အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဆိပ်ကမ်း ပြည်ခိုင်ဖြိုးအမတ် ဦးနေမျိုးအောင် တိုင်းလွှတ်တော်တွင် ယနေ့ ကတိသစ္စာပြု

ပြီးခဲ့သည့် နိုဝင်ဘာ ၃ တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ်မြေမှ ပြည်ခိုင်ဖြိုးအမတ် ဦးနေမျိုးအောင်သည် ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော်အထူးအစည်းအဝေးတွင် ကတိသစ္စာပြုခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲအနိုင်ရအမတ်ဟောင်း ဦးနေမျိုးအောင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့သော်လည်း ရွေးကောက်ပွဲအပြီး နောက်သုံးနှစ်အကြာ ၂၀၁၈ တွင် လွှတ်တော်ထဲသို့ နောက်တစ်ကြိမ် ပြန်ရောက်ခဲ့ခြင်းဖြစ်သည်။

သူသည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ သုံးထောင်အောက်သာရှိပြီး ရဲတပ်ဖွဲ့နှင့် ဆိပ်ကမ်းလုပ်ငန်း ဝန်ထမ်းမိသားစုများနေထိုင်သည့် ထိုမြို့နယ်၏ မဲဆန္ဒနယ် (၂) တွင် ခိုင်လုံမဲ ၅၁၅ မဲ ရရှိခဲ့ပြီး ပြိုင်ဘက် NLD အမတ်ကို မဲ ၁၅၀ အသာဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ဦးနေမျိုးအောင်သည် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ကာလက ဆိပ်ကမ်းမဲဆန္ဒနယ်မြေအတွင်း ငွေချေးငှားမှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်ဆိုသည့် စွပ်စွဲခံနေရပြီး ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈(က) ဖြင့် ဆိပ်ကမ်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ခံထားရသည်။

သူနှင့်အတူ ဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဘဏ္ဍာရေးမှူး ဒေါ်တိုးတိုးလွင်နှင့် ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌလည်းဖြစ် မေထွဋ်ငွေချေးလုပ်ငန်းမှ ဒါရိုက်တာလည်းဖြစ်သူ ဦးလင်းလင်းထွဋ်တို့လည်း တိုင်ကြားခံထားရသည်။

အဆိုပါ ဥပဒေပုဒ်မ ၅၈ (က) တွင် “ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်လည်းကောင်း၊ ယင်းအခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့်လည်းကောင်း၊ ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး သို့မဟုတ် အလုပ်အကိုင်နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြားအခွင့်အရေးတစ်ခုခုကို အသုံးပြုလျက် လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်း”ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှုရန် –

အနိုင်ရအမတ်လောင်းနှင့် ရွေးကောက်ပွဲအကြိုကာလ ငွေချေးလုပ်ငန်း

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button