သတင်း

ရိက္ခာလာပို့ စစ်တပ်က ရွှေဘိုဒေသခံ ၅၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်

မေလ ၃ ရက်နေ့က စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်က ၎င်းတို့အချင်းချင်း ကားနှစ်စီးဖြင့် ရိက္ခာနှင့် လက်နက်ခဲယမ်း သွားပို့စဉ် ဒေသခံ ရွာသား ၅၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားသည်။

ရွှေဘိုမြို့အရှေ့ဘက် ၁၆ မိုင်ခန့်အကွာ ကျောက်မြောင်းမြို့ရှိ စစ်စခန်းကို ရိက္ခာလာပို့စဉ် စစ်သား ၄၀ ခန့် လုံခြုံရေးလိုက်ပါလာသည့်အပြင် ဒေသခံများကိုပါ ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ် အသုံးပြုသည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဆိုသည်။

“ရွာသားတွေ အများကြီးဖမ်းခေါ်လာပြီး လူသားဒိုင်းလို အသုံးချပြီး ထိုးလာတာ။ ဖမ်းလာတဲ့ဒေသခံကို ၅၀ ဝန်းကျင်လောက်ရှိတယ်” ဟု ရွှေဘိုမြို့နယ်အရှေ့ပိုင်းရှိ တအုံကျေးရွာ ပကဖအဖွဲ့မှ ကိုတိုက်ဂေါ ဆိုသူက ပြောသည်။

လမ်းတလျှောက် တွေ့သည့် ဒေသခံများကို ကျောက်မြောင်းမြို့အနီး အုံးပေါက်ကျေးရွာ ဘုန်းကြီးကျောင်းအထိ ဖမ်းဆီးခေါ်ဆောင်လာကြောင်း၊ ရိက္ခာပို့ပြီးအပြန် တအုံရွာအရောက်၌ ဖမ်းထားသူများကို ပြန်လွှတ်ပေးကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော Black Wolf PDF မှ အဖွဲ့တစ်ဦးကလည်း ပြောသည်။

ရိက္ခာပို့ပြီးအပြန် ဒေသခံများ လွတ်သွားပြီးနောက် ထိုစစ်သားများကို ဒေသကာကွယ်ရေးအဖွဲ့များက ချုံခို တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“ဓားစာခံတွေကို ထားခဲ့ပြီးတော့ ထွက်လာတဲ့အချိန်တွေမှာ ချကြရတာပါ။ ပြည်သူတွေ မရှိတဲ့အချိန်တွေ တိုက်ခိုက်ရတာပေါ့။ ကျွန်တော်တို့ သုံးကြိမ်လောက် တိုက်ခိုက်ခဲ့တယ်” ဟု အထက်ပါ Black Wolf PDF ‌တပ်ဖွဲ့ဝင်က ပြောသည်။

ထိုသို့ ချုံခိုတိုက်ခိုက်စဉ် ၎င်းတို့ဘက်မှ ထိခိုက်မှုမရှိသော်လည်း စစ်သား ၄ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရသည်ဟု ဆိုသည်။ ထိုအချက်ကို သီးခြားအတည်မပြုနိုင်ပေ။ 

လွန်ခဲ့သည့် ဧပြီ ၂၆ ရက်က ရွှေဘိုမြို့ပေါ်တွင် အရာရှိနှစ်ဦးနှင့် စစ်သားနှစ်ဦး တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရွှေဘိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို ယမန်နေ့အထိ စစ်ကြောင်းထိုးနေသည်ဟု သိရသည်။ ရွှေဘိုရှိ ရွာကြီးတစ်ရွာဖြစ်သော ဆိပ်ခွန်၌ တပ်စွဲထားသည့် စစ်တပ်မှ ဒုဗိုလ်တစ်ဦး၊ ဒုအရာခံတစ်ဦးနှင့် တပ်သားနှစ်ဦးမှာ မြို့ပေါ်၌ တိုက်ခိုက်ခံရစဉ် သေဆုံးခဲ့သည်။ 

ထို့နောက် စစ်တပ်က ပျူစောထီးလက်နက်ကိုင်များနှင့်အတူ အနောက်ခြမ်းရှိ ကျေးရွာများကို စီးနင်းတိုက်ခိုက်နေသည်ဟု ဒေသအခြေစိုက် Myanmar Defense Force-Shwebo အမည်ရ တော်လှန်ရေးအဖွဲ့မှ ကိုမှိုင်း ဆိုသူက ပြောသည်။

“အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးတော့ ဆိပ်ခွန်ထဲက စစ်သားတွေက ထန်းဇင်ရွာကိုဝင် အိမ်နှစ်လုံး မီးရှို့၊ ပြန်သွား။ နောက်တစ်နေ့ ထန်းဇင်ကို ပြန်ဝင်၊ အဲ့လိုတွေလုပ်နေပြီးတော့ ၂၉ ရက်နေ့မှာ ဆိပ်ခွန်ကနေ မြင်းချင်း(ရွာ) အထိ သွား၊ အင်အားဖြည့်ပြီး စစ်ကြောင်းပြန်ထိုးလုပ်နေတာ”

စစ်ကောင်စီတပ်သည် အင်အား ၆၀ မှ ၉၀ အထိ ဖြည့်တင်းကာ ယမန်နေ့အထိ ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ ထန်းဇင်၊ ဆိပ်ခွန်၊ စောင်းတန်း၊ ထူးကြီး၊ တည်ပင် စသည့် ကျေးရွာများကို လှည့်လည် စစ်ကြောင်းထိုးနေသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button