ရန်ကုန် – ဝင်ပေါက်ရှေ့ တံခါးဝအနီးရှိ သံဆန်ခါပေါ်တွင် ဓာတ်ပုံ၊ ဗီဒီယိုမရိုက်ရန်၊ အသံမဖမ်းရန် သတိပေးဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသော်လည်း သတင်းထောက်များကမူ စိတ်ကြိုက်လွတ်လပ်စွာ ရိုက်ကူးနေကြသည်။
စောင့်ကြပ်နေသည့် တာဝန်ရှိသူများက တစ်စုံတစ်ရာ တားမြစ်နှောင့်ယှက်ခြင်းမလုပ်ပေ။
ထိုမြင်ကွင်းကတော့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း(နိုဝင်ဘာ ၃ ရက်နေ့)က ပြီးဆုံးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲကျင်းပရာ ရန်ကုန်၊ ဆိပ်ကမ်းမြို့နယ် ရိပ်သာ ရပ်ကွက်မဲရုံ(၁) ရှေ့တွင် ဖြစ်သည်။
မဲရုံအပေါက်ဝရှေ့တည့်တည့်တွင် မဲပေးမည့်သူတချို့ မှတ်ပုံတင်ကိုင်ဆောင်ရင်း စောင့်ဆိုင်းနေကြသကဲ့သို့ အမတ်လောင်းတချို့၊ ရွေးကောက်ပွဲစောင့်ကြည့်သူများနှင့် မီဒီယာအသီးသီးမှ သတင်းသမားများပါ ရောက်ရှိနေကြသည်။
မဲပေးသည့် လုပ်ငန်းစဉ်တစ်ခုလုံး အဆင်ပြေပြေပင် ဆက်လက်လုပ်ဆောင်ကြပြီး မဲရုံစဖွင့်ပြီး တစ်နာရီကျော် အကြာတွင် မဲရုံလုပ်ငန်းစဉ်တချို့နှင့် ပတ်သက်ပြီး အမတ်လောင်းတစ်ဦးက ဝေဖန်ခဲ့သည်။
မဲပေးသည့်လုပ်ငန်းစဉ်ကို စောင့်ကြည့်ရာတွင် အဆင်ပြေမှုမရှိကြောင်း ကန့်ကွက်သော်လည်း တိုင်းကော်မရှင်ရုံးက အဆင်ပြေစေရန် ဆောင်ရွက်ပေးခြင်း မရှိကြောင်းလည်း ၄င်းက ပြောသည်။
သည့်နောက်ပိုင်းအချိန်များတွင်တော့ မဲပေးသည့်လုပ်ငန်းများ အဆင်ပြေပြေပင် ဆက်လက်လည်ပတ်နေသည်။
၈ နှစ်အတွင်း ရွေးကောက်ပွဲ အရေအတွက် အတန်အသင့် ရှိလာပြီ ဖြစ်သော်လည်း မဲပေးသည့်နေ့ သတင်းယူနိုင်ခွင့်အခြေအနေမှာ ဂဏန်းမငြိမ်သေးပေ။
မဲပေးမည့် သမ္မတကို မျှော်ကြသည်
၂ဝ၁ဝ မှစ၍ အထွေထွေရွေးကောက်ပွဲ ၂ ကြိမ်၊ ကြားဖြတ်ရွေးကောက်ပွဲ ၃ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။
၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် ၄ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၇ နေရာနှင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာအတွက် ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် တစ်သီးပုဂ္ဂလ နှင့် ပါတီ ၂၄ ခုမှ အမတ်လောင်း ၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
