
ရန်ကုန်မြို့၊ တောင်ဥက္ကလာပ မြို့နယ်မှ ဘိုကလေးမြို့သို့ လာရောက်သူ ၂ ဦးကို ကန့်သတ်စောင့်ကြည့်မှု ခံယူရန် ပြောဆိုသည့် ကျန်းမာရေးစစ်ဆေးသောအဖွဲ့ကို ကိုယ်ထိလက်ရောက်တုံ့ပြန်ခဲ့သဖြင့် ဘိုကလေးမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လစီကျခံစေရန် အမိန့်ချမှတ်လိုက်သည်။
ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းတွင် နေထိုင်သည့် ဒေါ်ခင်မာဦး(၄၄ နှစ်)နှင့် အတူပါလာသူ ကိုညီညီလွင်(၂၉ နှစ်)တို့ကို ဘိုကလေးမြို့နယ်တရားရုံးက ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် ဧပြီ ၂၂ က ထောင်ဒဏ် သုံးလ ချမှတ်လိုက်ခြင်းဖြစ်သည်။
ဒေါ်ခင်မာဦးနှင့် ကိုညီညီလွင်တို့သည် ဧပြီ ၂၁ ည ၈ နာရီခန့် ဘိုကလေးမြို့ထဲသို့ရောက်ရှိလာပြီး မြို့အဝင် နတ်ချောင်းတံတားဂိတ်တွင် ကျန်းမာရေးစစ်ဆေးနေသောအဖွဲ့နှင့် အချင်းများခဲ့ရာမှ စေတနာ့ဝန်ထမ်းနှစ်ဦးကို ပါးရိုက်ခဲ့သည့်အတွက် ဧပြီ ၂၂ တွင် တရားစွဲဆိုကာ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ကိုဗစ်နိုင်တင်းရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်ကာကွယ်ရေး မြို့နယ်အဆင့်ကော်မတီဝင် ဘိုကလေးမြို့နယ် ကျန်းမာရေးမှူး ဦးအေးသောင်းက Myanmar Now ကိုပြောသည်။
နေအိမ်တွင်သာ နေထိုင်ရန် သတ်မှတ်ခံထားရသည့် ရန်ကုန်တိုင်းမှ မြို့နယ် ၇ ခုတွင်နေထိုင်သူများ ဘိုကလေးမြို့သို့ လာရောက်ပါက သတ်မှတ်ထားသော စင်တာတွင် အသွားအလာကန့်သတ်စောင့်ကြည့်ရန် ဧရာဝတီတိုင်းအစိုးရက ညွှန်ကြားထားသည်။
ယင်းကြောင့် အဆိုပါ ၇ မြို့နယ်တွင်ပါဝင်သည့် တောင်ဥက္ကလာမြို့နယ်မှ လာရောက်သူများဖြစ်သဖြင့် ကန့်သတ်စောင့်ကြည့်မှု ခံယူရန်ပြောဆိုသည်ကို အဆိုပါအမျိုးသမီးက လက်မခံဘဲ ပြန်လည်ပြောဆိုပြီး တားဆီးခဲ့သည့် စေတနာ့ဝန်ထမ်းများကို ကိုယ်ထိလက်ရောက်တုံ့ပြန်သဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း ဘိုကလေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ဒေါက်တာ စုစုလှိုင်ကပြောသည်။
ထောင်ဒဏ်သုံးလ ချမှတ်ခံရသော်လည်း အဆိုပါနှစ်ဦးကို ဖျာပုံဆေးရုံတွင် Facility Quarantine ဖြင့် ရဲလုံခြုံရေးချထားကာ စောင့်ကြပ်ထားသည်ဟု ဘိုကလေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆေးရုံအုပ်ဒေါက်တာ စုစုလှိုင်ကပြောသည်။
“ဖျာပုံထောင်ကို ပို့တော့လည်း သုံးလချတယ်ဆိုပေမယ့် ၂၁ ရက်နေတော့မှ ထောင်ထဲကိုအသွင်းခံမှာလေ။ ပြီးတော့ သူတို့က တောင်ဥက္ကလာက ပြန်လာတာဖြစ်တဲ့အတွက် ပိုးပါမပါက မသိဘူးလေ။ အခုတော့ အဲ့ဒီမှာ(ဆေးရုံ) ဘိုကလေးက ရဲငါးယောက် သွားစောင့်နေရတယ်” ဟု ၎င်းကပြောသည်။
လူမှုကွန်ရက်တွင်ပျံ့လာသော ဗီဒီယိုဖိုင်တွင် “ဘယ်နှရက်ပဲချုပ်ချုပ် မငတ်ရင်ပြီးရော အချုပ်ခံနိုင်တယ်။ ငါလည်း ဝန်ထမ်းတစ်ယောက်ပဲ။ ငါပြောတာ ရှင်းရှင်းလေး။ ငါတို့ မြောက်ဥက္ကလာက ပိုတောင်ကြမ်းသေးတယ်” ဟု ဒေါ်ခင်မာဦးဆိုသူက ပြောဆိုနေသည်ကို တွေ့ရသည်။
၎င်းမှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံမှ ဝန်ထမ်းများဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ဒေါ်ခင်မာဦးသည် အောင်မင်္ဂလာအဝေးပြေးကားကွင်းတွင် ခရီးသည်ခေါ်ဆောင်ပေးသည့် အလုပ်လုပ်ကိုင်သူဟု သိရှိရကြောင်း ဒေါက်တာစုစုလှိုင်ကပြောဆိုသည်။
ဘိုကလေးမြို့နယ်တွင် ကိုဗစ်နိုင်တင်းကိုထိန်းချုပ်ရန် ထားရှိသည် Facility Quarantine စင်တာပေါင်း ၆၆ ခုရှိပြီး ကွာရန်တင်းခံထားရသူဦးရေ ၂၄၃ ယောက် ရှိကြောင်း ၎င်းတို့၏ စားသောက်မှုကုန်ကျစရိတ်များကို အလှူရှင်များဖြင့်သာ ဖြေရှင်းနေရကြောင်း ကိုဗစ်နိုင်တင်းရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်ကာကွယ်ရေး ဘိုကလေးမြို့နယ်ကော်မတီထံမှ သိရသည်။