
ကိုဗစ်နိုင်တင်းရောဂါ ဓာတ်ခွဲစမ်းသပ်မှုများကို နေ့စဉ် ၃၀၀ ကျော်စစ်ဆေးနေရာမှ စက်ပစ္စည်းနှင့် ဓာတ်ခွဲခန်းအသစ်များ အကူအညီဖြင့် ယခုလကုန်ပိုင်းတွင် ငါးဆကျော် တိုးမြှင့်စစ်ဆေးနိုင်တော့မည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက Myanmar Now ကိုပြောသည်။
AA Medical Products Ltd ကလှူဒါန်းသည့် ၂၄ နာရီအတွင်း လူပေါင်း ၁,၃၀၀ ကျော်ကို စစ်ဆေးနိုင်သော စက်မှာ ဧပြီ ၂၆ ရက်ခန့်တွင် ပြည်တွင်းသို့ ရောက်နိုင်မည်ဟု မျှော်မှန်းထားခြင်း၊ မန္တလေးနှင့်မော်လမြိုင်တို့တွင် ဓာတ်ခွဲခန်းတည်ဆောက်မှုလုပ်ငန်းများ မကြာမီပြီးစီးရန်ရှိခြင်း၊ တရုတ်နိုင်ငံမှ အကူအညီပေးရေးအဖွဲ့ မနက်ဖြန် (ဧပြီ၂၁)ပြန်ချိန်တွင် ၎င်းတို့နှင့်အတူပါရှိလာသော ဓာတ်ခွဲစက်နှင့်ပစ္စည်းများ လွှဲပြောင်းလက်ခံရန်ရှိခြင်း စသည်တို့ကြောင့် စစ်ဆေးမှုပမာဏ တိုးလာနိုင်ခြင်းဖြစ်သည်ဟု ဒေါက်တာသန်းနိုင်စိုးကဆိုသည်။
“စစချင်းမှာတော့ ပစ္စည်းတွေဝယ်ဖို့ အခက်အခဲရှိပေမယ့် အခုတော့တော်တော်လေး ပြန်အဆင်ပြေလာပါပြီ”ဟု ၎င်းကပြောသည်။
ထို့အတူ မှာယူထားသော ဓာတ်ခွဲခန်းသုံးဆက်စပ်ပစ္စည်း နှစ်သောင်းကျော်သည်လည်း ယခုလကုန်ပိုင်းအတွင်း ရောက်ရှိမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခန့်မှန်းထားသည်။
“များများစစ်နိုင်ရင် များများတိုးစစ်မှာပါ။ အခုကစစ်နိုင်တဲ့ အနေအထားကလည်း အကန့်အသတ်ရှိနေတာပါ။ အခုက ရောဂါလက္ခဏာပြတဲ့သူနဲ့ ထိတွေ့တဲ့သူလို အရေးကြီးတာတွေကိုပဲ ပိုပြီးဦးစားပေးစစ်နေတာပါ။ စစ်ဆေးမှုနဲ့ဆိုင်တဲ့ မူဝါဒပြောင်းမပြောင်းကတော့ အခုပြောလို့မရသေးဘူး။ တိုင်ပင်ဆွေးနွေးမှုတွေလုပ်ရဦးမှာပါ” ဟု ဒေါက်တာသန်းနိုင်စိုးကပြောသည်။
ယခုတွင်မူ ရောဂါလက္ခဏာပြသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ အားလုံးနှင့် အသွားအလာကန့်သတ် စောင့်ကြည့်နေသည့် ပြည်တော်ပြန်များထဲမှ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိကို ရွေးထုတ်၍ ရောဂါပိုးစိစစ်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
ဧပြီ ၁၉ ရက်အထိ လူပေါင်း ၄၇၀၀ ကျော်ကို ရောဂါပိုးရှိမရှိ အခမဲ့စမ်းသပ်စစ်ဆေးနိုင်ခဲ့ပြီး သယ်ယူပို့ဆောင် စရိတ်မပါ တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲခန့်ကုန်ကျသည်ဟု ဒေါက်တာသန်းနိုင်စိုးထံမှသိရသည်။
မြန်မာနိုင်ငံတွင် ယနေ့နံနက်ပိုင်းအထိ ရောဂါကူးစက်ခံရသူ ၁၁၁ ဦးအထိရှိလာပြီဖြစ်သည်။
