လာမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ယခု နှစ်အတွင်းမှာပင် ကျင်းပဖြစ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ရာ ကိုဗစ်နိုင်တင်းကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖွယ်ရှိသည်ဆိုသော ခန့်မှန်းချက်များ အဆုံးသတ်သွားသည်။
အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ်အတွင်းမှာပင်ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က အစိုးရပိုင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက မေ ၄ တွင်ထုတ်လွှင့်သော တွေ့ဆုံမေးမြန်းခန်း၌ အတည်ပြုခဲ့သည်။
ယင်းနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများအကြားအမြင်အမျိုးမျိုးကွဲပြားနေပြီး လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးခွင့် ခက်ခဲနိုင်သဖြင့် လက်ရှိအာဏာပါတီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) သာ အသာစီးရသွားနိုင်သည်ဟူသော ယူဆ ချက်တို့လည်းရှိနေသည်။
“အနိုင်ရပါတီမှာပဲအသာစီးမျိုးစုံရှိနေတယ်။ အစိုးရအနေနဲ့ပြည်သူလူထုကိုထောက်ပံ့တာတို့ဘာတို့တွေကို အနိုင်ရ ပါတီကခေါင်းစဉ်အမျိုးမျိုးနဲ့ လုပ်နေလို့ရတယ်၊ ယှဉ်ပြိုင်ဘက်ပါတီကျတော့ အခုအချိန်ထိ လှုပ်လို့မရသေးဘူး (မဲဆွယ်စည်းရုံးခွင့်ကာလ မကြေညာသေး)” ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းက Myanmar Now ကိုပြောသည်။
ရွေးကောက်ပွဲရွှေ့သင့်မသင့် သဘောထားမေးမြန်းရာတွင်မူ တိကျသည့်မှတ်ချက်မရသော်လည်း “ပြည်သူတွေရဲ့ ကျန်းမာရေးအပေါ်မှာ အဓိကထားစဉ်းစားသင့်ပါတယ်”ဟု ၎င်းကဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကမူ ရွေးကောက် ပွဲနှင့်ပတ်သက်သည့် ဝိဝါဒကွဲပြားမှုများ အပေါ် သီးခြားမှတ်ချက်ပြုရန်မရှိသော်လည်း ကော်မရှင်၏အဆုံးအဖြတ် များကို တိတိကျကျလိုက်နာမည်ဟုပြောသည်။
အခြားပါတီတာဝန်ရှိသူအချို့ကလည်း နိုင်ငံရေးမတည်ငြိမ်မှုများ ပေါ်ပေါက်လာနိုင်သဖြင့် ကိုဗစ်နိုင်တင်းကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းမည်ဆိုလျှင်လည်း လပိုင်းမျှသာဖြစ်သင့်သည်ဟု Myanmar Now ကိုမှတ်ချက်ပြုသည်။
“ရွေးကောက်ပွဲကမလုပ်လို့မရဘူး။ ရှောင်လို့မရဘူး။ ပုံမှန်လုပ်ရမယ့်အချိန်ထက် နောက်တစ်လနှစ်လ စသဖြင့် ကာလတစ်ခုနောက်ဆုတ်တာမျိုးကလွဲရင် လုပ်ကိုလုပ်ရမှာပါ”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က မှတ်ချက်ပြုသည်။
အာဏာရ NLD ပါတီမှနုတ်ထွက်ကာ ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ခဲ့သည့် ဒေါ်သက်သက်ခိုင်ကလည်း အလားတူသဘောထားမျိုးရှိပြီး ကိုဗစ်နိုင်တင်းအပြင် နိုင်ငံရေး အခြေအနေကိုပါအရှိအတိုင်း လက်သင့်ခံရမည်သာဖြစ်ကြောင်း ပြောသည်။
