ညမထွက်ရအမိန့် မလိုက်နာသည့် ပဲခူးတိုင်း၊ ပြည်မြို့ခံ အမျိုးသား ၂၁ ဦးကို ပြည်မြို့နယ်တရားရုံးက ဧပြီ ၂၁ ကပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ဖမ်းဆီးတရားစွဲဆိုခဲ့သည့် ပြည်မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်ဇေယျက Myanmar Now ကိုပြောသည်။
အဆိုပါအမျိုးသား ၂၁ ဦးကို ဧပြီ ၂၀ ည ၁၀ နာရီကျော်တွင် ဖမ်းမိခဲ့ပြီး နောက်တစ်ရက်တွင် စစ်ဆေးကာ နေ့ချင်းအမိန့်ချမှတ်ခဲ့ခြင်းဟု ၎င်းကဆိုသည်။
တရားရုံးက ထောင်ဒဏ် ၇ ရက် သိုမဟုတ် ဒဏ်ငွေ ကျပ်နှစ်သောင်း ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ပြီး အဆိုပါအမျိုးသား ၂၁ ဦးစလုံးက ဒဏ်ငွေပေးဆောင်ခဲ့ကြောင်း ၎င်းကဆိုသည်။
“မနေ့ ညကတောင် တစ်ယောက်ရှိတယ်။ ဒါကြောင့် ဒီနေ့ တရားစွဲဆိုဖို့ရှိတယ်”ဟု ဦးကျော်ဇေယျကပြောသည်။
ညမထွက်ရမိန့် ၁၄၄ ကိုချိုးဖောက်သဖြင့် ပြစ်မှုဆိုင်ရာ ရာဇသကြီးဥပဒေပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခဲ့ပြီး ယင်းပုဒ်မမှာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်လအထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သော ပုဒ်မဖြစ်သည်။
ပြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုးကြည်ကတော့ ယခုချမှတ်ခဲ့သော ပြစ်ဒဏ်သည် အနိမ့်ဆုံးပြစ်ဒဏ်သာဖြစ်ပြီး နောက်ထပ်ကြူးလွန်သူများရှိပါက ပြစ်ဒဏ်ထပ်တိုးသွားမည်ဟု ကြားသိရကြောင်းပြောဆိုသည်။
“ဒါလေး(ညမထွက်ရအမိန့်) လုပ်လိုက်တဲ့အတွက် တစ်ချက်တော့ သက်သာသွားတယ်။ မဟုတ်ရင် တစ်ညလုံး ကားတွေ ဝင်နေတာဆိုတော့ နေရာလေးခုမှာ စစ်ဆေးနေရတာ”ဟု ၎င်းကပြောသည်။
ပြည်ခရိုင်အတွင်း ကွာရန်တင်းစင်တာ လေးခုရှိထားပြီး စောင့်ကြည့်ကန့်သတ်ခံထားရသူ ၂၀၀ နီးပါးရှိကာ ကုန်ကျစရိတ်ကို အလှူရှင်များ၏ လှူဒါန်းမှုဖြင့်သာ တာဝန်ယူကျွေးမွေးထားသည်ဟု ၎င်းကဆိုသည်။
ပြည်မြို့နယ် ပြည်သူ့ဆေးရုံ၏ မေးဆေးဆရာဝန်ကြီး တစ်ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း သုံးဦးတွင် ကိုဗစ်နိုင်တင်းရောဂါကူးစက်ခံထားရပြီး ကျန်းမာရေးဝန်ထမ်း ၁၁ ဦးကိုလည်း ပြည်တက္ကသိုလ် သန္တာဆောင်တွင် တစ်ယောက်တစ်ခန်းဖြင့် ကြပ်မတ်စောင့်ကြည့်ထားကြောင်း ၎င်းထံမှသိရသည်။
ပြည်မြို့တွင် ကိုဗစ်နိုင်တင်း ရောဂါကာကွယ်တားဆီးရေးအတွက် နေ့စဉ် ည ၁၀ နာရီမှ မနက် ၄ နာရီအတွင်း ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ နေအိမ်မှ လုံးဝမထွက်ရန် ဧပြီ ၁၈ ကထုတ်ပြန်ထားပြီး နောက်ထပ်အမိန့်တစ်စုံတစ်ရာထုတ်ပြန်မှု မရှိခင်အထိ ယင်းအမိန့်မှာ အတည်ဖြစ်ကြောင်း ပဲခူးတိုင်းအစိုးရ၏ ညွှန်ကြားမှုဖြင့် ထုတ်ပြန်သော ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းအပြင် နေ့အချိန်များတွင်လည်း မဖြစ်မနေပြင်ပသွားလာရန် ကိစ္စရှိပါက ပါးစပ်၊နှာခေါင်းစည်းများ တပ်ရန်နှင့် ဖြစ်နိုင်ပါက တစ်အိမ်လျှင် တစ်ဦးသာ အပြင်ထွက်ရန်၊ အရေးပေါ်ကိစ္စများအတွက် ၅ ဦးထက်ပိုမစုရန် ဈေးသည်များနှင့် ဈေးဝယ်သူများအားလုံးလည်း ပါးစပ်၊နှာခေါင်းစည်းများ တပ်ပြီး သတ်မှတ်အကွာအဝေးမှသာ အရောင်းအဝယ်ပြုရန် အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။