“အင်းစိန်နဲ့ ၈ မိုင်(မရမ်းကုန်း) ကူးစက်မှုနှစ်ခုကသာ အရေအတွက်တက်တာပါ။ ဒီနှစ်ခုက ဆက်နွှယ်မှုလည်း ရှိတယ်။ ဒါကြောင့် လူစုလူဝေးမလုပ်ဖို့၊ နိုင်ငံခြားပြန်တွေအနေနဲ့ အသွားအလာကန့်သတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာရင် အလွန်အမင်းပြန့်ပွားမှုကိုထိန်းနိုင်မှာပါ”ဟု ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာန၊ ညွှန်ကြားရေးမှူးလည်းဖြစ်သူ ဒေါက်တာသန်းနိုင်စိုးကပြောသည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်နိုင်တင်းရောဂါတွေ့ရှိရမှုတွင် ရန်ကုန်တိုင်းတွင် ၉၁ ဦးဖြင့် ကူးစက်ခံရသူအများဆုံးဖြစ်နေပြီး ယင်းတို့အနက် ဘာသာရေးအခမ်းအနားမှတစ်ဆင့် အုပ်စုလိုက်ကူးစက်မှုနှုန်း အများဆုံးဖြစ်ခဲ့သည့် အင်းစိန်နှင့် ၈ မိုင်အုပ်စုတို့မှ ကူးစက်သူပေါင်း ၅၂ ဦး အထိရှိနေကာ ၎င်းတို့မှာ လူနာနံပါတ် ၂၄ နှင့် ထိတွေ့ဆက်စပ်မှု ရှိခဲ့သူများဖြစ်သည်။
ထို့အတူ ယခုလကုန်ပိုင်းတွင် ထိုင်းနယ်စပ်မှတစ်ဆင့် ပြည်တော်ပြန်လာမည့် မြန်မာနိုင်ငံသားများနှင့် ပတ်သက် ၍ အဆိုးဆုံးကို ပြင်ဆင်ထားသော်လည်း အကောင်းဘက်ကို မျှော်လင့်ထားကြောင်း ဒေါက်တာသန်းနိုင်စိုးကဆို သည်။
“ထိုင်းမှာလည်း ရောဂါပျံ့နှံ့မှုနှုန်းက အရမ်းကြီးမြင့်နေတာမျိုးမရှိဘူး။ ပြီးတော့ ပြန်လာမယ့် ကျွန်တော်တို့နိုင်ငံသားတွေကလည်း အပြင်မထွက်ရဘဲ ကိုယ့်ဘာသာ စုနေကြရတဲ့အနေအထား၊ ရောဂါကူးခံရတယ်လို့လည်း သိပ်မကြားရဘူး။ ဒီဘက်မှာလည်း အချိန်ယူပြင်ဆင်ထားတာရှိတော့ အခြေအနေကောင်းမယ်လို့ မျှော်လင့်ထားပါတယ်။ သတိတော့ထားပြီး ကိုင်တွယ်မှာပါ”ဟု ၎င်းကပြောသည်။
ကိုဗစ်နိုင်တင်းကိုရင်ဆိုင်ရန် လိုအပ်သည့် လူနှင့်စက်ပစ္စည်းများကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်နေသော်လည်း အောင်မြင်နိုင်ရေးမှာ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ခြင်းရှိမရှိပေါ်တွင်သာ မူတည်နေကြောင်း ဒေါက်တာသန်းနိုင်စိုးက ဆက်ပြော သည်။
“နိုင်ငံတကာမှာလည်းဒီအတိုင်းပါပဲ။ ရှေ့အခြေအနေက အင်မတန်မှန်းရခက်ပါတယ်။ ဒီအခြေအနေကို ထိန်းထားနိုင်မလားဆိုတာက ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုက အဓိကကျပါတယ်။ ပြည်သူတွေ အိမ်ထဲကမထွက်ဘူး၊ ခပ်ခွာခွာပဲနေပြီး ကူးဆက်မှုကွင်းဆက်ကို ဖြတ်တောက်ပေးကြမယ်ဆိုရင် အထိအခိုက်အနည်းဆုံးနဲ့ အောင်မြင်နိုင်မှာပါ”ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်နိုင်တင်းရောဂါကြောင့် သေဆုံးသူ ၅ ဦး၊ ကုသမှုခံယူပြီးနောက် ရောဂါပိုးကင်းစင်ပြီးဖြစ်ကြောင်း စိစစ်တွေ့ရှိရသူ ၇ ဦးရှိနေပြီး ၉၉ ဦးမှာ သတ်မှတ်ဆေးရုံများတွင် ကုသမှုခံယူလျက်ရှိသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။