“လွှတ်တော်တွေ၊ အစိုးရတွေသက်တမ်းကုန်သွားတဲ့နေရာမှာ နောက်လွှတ်တော်နဲ့အစိုးရ အဆင်သင့်ဖြစ်မနေဘူး ဆိုရင် နိုင်ငံရေးအရမတည်မငြိမ် ဖြစ်သွားနိုင်တဲ့အခြေအနေရှိပါတယ်”ဟု ၎င်းကတွက်ချက်ပြသည်။
လက်ရှိအခြေခံဥပဒေ၌ လွှတ်တော်နှင့်အစိုးရသက်တမ်းငါးနှစ်ပြည့်ချိန်တွင် အထွေထွေရွေးကောက်ပွဲမကျင်းပဖြစ် ပါက မည်သို့ဆောင်ရွက်ရမည်ကိုတိကျစွာပြဋ္ဌာန်းထားခြင်းမရှိ၍ နိုင်ငံရေးအရအငြင်းပွားမှုများ ပေါ်ပေါက်လာနိုင်ကြောင်း ဦးစိုင်းညွန့်လွင်နှင့်ဒေါ်သက်သက်ခိုင်တို့က ထောက်ပြကြခြင်းဖြစ်သည်။
သို့သော် ရွေးကောက်ပွဲမဖြစ်မနေကျင်းပမည်ဆိုပါက လူစုလူဝေးလုပ်မရသည့် ကိုဗစ်ကာလအတွင်း မဲဆွယ်စည်း ရုံးရေးလုပ်ငန်းများ မျှတမှုရှိစေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားသင့်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။
“လက်ရှိအခြေအနေအရကတော့ အွန်လိုင်းနဲ့သတင်းမီဒီယာတွေကတစ်ဆင့် စည်းရုံးရေးလုပ်ရမယ့်ပုံမှာရှိ နေတာပေါ့။ လူငါးယောက်နှင့်အထက် ပိုမစုရဘူးဆိုတော့လေ။ လူစုလူဝေးနဲ့စည်းရုံးရင်းနဲ့တစ်ခုခုဖြစ်သွားရင် လည်းမကောင်းဘူး”ဟု ဒေါ်သက်သက်ခိုင်ကဆိုသည်။
ငွေကြေးသုံးစွဲနိုင်သည့် နိုင်ငံရေးပါတီများအနေဖြင့် Facebook စသည့် လူမှုကွန်ရက်များကို အခကြေးငွေပေး၍ မိမိတို့ပေးလိုသည့် သတင်းစကားများကို ပစ်မှတ်ထား ပျံ့နှံ့အောင်လုပ်ကာ မဲဆွယ်သည့်ဘက်ကို ပိုမိုပြုလုပ် လာနိုင်သဖြင့် ပါတီကြီးများအတွက် အလွန်အားသာသွားနိုင်သည်ဟု ဦးစိုင်းညွန့်လွင်က သုံးသပ်သည်။
“ဥပဒေတွေထဲမှာလည်း အွန်လိုင်းမဲဆွယ်စရိတ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမရှိဘူး” ဟု ၎င်းကပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်ကမူ နိုင်ငံရေးပါတီများဖြည့်သွင်းပေးပို့ရမည့် ရွေးကောက် ပွဲအသုံးစရိတ် ပုံစံတွင် ‘ဆက်သွယ်ရေးအသုံးစရိတ်’ ဆိုသည့်ခေါင်းစဉ်ကို ထည့်သွင်းထား ပြီးဖြစ်၍ ယင်းနှင့်ပတ် သက်၍စိုးရိမ်ရန်မရှိကြောင်း Myanmar Now ကိုပြောသည်။
သို့သော် မဲဆွယ်စည်းရုံးမှုကာလ၊ လိုက်နာရမည့်စည်းကမ်းများနှင့် အခြားသောရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ မည်သို့ရှိမည် စသည့်အသေးစိတ်တို့ကိုမူ ယခုထုတ်ဖော်မပြောနိုင်သေးဟု ၎င်းကဆိုသည်။
လာမည့်အထွေရွေးကောက်ပွဲကို ၂၀၂၀ နိုဝင်ဘာတွင်ကျင်းပရန်လျာထားသည်ဟု နိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက မေ ၁ တွင်ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောဆိုထားပြီးဖြစ်သည်။