
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် (၂) မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ.ဖြိုးရေးပါတီ လွှတ်တော်အမတ် ဦးနေမျိုးအောင်၏ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကာလ မဲဆွယ်လှုပ်ရှားမှုတချို့မှာ ဥပဒေနှင့် ညီညွတ်ခြင်း မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲခုံရုံးက ယနေ့ ဆုံးဖြတ်လိုက်သည်။
အမှုကို ရွေးကောက်ပွဲရှုံးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်က ရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၆၆ အရ တရားလိုပြုလုပ် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
မေလ ၂၄ ရက်နေ့တွင် ယင်းအမှုကို အပြီးသတ်လျှောက်လဲချက် တင်သွင်းပြီး ရွေးကောက်ပွဲကာလမတိုင်မီ ငွေချေးငှားသည့်လုပ်ငန်းလုပ်ခဲ့ခြင်း၊ ဘာသာရေးကို အခြေခံပြီး မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲအသုံးစရိတ် လွဲမှားစွာ တင်ပြခဲ့ခြင်း၊ နိုင်ငံပိုင်မြေကွက်ပေါ်ရှိ ပါတီရုံးကို အသုံးပြုခြင်း စသည့်အချက်များ ပေါ်ပေါက်ခဲ့သဖြင့် ထိုသို့ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က Myanmar Now ကို ပြောသည်။
“သူတို့ရဲ့ဝန်ခံချက်တွေနဲ့ ကျွန်တော်တို့ရဲ့သုံးသပ်ချက်တွေ မပါဘူး။ တင်ပြတဲ့ သက်သေခံ စာရွက်စာတမ်းတွေအပေါ်မှာပဲ ကြည့်ပြီးတော့ ဆုံးဖြတ်တာပါ။ စိတ်သန့်သန့်နဲ့ကို ဆုံးဖြတ်လိုက်တာပါ“ ဟု ၎င်းက ပြောသည်။
ခုံရုံးဆုံးဖြတ်ချက်ကို မကျေနပ်ပါက ၁၅ ရက်အတွင်း အယူခံတက်နိုင်သည်ဟု တရားလို ဦးသန်းထိုက်အောင်၏ ရှေ့နေ ဦးမောင်မောင်က ပြောသည်။
“ကျွန်တော်တို့ဘက်ကပဲဖြစ်ဖြစ်၊ သူတို့ဘက်ကပဲဖြစ်ဖြစ် ချလိုက်တဲ့ အမိန့်ကို ကိုယ်က မကြိုက်ဘူး၊ မကျေနပ်ဘူးဆိုရင်တော့ ဥပဒေအရ ခွင့်ပြုထားတဲ့ပုံစံအတိုင်း တက်ရတာပဲ ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်က ပြိုင်ဘက် NLD အမတ်ကို ဆန္ဒမဲ ၁၅၉ မဲ အသာဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ဦးနေမျိုးအောင်သည် လူဦးရေ သုံးထောင်အောက်သာရှိပြီး ရဲတပ်ဖွဲ့နှင့် ဆိပ်ကမ်းလုပ်ငန်း ဝန်ထမ်းမိသားစုများနေထိုင်သည့် ထိုမြို့နယ်၏ မဲဆန္ဒနယ် (၂) တွင် ခိုင်လုံမဲ ၅၁၅ မဲ ရရှိခဲ့ခြင်းဖြစ်သည်။
အယူခံ
ကော်မရှင်က ထိုသို့ဆုံးဖြတ်လိုက်သည့်အတွက် ဒုတိယမဲအများဆုံးရခဲ့သူ NLD ကိုယ်စားလှယ် ဦးသန်းထိုက်အောင်က တိုင်းလွှတ်တော်တက်ရတော့မည် ဖြစ်သည်။
“ကျွန်တော်တို့ ပါတီကလည်း ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ ပါတီဖြစ်တဲ့အတွက် ပြည်သူတွေအတွက်ကို အကောင်းဆုံးကြိုးစားပါ့မယ်” ဟု ဦးသန်းထိုက်အောင်က ပြောသည်။
ပြည်ခိုင်ဖြိုးနှင့် NLDပါတီတို့အကြား အငြင်းပွားမှုကို နေပြည်တော်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၃ ဦး ပါဝင်သည့် ခုံရုံးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဦးနေမျိုးအောင်သည် ခုံရုံးဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌထံသို့ တစ်လအတွင်း အယူခံဝင်မည်၊ မဝင်မည်ကို ဖြေကြားခြင်း မပြုပေ။
- ရန်ကုန် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်မြေတွင် ပြည်ခိုင်ဖြိုးအနိုင်ရ
- ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ကို ပြိုင်ဘက် ဒီချုပ်ပါတီက ရွေးကောက်ပွဲ ဥပဒေဖြင့် အမှုဖွင့်
- ပြည်ခိုင်ဖြိုးအမတ်လောင်းကို ဒီချုပ် တိုင်ကြားသည့်အမှု ရဲက စတင်စစ်ဆေး
ပြည်ခိုင်ဖြိုးနှင့် ဒီချုပ်ပါတီတို့ကြား ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုကို ယခုနှစ် ဇန်နဝါရီလက စတင်ပြီး နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် အပတ်စဉ် ကြာသပတေးနှင့် သောကြာနေ့များတွင် နှစ်ဖက်သက်သေများကို စစ်ဆေးခဲ့သည်။