တာမွေ မဲဆန္ဒနယ်၊ မဲရုံအမှတ် ၃ သည် အရောင်အသွေး စုံလင်သော ကိစ္စများလည်း ဖြစ်ပေါ်ခဲ့သည်။ မိုးလင်းကတည်းက သတင်းသမားများနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသာမက ဒေသခံတို့သည် “အခုလာနိုး၊ ခဏနေရောက်နိုး”နှင့် လာမည် ဆိုသော သမ္မတကို မျှော်နေကြသည်မှာ မနက်စောစော မဲရုံဖွင့်ကတည်းက ဖြစ်သည်။ တဖြည်းဖြည်း မြင့်တက်လာသော နေပူရှိန်အောက်တွင် လူအုပ်သည် ပိုပို၊ များများလာကာ မောပန်း ပူလောင်နေခြင်းကို မေ့လျော့နေကြပုံပင်။
လူအုပ်ကြီးထဲရှိ အများစုမှာ မဲပေးရန် စုဝေးနေခြင်း မဟုတ်ပေ။ သမ္မတကို မြင်လိုသဖြင့် ရောက်လာကြသူတချို့ ရှိသကဲ့သို့ အနယ်နယ် အရပ်ရပ် မိမိတို့ ကြုံနေရသည်များကို စာရေးသား အသိပေးလိုကြသူများလည်း ရှိသည်။
သမ္မတ လာရောက် မဲထည့်သည့် မိနစ်ပိုင်းအချိန်အတွင်း မိမိတို့ ဘဝအမော နာကျင်ခံစားရသည်များကို တိုင်ကြားစာအဖြစ် ပေးလိုသူများနှင့် လှုပ်လှုပ်ရှားရှား ပိုမို အသက်ဝင်လာသည်။ စာအိတ်ပေါင်း ရာဂဏန်းနီးပါးကို တစ်ယောက်တည်း သယ်ယူလာသူများရှိလည်း ရှိခဲ့သည်။ မဲရုံအနီး ရောက်ရှိနေသော မီဒီယာသမားများကလည်း သမ္မတကို စောင့်စားရင်း သတင်းလုပ်ငန်းအတွက် အမေးအဖြေပြုလုပ်နေကြသဖြင့် ဆူညံနေကြတော့သည်။
ထိုသို့ စောင့်စားနေကြစဉ် တိုင်ကြားစာ လက်ခံသည့် ယာယီဌာနတစ်ခုကို မဲရုံအနီး ဖွင့်လှစ်ပေးခဲ့သည်။ မွန်းလွဲ ၂ နာရီထိုးခါနီး အချိန်တွင်တော့ ကျားကွက်သစ် ရပ်ကွက်ရှိ မဲရုံသို့ သမ္မတ ရောက်လာရာ စောင့်စားနေသူအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
ဆိပ်ကမ်းမြို့နယ်မှ မဲရုံများနှင့် တာမွေရှိမဲရုံများကို ဝင်ရောက် လေ့လာသော အမေရိကန် သံအမတ် စကော့မာစီရယ်လ်က ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ချီးကျူးခဲ့သည်။
လွတ်လပ်စွာမဲပေးနိုင်ခြင်း၊ မဲပေးသူစာရင်း တိကျကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း၊ မီဒီယာသမားများ လွတ်လပ်စွာ လေ့လာနိုင်ခြင်းတို့ ရှိကြောင်း ၎င်းက မှတ်ချက်ပေးသည်။
ကန့်သတ်ခံရခြင်း
ရန်ကုန်အခြေစိုက်သတင်းထောက် တချို့က ဤရွေးကောက်ပွဲသည် ယခင်ရွေးကောက်ပွဲများထက် သတင်းရယူရာတွင် အနည်းအဆင်ပြေလာသည်ဟု သုံးသပ်သည်။
သို့သော် တခြားမြို့များတွင်မူ လွတ်လပ်စွာ သတင်းရယူခွင့်အတွက် အကြိတ်အနယ် တောင်းဆိုနေရဆဲဖြစ်သည်။ အထူးသဖြင့် လက်နက်ကိုင်မဋိပက္ခ ရှိနေသော နယ်မြေများတွင် ထိုအခက်အခဲကို ရင်ဆိုင်နေရသည်။
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်သည့် မြစ်ကြီးနားမြို့နယ်တွင် သတင်းရယူခွင့်အတွက် ကန့်သတ်ချက်များ ရှိနေဆဲဖြစ်ကြောင်း မြစ်ကြီးနားအခြေစိုက် သတင်းထောက်တချို့ က မှတ်ချက်ပေးသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် လာရောက်မဲထည့်မည့် မြစ်ကြီးနားမြို့နယ် ဧရာရပ်ကွက်ရှိ မဲရုံ(၁)တွင် ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးခွင့်ရရှိရန်အတွက် အချေအတင် ပြောခဲ့ရသည်ဟု ၎င်းတို့က ရှင်းပြသည်။
