သဘင်လုပ်သားများတွင် ဇာတ်ဆရာမှစ၍ အောက်ခြေအလုပ်ကြမ်းသမားများ အားလုံးပါဝင်ကြောင်း၊ လက်ရှိတွင် ဗဟိုသဘင်အစည်းအရုံး၏ ရန်ပုံငွေဖြင့် တစ်ဦးလျှင် ဆန် ၅ ပြည် ဖြန့်ဝေပေးထားပြီး CB ဘဏ်၏ လှူဒါန်းမှုဖြင့် ဆန် ၃ ပြည် ထပ်မံကူညီသွားမည်ဟု ၎င်းကပြောသည်။

သဘင်လုပ်သားများအတွက် တစ်ဦးလျှင် ချေးငွေ ကျပ်နှစ်သိန်း(သို့မဟုတ်)သုံးသိန်းခန့် ရရှိနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ မတ်လအတွင်းက တင်ပြထားကြောင်းလည်း ဦးမိုးဝင်း၏ အဆိုအရသိရသည်။

“ကျွန်တော်တို့ သဘင်ထုတစ်ခုတည်း ပြောရတာအားနာပါတယ်။ အကုန်လုံးက ဒုက္ခရောက်နေကြတာကိုး။ ပြောတော့ပြောထားတာပေါ့ ဒါပေမဲ့လည်း အခုနိုင်ငံတော်မှာလိုအပ်ချက်က အရမ်းများနေတော့ မဖြစ်နိုင်ဘူးထင်ပါတယ်” ဟု ဦးမိုးဝင်းကပြောသည်။

မော်လမြိုင်ရှိ ချစ်ပန်းဆုဇာတ်မှ သဘင်လုပ်သား ဦးနေရိုင်းက ၎င်းအနေဖြင့် သန်းခေါင်စာရင်း မပြနိုင်သောကြောင့် အစိုးရက အခြေခံလူတန်းစားများအတွက်ထုတ်ပေးသည့် ဆန်၊ ဆီ စားနပ်ရိက္ခာများကို မရခဲ့ကြောင်း မြို့နယ်သဘင်အစည်းအရုံးမှ ထုတ်ပေးသည့် ဆန် ၁ ပြည်၊ ဆီ ၁ ဘူးနှင့် ဗဟိုမှထုတ်ပေးသည့် ဆန် ၅ ပြည်ကိုသာ ရရှိခဲ့သည်ဟု ဆိုသည်။

သားဖြစ်သူ ပရိဘောဂဆိုင်အလုပ်သမားမှာ ဆိုင်ကယ်မတော်တဆမှုဖြင့် လက်ထိခိုက်ထားပြီး အလုပ်နားထားရကြောင်း၊ လက်ရှိတွင် ၎င်းအပါအဝင် မိသားစု ၆ ဦးမှာ အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေးကျပ်တည်းကာ ငွေသုံးသိန်းကျပ် အကြွေးတင်နေကြောင်း ဦးနေရိုင်းကပြောသည်။

“ရင်းနှီးစားဖို့လောက်တော့ ကူစေချင်တာပေါ့ ဒီမှာအရင်းအနှီးမရှိတော့ ဘာမှအလုပ်မရှိဘူးဖြစ်နေတာ (ကျွန်တော်က) ဈေးရောင်းတတ်တယ်။ အရင်းက ပိုက်ဆံနှစ်သိန်းလောက်ရှိမှ ရတာလေ” ဟု ၎င်းကပြောသည်။

၎င်းလုပ်ကိုင်နေသည့်ဇာတ်တွင် သဘင်လုပ်သားများမှာ တာဝန်ယူရသည့် နေရာအပေါ်မူတည်ပြီး တစ်ညလျှင် ဝင်ငွေ အနိမ့်ဆုံး ၅,၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၈,၀၀၀ ကျပ်အထိရရှိသည်ဟု ဦးနေရိုင်းကဆက်ပြောသည်။

ကိုဗစ်နိုင်တင်းရောဂါ ပျံ့နှံ့ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံတွင်လည်း စီးပွားရေးထိခိုက်မှုများ စတင်ဖြစ်ပေါ်နေပြီး အထူးသဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းများနှင့် လုပ်သားအခြေပြုသည့် စက်ရုံများ(ကုန်ကြမ်းယူ၊ ကုန်ချောပို့ လက်ခစားလုပ်ငန်းများ)မှ လုပ်ငန်းရပ်ဆိုင်းရသည်အထိ ကြုံတွေ့နေရသည်။

ကိုဗစ်နိုင်တင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရန် အစိုးရက ကျပ်ဘီလျံ ၁၀၀ ကျော် မတည်ထားပြီး ယင်းမတည်ငွေထဲမှ ကျပ် ၆ ဘီလျံကျော်ကို အထည်ချုပ်နှင့် ခရီးသွားလုပ်ငန်းအများစုပါဝင်သည့် လုပ်ငန်း ၈၈ ခုအတွက် ထုတ်ချေးထားသည်။

ထို့ပြင် မြန်မာနိုင်ငံ ကိုဗစ်နိုင်တင်း တုံ့ပြန်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို ကမ္ဘာ့ဘဏ်က ထုတ်ချေးမည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button