ဆိပ်ကမ်းမြို့နယ်၏ နိုင်ငံပိုင်မြေပေါ်တွင် ပြည်ခိုင်ဖြိုးပါတီ၏ ဖြိုးစေတနာဆေးခန်းတည်ဆောက်ထားပြီး ရုံးလုပ်ငန်းလုပ်ကိုင်နေသည့်အပေါ် ပို့ဆောင်ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးကိုလည်း ရုံးခေါ်သက်သေအဖြစ် ခေါ်ယူစစ်ဆေးခဲ့သည်။
ဒုဝန်ကြီးက ပြည်ခိုင်ဖြိုးရုံးနှင့် ဆေးခန်းနေရာသည် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနပိုင်မြေပေါ်တွင် တည်ရှိနေကြောင်း၊ ထိုမြေပေါ်မှ ဖယ်ရှားရန် ယခုနှစ် ဇန်နဝါရီလတွင် အသိပေးအကြောင်းကြားခဲ့ကြောင်း ကော်မရှင်စစ်ဆေးကြားနာပွဲတွင် ထွက်ဆိုခဲ့သည်ဟု သိရှိရသည်။
ဆောင်းပါး
Myanmar Now သတင်းဌာနက “ပြည်ခိုင်ဖြိုးအမတ်လောင်းနှင့် ရွေးကောက်ပွဲကာလ ငွေချေးလုပ်ငန်း” ဆောင်းပါးကို ရွေးကောက်ပွဲကာလအလွန်တွင် ဖော်ထုတ်ရေးသားခဲ့ရာ ထိုဆောင်းပါးရေးသားသူ သတင်းထောက်ကိုလည်း သက်သေအဖြစ် ခေါ်ယူစစ်ဆေးခဲ့သည်။
တရားလိုက အဆိုပါဆောင်းပါးကို သက်သေအဖြစ် ရုံးတော်သို့ တင်သွင်းခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ၏ ရွှေပြည်သာမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌက ကုမ္ပဏီဒါရိုက်တာအဖြစ် တာဝန်ယူထားသည့် မေထွဋ်ကုမ္ပဏီက ဆိပ်ကမ်းမြို့နယ်တွင် ငွေချေးလုပ်ငန်းများလုပ်ကိုင်ထားသည်ကို ထိုဆောင်းပါးတွင် ဖော်ပြထားသည်။
ဦးနေမျိုးအောင်သည် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ကိုယ်စားလှယ်လောင်းဘဝတွင် ဆိပ်ကမ်းမဲဆန္ဒနယ်မြေအတွင်း ငွေချေးငှားမှုလုပ်ငန်းများနှင့် ပတ်သက်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီး ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (က)ဖြင့် တရားရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ ဥပဒေပုဒ်မ ၅၈ (က) တွင် “ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မတရားသဖြင့် ရရှိစေရန်လည်းကောင်း၊ ယင်းအခွင့်အရေးကို ရရှိခဲ့ခြင်းအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့်လည်းကောင်း၊ ငွေ၊ ပစ္စည်း၊ အစားအသောက်၊ ရာထူး သို့မဟုတ် အလုပ်အကိုင်နေရာပြောင်းရွှေ့မှု သို့မဟုတ် အခြားအခွင့်အရေးတစ်ခုခုကို အသုံးပြု လာဘ်ပေးခြင်း သို့မဟုတ် လာဘ်ယူခြင်း”ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။
၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းအမတ်ဟောင်း ဦးနေမျိုးအောင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့သော်လည်း ရွေးကောက်ပွဲအပြီး နောက်သုံးနှစ်အကြာ ၂၀၁၈ တွင် တိုင်းလွှတ်တော်ထဲသို့ နောက်တစ်ကြိမ် ပြန်ရောက်ခဲ့ခြင်းဖြစ်သည်။
ခုံရုံးဥက္ကဋ္ဌ ပြောဆိုချက်
ယနေ့တရားခွင်တွင် ခုံရုံးဥက္ကဋ္ဌ ဦးမြင့်နိုင်က ပြည်ခိုင်ဖြိုးကိုယ်စားလှယ်သည် ရွေးကောက်ပွဲကာလ ဆွမ်းကပ်ခြင်း၊ ဝတ်ရွတ်အသင်းများသို့ လှူဒါန်းသည့် ငွေကြေး စသည်တို့ကို ရွေးကောက်ပွဲကုန်ကျစရိတ်တွင် ထည့်သွင်းခဲ့သည်ဟု ပြောသည်။
ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် ၂ တွင် ငွေချေးပေးမှုမှာ ကိုယ်စားလှယ်လောင်းအမည်စာရင်းကြေညာပြီးသည့်အချိန် သြဂုတ်လ (၂၃) ရက်နေ့တွင် ချေးငှားခဲ့ခြင်းဖြစ်ကြောင်း၊ တစ်လပြည့်သော်လည်း အတိုးနှင့် အရင်းကို ပြန်လည်ကောက်ခံခြင်းမရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲမတိုင်မီကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲအပြီးကာလများတွင် နိုင်ငံပိုင်မြေပေါ်တွင် တည်ဆောက်ထားသည့် ဖြိုးစေတနာဆေးခန်းကို ရုံးခန်းအဖြစ် အသုံးပြုခဲ့ကြောင်း၊ ထိုအချက်များမှာ ရွေးကောက်ပွဲကာလ တရားမဲ့ပြုကျင့်ခြင်းများဖြစ်ကြောင်း ခုံရုံးဥက္ကဋ္ဌ ဦးမြင့်နိုင်က တရားခွင်တွင် ပြောသည်။