ကိုရိုနာဗိုင်းရပ်ရှိမရှိ စောင့်ကြည့်သည့်စင်တာ(Quarantine Center) များတွင် နေထိုင်သည့် စောင့်ကြည့်ခံရသူများမှာ စားစရိတ်ကျခံပေးရမည့် အစီအစဉ်ကို ရန်ကုန်တိုင်းတွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း တိုင်းအစိုးရထံမှသိရှိရသည်။
ယခုရက်ပိုင်းအတွင်း စတင်ဖွင့်လှစ်ခဲ့သည့် ကမာရွတ်မြို့နယ် တက္ကသိုလ်များနယ်မြေရှိ အမရာဆောင်သစ်တွင် စောင့်ကြည့်ခံရမည့်သူများ အနေဖြင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ယူဆောင်လာရန်နှင့် မနက်စာ၊ နေ့လယ်စာ၊ ညစာ အတွက် တစ်နေ့ငါးထောင်ကျပ်နှုန်း ပေးဆောင်ရန် ရန်ကုန်တိုင်းအစိုးရနှင့် ကျန်းမာရေးဦးစီးဌာနက ဆုံးဖြတ်လိုက်ကြောင်း ရန်ကုန်တိုင်း ကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီး ဒေါ်မိုးမိုးစုကြည်က Myanmar Now ကို ပြောသည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စောင့်ကြည့်စင်တာပေါင်း ၂၅ ခုရှိသည့်အနက် စားသောက်စရိတ် တစ်ရက် ၅၀၀၀ ကျပ် ပေးရသည့် အစီအစဉ်မှာ အမရာဆောင် တစ်ခုသာရှိသေးကြောင်း ဒေါ်မိုးမိုးစုကြည်က ရှင်းပြသည်။
အဆောင်သစ်တွင် စင်တာတည်ထောင်ရသည့်အတွက် စောင်၊ ခြင်ထောင်၊ မွေ့ရာ စသည့် တစ်ကိုယ်သုံးပစ္စည်းများစွာကိုလည်း စုဆောင်းရပြီး စက်ရုံ၊အလုပ်ရုံများ ပိတ်သည့် အခြေအနေတွင် ထိုသို့ စုဆောင်းရန် ခက်ခဲလာကြောင်း ၎င်းကဆိုသည်။
ထို့ကြောင့် တတ်နိုင်သူများအနေဖြင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ယူဆောင်ရန်နှင့် တစ်နေ့စာ စားသောက်စရိတ် ကျပ်ငါးထောင်ပေးဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
အခြားသော စင်တာများတွင်မူ အလှူရှင်များနှင့် ဆရာတော်များက စောင့်ကြည့်ခံရသူများအတွက် နေ၊စားစရိတ်ကို လှူဒါန်းပေးလျက်ပင်ရှိကြောင်း၊ အလှူရှင်မရှိပါက စားစရိတ်ကောက်ခံရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“စားသောက်ရေးအတွက် ငါးထောင်ကို ချက်ပေးရတဲ့ ဆိုင်တွေက ငါးထောင်နှုန်းနဲ့ မရရအောင် ချက်ပြီးတော့ lunch box, dinner box တွေနဲ့ ပို့ပါတယ်။ အမရာဆောင်မှာ ငါးထောင်နှုန်းနဲ့ ကျွေးဖို့ ညှိနှိုင်းပြီးတော့ ကိုယ့်ရဲ့ တစ်ကိုယ်ရေတစ်ကာယ တစ်နေ့စာလေးကို ပါဝင်ကြဖို့အတွက် ကျန်းမာရေးဌာနကလည်း ဆောင်ရွက်တယ်”ဟု ၎င်းက ဆိုသည်။
သို့သော် ခြွင်းချက်အနေဖြင့် တစ်နေ့လျှင် ငါးထောင်ကျပ် ပေးဆောင်ရန် ခက်ခဲသူများကို တိုင်း ကျန်းမာရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်း အစိုးရက ကူညီပေးမည်ဟု ၎င်းက ဆိုသည်။
“လိုအပ်တဲ့ သူတွေကို ဖြည့်ပေးပါတယ်။ မလိုအပ်လို့ မိမိကိုယ်တိုင် အကုန်အကျ ခံမယ့်သူတွေကို အကုန်အကျ ခံကြဖို့ အမရာဆောင်ကနေ စတင်ပြီးတော့ ဆောင်ရွက်တာပါ” ဟု ၎င်းက ဆိုခြင်း ဖြစ်သည်။
ကိုဗစ်နိုင်တင်းရောဂါ ပိုးရှိသူနှင့် ထိစပ်ခဲ့သူများအနေဖြင့် အစိုးရသတ်မှတ်ထားသည့် စင်တာတွင် ၂၁ ရက်ကြာ စောင့်ကြည့်ခံရမည်ဖြစ်ရာ တစ်ရက်လျှင် ငါးထောင်ကျပ် နှုန်းဖြင့် စုစုပေါင်း ၁၀၅၀၀၀ ကျပ် ကိုယ်တိုင် ကျခံရမည် ဖြစ်သည်။
