
တပ်မတော်အတွင်း ကိုဗစ်နိုင်တင်းရောဂါ ကူးစက်မှုမရှိသေးဟု ကြေညာထားသော်လည်း အသွားအလာကန့်သတ် စောင့်ကြည့်သူဦးရေမှာ ၁၀ ရက်အတွင်း ၅ ဆကျော် တိုးလာနေကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်များအရ သိရသည်။
“(ရောဂါ)ပျံ့နှံ့နေလို့ အရေအတွက်များလာတာ မဟုတ်ပါဘူး။ ထိတွေ့မှုရှိတယ် သတင်းပို့တဲ့သူတွေကို ကျွန်တော်တို့က Quarantine (အသွားအလာကန့်သတ်) လုပ်ခိုင်းတာပါ” ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုသည်။
တပ်မတော်တွင် ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ဆောင်နေပြီး ပြည်ပမှ သင်တန်းသော်လည်းကောင်း၊ လေ့လာရေးသော်လည်းကောင်း ပြန်လာသူများနှင့် မိသားစုများ၊ ပြည်ပကပြန်လာသည့် မိသားစုဝင်များနှင့် ဆွေမျိုးသားချင်းများကို အသွားအလာကန့်သတ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ မတ် ၃၀ ထုတ်ပြန်ချက်တွင် ဆေးရုံ၊ အိမ် သို့မဟုတ် သတ်မှတ်နေရာ၌ အသွားအလာကန့်သတ် စောင့်ကြည့်နေသူ အရာရှိ၊ စစ်သည်နှင့်မှီခို စုစုပေါင်း ၆၇ ဦးရှိကြောင်း ဖော်ပြထားပြီး နောက်ထပ် ၁၀ ရက်အကြာ ဧပြီ ၈ သတင်းထုတ်ပြန်ချက်တွင်မူ စောင့်ကြည့်ဦးရေမှာ ၃၇၉ ဦးအထိ ရှိလာကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
ယင်းတို့အနက် ဆေးရုံတွင် သီးခြားထားရှိ ကုသနေရသူ (Hospital Isolation) သုံးဦးပါဝင်ပြီး စောင့်ကြည့်သူအားလုံး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“Hospital Isolation ဆိုတာက ဆေးရုံတက်နေတဲ့အချိန်မှာ အဖျားရှိတယ်၊ ကိုဗစ်နိုင်တင်းနဲ့ ခပ်ဆင်ဆင်လက္ခဏာတွေ တွေ့တာပေါ့နော်။ ဒါကြောင့် သီးခြားစောင့်ကြည့်တာပါ။ ရောဂါပိုးတွေ့တာမျိုးတော့ မဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုသည်။
တပ်မတော်တွင် ကိုဗစ်နိုင်တင်းရောဂါ ရှိမရှိ ဓာတ်ခွဲစစ်ဆေးနိုင်ခြင်း မရှိသေးဘဲ၊ ကနဦးစစ်ဆေးသည့် Test Kit များဖြင့် စစ်ဆေးနေကြောင်း၊ ရောဂါပိုးဓာတ်ခွဲအတည်ပြုရန် လိုအပ်သည့်အခြေအနေ ရှိလာပါက အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးရမည်ဖြစ်ကြောင်း၊ တပ်မတော်တွင် စစ်ဆေးရန်စက်ရှိသော်လည်း ဓာတ်ခွဲစစ်ဆေးနိုင်ရန် လိုအပ်ချက်များရှိနေသေးကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့စစ်နေတဲ့ နည်းလမ်းတွေမှာ ဘာမှမတွေ့ရသေးဘူး။ အမျိုးသား ကျန်းမာရေးဓာတ်ခွဲခန်းကို ပို့ပြီးစစ်တာ ကျွန်တော်သိသလောက်တော့ မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။
ကိုဗစ်နိုင်တင်း ကူးစက်ခံရသူတွေ့ရှိပါက ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပြောကြားသွားမည်ဖြစ်ပြီး ဖုံးကွယ်ထားရမည့် ကိစ္စမဟုတ်၍ ဖုံးကွယ်ထားရန်အကြောင်းမရှိကြောင်း သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း တိုင်ပင်ညှိနှိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အသွားအလာကန့်သတ် စောင့်ကြည့်ရမည့် ပြည်သူများကိုလည်း ရန်ကုန်နှင့် နေပြည်တော်ရှိ တပ်မတော်၏ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ လက်ခံထားရှိပြီး ဧပြီ ၁၀ ရက်နေ့အထိ ရန်ကုန်စစ်ကြောရေးစခန်းတွင် ပြည်သူ ၁၄၅ ဦးနှင့် နေပြည်တော်စစ်ကြောရေးစခန်းတွင် ပြည်သူ ၃၃၁ ဦးတို့အား လက်ခံထားကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဧပြီ ၁၀ ရက်နေ့ည သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံရသူ ၂၈ ဦးရှိပြီး သေဆုံးသူ ၃ ဦး ရှိပြီဖြစ်သည်။