
(ရန်ကုန်) – ရန်ကုန်မြို့သစ်စီမံကိန်းအကြောင်း သတင်းဆောင်းပါးပါ အချက်အလက်တစ်ခု မှားယွင်းနေသည်ဟုဆိုကာ ပြန်လည်တောင်းပန်ရန် ရန်ကုန်တိုင်းအစိုးရ၏ တောင်းဆိုမှုကို Eleven သတင်းဌာနက ပယ်ချလိုက်သည်။
“သူတို့ဘက်က အမှုရုပ်သိမ်းပေးတယ်။ ကျွန်တော်တို့ ကြိုဆိုတယ်။ ကျွန်တော်တို့ဘက်ကတော့ မှားယွင်းတဲ့ အချက်အလက်ပေါ်မူတည်ပြီး ရေးတာမဟုတ်တဲ့အတွက် သူတို့တောင်းဆိုသလို တောင်းပန်ဖို့တော့ မရှိဘူး။ လွှတ်တော်မှာ ဆွေးနွေးတဲ့အပိုင်းကို ရေးတာ။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ စာရင်းစစ်ချုပ်ကသူတွေနဲ့ ပူးပေါင်းအဖြေရှာလို့ရပါတယ်” ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ယနေ့တွေ့ဆုံပွဲအပြီးတွင် Eleven ဂျာနယ်၏ အယ်ဒီတာ ဦးကျော်ဇောလင်းကပြောသည်။
အောက်တိုဘာ ၈ ရက်နေ့ထုတ် Eleven ဂျာနယ်တွင် ဖြိုးဝေရေးသားသည့် “အမြဲရှုံးနေသည့် စက်သုံးဆီဆိုင်များပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါးပါ အချက်အလက်တစ်ခုသည် မမှန်ကန်ဟု ဆိုကာ ရန်ကုန်တိုင်းအစိုးရဘက်က ပြောကြားနေခြင်းဖြစ်သည်။
အဆိုပါ ဆောင်းပါးတွင် ရန်ကုန်မြို့သစ်စီမံကိန်းတည်ထောင်မည့် Yangon Metropolitan Development Public Co,Ltd တွင် ရန်ကုန် စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းနှင့် ဆက်စပ်သည့် ရှယ်ယာပေါင်း ၆၄ဝ,ဝဝဝ နီးပါး ပိုင်ဆိုင်မှု အကြောင်း ဝေဖန်ချက်တချို့ ပါဝင်သည်။
ယင်းရှယ်ယာရှင် အမည်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဆိုသည့် အမည်အောက်တွင် ရှိနေသင့်ကြောင်း၊ ဝန်ကြီးရာထူးအောက်တွင် ပြည်သူ့ဘဏ္ဍာဖြင့် ဝယ်ယူထားသည့် ရှယ်ယာများအား မထားဘဲ ဦးမြင့်သောင်း အမည်အောက်တွင် ရှယ်ယာထားခြင်းမှာ လွဲမှားနေကြောင်း အဆိုပါဆောင်းပါးတွင် ရေးသားထားခြင်းကို ရန်ကုန်တိုင်းအစိုးရက သဘောမကျခဲ့ခြင်းဖြစ်သည်။
အဆိုပါ အရေးအသားကြောင့် ဆောင်းပါးရှင်နှင့် အယ်ဒီတာ ကျော်ဇောလင်း၊ နရီမင်းတို့သုံးဦးအား အမြင့်ဆုံးထောင်ဒဏ် ၂ နှစ် အထိ ချခံရနိုင်သော၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဟု လူသိများသော ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ဖမ်းချုပ်ခဲ့ကာ တရားစွဲခဲ့သော်လည်း နိုဝင်ဘာလဆန်းတွင် အမှု ပြန်လည်ရုပ်သိမ်းခဲ့ပြီး သတင်းသမားများကို ပြန်လွှတ်ပေးခဲ့သည်။
ယင်းနောက် သမ္မတရုံး၏ ညွှန်ကြားချက်အတိုင်း အဆိုပါပြဿနာကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ ဖြေရှင်းပေးရန် တောင်းဆိုခဲ့ပြီး Eleven ကို ပြန်တောင်းပန်ရန်လည်း ရန်ကုန်တိုင်းအစိုးရဘက်က တောင်းဆိုခဲ့သည်။
ကောင်စီနှင့် ညှိနှိုင်းမှုကို စောင့်ကြည့်နေပြီး ညှိနှိုင်းမရပါက ဥပဒေ လမ်းကြောင်းအရ အရေးယူဆောင်ရွက်ရန် သမ္မတရုံးက ညွှန်ကြားချက်ရထားကြောင်း ရန်ကုန် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုဝင်ဘာ ၈ ရက်နေ႔က အစိုးရသတင်းဌာန များနှင့် Sky Net ရုပ်သံတို့ကို ဖိတ်ခေါ်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
ကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်က အဆိုပါ ပြဿနာကို ကြားဝင်ဖြေရှင်းပေးနိုင်မည်ဟု ယုံကြည်နေပြီး ကောင်စီ၏အကြံပြုချက်ကို ရန်ကုန်အစိုးရဘက်က လက်ခံခဲ့ကာ အမှုရုပ်သိမ်းပေးခဲ့သည်ဟု ဆိုသည်။
“နှစ်ဖက် ပြေလည်သွားတဲ့အထိ ကျွန်တော်တို့ ကြိုးစားမယ်။ ညှိလို့မှမရရင်လည်း တစ်မျိုးပေါ့။ ရမယ်လို့ထင်တယ်” ဟု ၄င်းက ဆိုသည်။