ကြားဖြတ်ရွေးကောက်ပွဲများကို၂ဝ၁၂၊ ၂ဝ၁၇ တို့တွင်လည်း တွေ့ခဲ့ရပြီး ယခု ရွေးကောက်ပွဲသည် လစ်လပ် မဲဆန္ဒနယ် အနည်းဆုံး၊ မဲပေးရန် ပျက်ကွက်သူ အရေအတွက် အများဆုံး ဖြစ်သည့် ရွေးကောက်ပွဲဖြစ်ကြောင်း စောင့်ကြည့်သူများက ခန့်မှန်းထားကြသည်။
ကော်မရှင်က ရွေးကောက်ပွဲသတင်းယူခြင်း ဆိုင်ရာ စည်းကမ်းများကို ထုတ်ပြန်ထားပြီး မဲရုံဝန်းကျင် သတင်းရယူခွင့်သည် မဲရုံတစ်ခုချင်းစီမှ မဲရုံမှူးတို့၏ ခွင့်ပြုချက်အပေါ် မူတည်နေသည်ဟု သတင်းသမားအများစုက မှတ်ချက် ပြုသည်။
ရှမ်းပြည်နယ် တောင်ပိုင်း လဲချားမြို့တွင် မဲရုံမှူးတို့၏ တားမြစ်ချက်ကြောင့် မဲရေသည်ကိုပင် ကြည့်ရှု့ခွင့်မရကြောင်း လားရှိုးအခြေစိုက် သတင်းသမား မမြတ်မိုးသူက ပြောသည်။
“တိုင်းရင်းသားဒေသတွေမှာ ပွင့်လင်းမှု အားနည်းနေသေးတာတော့ အမှန်ပဲ” ဟု ၎င်းကပြောသည်။
၎င်းတွေ့ခဲ့ရသည့် မဲရုံမှူးတချို့သည် မဲပေးခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး နှစ်ရက်ကြာသာလေ့လာခွင့်ရခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားအခြေစိုက်သတင်းထောက်တစ်ယောက်က မဲရုံမှူးတာဝန် ယူရမည့်သူတို့ကို ယခုထက်ပိုမို၍ သင်တန်းပေးသင့်ပြီး မီဒီယာများနှင့် ပတ်သက်၍ တိကျသည့် လမ်းညွှန်မှုများ ချပေးထားသင့်ကြောင်း မှတ်ချက်ပေးသည်။
“အဓိကက မဲရုံမှူးတွေပဲဗျ။ သူတို့ခွင့်ပြုရင် ဝင်ထွက်ခွင့်ရပြီး၊ သူတို့ခွင့်မပြုရင် မရဘူးဆိုတော့ အဆင်မပြေဘူးလေ” ဟု မြစ်ကြီးနားအခြေစိုက်သတင်းထောက် ကိုဝေဖြိုးအောင်က ပြောသည်။
ရန်ကုန်၊ တာမွေတွင်မူ ယခင်ရွေးကောက်ပွဲများထက် သတင်းလွတ်လပ်ခွင့် ပိုမိုရရှိလာပြီး ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ၊ မဲရုံမှူးများ၏ ပွင့်လင်းမြင်သာမှုမှာ ပိုမိုအားကောင်းလာသည်ဟု သတင်းယူကြသူတချို့က ယူဆကြသည်။
စောင့်ကြည့်သူများ