Myanmar Now ၏ ဆက်သွယ်မေးမြန်းချက်အရ ဒေါပုံမြို့နယ်နှင့် လှိုင်သာယာမြို့နယ်ရှိ ကိုဗစ်နိုင်တင်းရောဂါပိုးရှိသူများနှင့် ထိစပ်သူများကို စောင့်ကြည့်သည့် နေရာများတွင်လည်း တစ်နေ့ ကျပ် ငါးထောင်ပေးဆောင်ရသည့် အစီအစဉ်ကို စတင်နေပြီ ဖြစ်သည်။
လှိုင်သာယာမြို့နယ်ရှိ လူနာနံပါတ် ၁၁၁ နှင့် ထိတွေ့ခဲ့သူ လေးဦးမှာ ငွေကြေးမတတ်နိုင်သူများဖြစ်၍ ၎င်းတို့အတွက် ကုန်ကျစရိတ်ကို လှိုင်သာယာမြို့နယ် ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီက တာဝန်ယူပေးထားသည်ဟု ကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။
“ကျွန်တော်တို့ ကိုယ်စားလှယ်တွေက အားလုံးကိုတော့ ဆောင်ရွက်ပေးချင်တယ်။ သို့ပေမဲ့ ရန်ပုံငွေ ပေါ်မူတည်ပြီးတော့ ဆောင်ရွက်ပေးရမှာပေါ့။ ရေရှည်ကြီး ဒါကဘယ်လောက် ကြာသွားမလဲ။ မသိဘူး။ ကျွန်တော်တို့က နိုင်သည်အထိတော့ ဆောင်ရွက်ပေးမှာပဲ။ မနိုင်တော့ဘူးဆိုရင် သက်ဆိုင်ရာ တိုင်းဒေသကြီး တာဝန်ရှိတဲ့သူတွေကို တင်ပြရမှာပေါ့” ဟု ၎င်းက ဆိုသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဧပြီ ၁၉ ထုတ်ပြန်ချက်တွင်ပါရှိခဲ့သည့် ကိုဗစ်နိုင်တင်းလူနာနံပါတ် ၉၉ ၏ မိသားစုဝင် သုံးဦးမှာလည်း အမရာဆောင် စောင့်ကြည့်စင်တာသို့ ပို့ဆောင်ခံရပြီး တစ်နေ့လျှင် တစ်ဦးကို ငါးထောင်ကျပ်နှုန်း ပေးဆောင်ရကြောင်း ဒေါပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက ပြောသည်။
“သူတို့ဆီမှာ အလှူရှင်ရှိတဲ့အခါဆိုရင်တော့ အဲ့ဒီလူတွေကိုထမင်းကျွေးနိုင်တယ်။ အလှူရှင်မရှိတဲ့နေ့တွေဆိုရင် သူတို့ထမင်းမကျွေးနိုင်ဘူး။ အမြဲတမ်းတော့ အလှူရှင်မရှိဘူးပေါ့ဗျာ။ အဲ့ဒီအခါမျိုးကျရင်တော့ ကွာရန်တင်းဝင်တဲ့သူတွေက စရိတ်မျှပေးတဲ့အနေနဲ့ ငွေငါးထောင်ပေးရတယ်”ဟု ဦးကျော်သက်ထူးက ပြောသည်။
အမရာဆောင်စောင့်ကြည့်စင်တာမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါ်ဟန်နီနီဇော်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ လက်ရှိတွင် အလှူရှင်များရှိသဖြင့် အခက်အခဲမရှိကြောင်းနှင့် စောင့်ကြည့်ခံထားရသူ တစ်ရာကျော် ရှိသည်ဟုဆိုသည်။ အသေးစိတ်သိရှိနိုင်ရန် စင်တာ၏တာဝန်ခံ ဒေါက်တာရဲရင့်ထွန်းထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
အစိုးရသတ်မှတ်ထားသည့် စောင့်ကြည့်စင်တာများတွင် စောင့်ကြည့်ကန့်သတ်ခံရသူထံမှ ကုန်ကျစရိတ်အတွက် ယခင်ကကောက်ခံခြင်းမရှိခဲ့သော်လည်း လက်ရှိတွင် စောင့်ကြည့်သူများ များပြားလာသဖြင့် စောင့်ကြည့်ခံထားရသူများက စရိတ်မျှခံရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ညွှန်ကြားခြင်း ဖြစ်သည်ဟု ဒေါပုံမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ဦးသန့်ဇင်ကပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းကူးစက်ခံခဲ့ရသည့်လူနာဦးရေ ၁၁၉ ဦးရှိခဲ့သည့်အနက် သေဆုံးသူ ၅ ဦး၊ ပြန်လည်ကောင်းမွန်သူ ၇ ဦး ရှိလာပြီး လတ်တလောတွင် သံသယလူနာနှင့်စောင့်ကြည့်ခံရသူ စုစုပေါင်း၂၀၈၉ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီ ၂၀ ည ၁၁ နာရီတွင် သတင်းထုတ်ပြန်ထားသည်။