ရွေးကောက်ပွဲစောင့်ကြည့်သည့် အဖွဲ့များတွင် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) နှင့် ဖန်တီးအိမ် တို့က စောင့်ကြည့်သူ ၅၇၉ ဦးကို မဲဆန္ဒနယ် အများအပြားတွင် တာဝန်ချထားခဲ့သည်။ စောင့်ကြည့်မှုများကို အစီအရင်ခံစာ ထုတ်ပြန်ပြီး ရွေးကောက်ပွဲ စီမံခန့်ခွဲမှုတွင် အားနည်းချက်များ ရှိနေခြင်း၊ မသန်စွမ်းသူတို့ မဲပေးရာတွင် ပြေလည်စေရေး အတွက် ဆောင်ရွက်ထားမှု မရှိခြင်း၊ မဲပေးခြင်းအဆင့်တွင် လုပ်ထုံး လုပ်နည်းများအတိုင်း ဆောင်ရွက်မှု မရှိခြင်း စသည်တို့ကို ထောက်ပြထားသည်။ မဲရုံ တာဝန်ရှိသူတို့ကို တိကျခိုင်မာ သည့် လမ်းညွှန်ချက်များ၊ ထိရောက်သည့် သင်ကြားမှုများ ပေးသင့်ကြောင်းလည်း ထောက်ပြခဲ့သည်။
ယခုရွေးကောက်ပွဲ၏ လွတ်လပ်မှုသည် ရာနှုန်းပြည့် မဟုတ်သော်လည်း ၉ဝ ရာခိုင်နှုန်းကျော် ရှိသည်ဟု ရွေးကောက်ပွဲ ပညာပေးရေးနှင့် စောင့်ကြည့်လေ့လာရေးမဟာမိတ်များအဖွဲ့ (EEOP) ၏ အကြံပေးဒါရိုက်တာ ဒေါ်မြနန္ဒာသင်းက ပြောသည်။
“ခြုံပြီးပြောရမယ် ဆိုရင်တော့ ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲက လွတ်လပ်ပြီးတော့ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲလို့တော့ ပြောလို့ရပါတယ်” ဟု ၄င်းက ဆိုသည်။
ရွေးကောက်ပွဲအလွန် ကာလကိုစောင့်ကြည့်ပြီး အစီအရင်ခံစာ ထုတ်ပြန်ဦးမည်ဟု သိရသည်။
ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်မြေတွင် လတ်တလော ရလဒ်များအရ ပွင့်လင်းမှုရှိသည်ဟု ဆိုနိုင်သည်။
မဲပေးခြင်းလုပ်ငန်းစဉ်များတစ်နေကုန် လုပ်ဆောင်ပြီးသည့်နောက် ညနေ ၄ နာရီထိုးသည်နှင့် ဆိပ်ကမ်းရိပ်သာ(၁) မဲရုံမှူးက မဲရုံ ပိတ်သိမ်းကြောင်း လက်ကိုင်အသံချဲ့စက်ဖြင့် ကြေညာသည်။
မဲရေတွက်ချိန်တွင် မီဒီယာများ၊ စောင့်ကြည့်လေ့လာသူများ၊ အမတ်လောင်းတို့၏ ကိုယ်စားလှယ်များ ဝင်ရောက်လေ့လာစောင့်ကြည့်နိုင်ခဲ့ပြီး ဓာတ်ပုံ၊ ရုပ်သံရိုက်ကူးသူ သတင်းသမား အများအပြားက အွန်လိုင်းလူမှုကွန်ရက် Facebook တွင် တိုက်ရိုက်ထုတ်လွှင့်ကြကို တွေ့ရသည်။
မဲရေတွက်မှုကို အများမြင်သာအောင်လည်း အတတ်နိုင်ဆုံး ဆောင်ရွက်ကြသည်။ မဲရလဒ်ကို သက်ဆိုင်ရာ အမတ်လောင်းတို့၏ အမည်အောက်တွင် တစ်ပြိုင်တည်း ရေးမှတ်ကြသည်။
မဲရေတွက်နေစဉ်ကာလအတွင်း စောင့်ကြည့်သူများ၏ မေးမြန်းမှုများနှင့် စောဒကတက်မှုများကိုလည်း မဲရုံမှူးက ကျေလည်အောင် ညှိနှိုင်းသွားသည်။
လေ့လာသူတို့ မဲရုံတံခါးမပိတ်ခင် မဲရုံအတွင်းသို့ ဝင်ခွင့်ရောက်သည့် အချိန်တွင် အမတ်လောင်းတစ်ဦး၏ ကိုယ်စားလှယ်ဟု ယူဆရသူ တစ်ယောက်က မဲရုံအတွင်းမှ မီဒီယာသမားများနှင့် အခြား မသက်ဆိုင်သူများကို အပြင်ထွက်ခိုင်းရန် တောင်းဆိုသည်။
ပြဿနာ တစ်စုံတစ်ခု ဖြစ်ခဲ့လျှင် မည်သူတာဝန်ယူမည်နည်းဟု မေးမြန်းရာတွင် မဲရုံမှူး ဖြစ်သူ ဒေါ်ဥမ္မာ၏ အဖြေမှာ“ ကျွန်မတာဝန်ယူတယ် ” ဟူ၍ပင်။