Coronavirus ရောဂါ (Covid-19) ကုသနေသည့် နိုင်ငံအများအပြားရှိ ဆေးရုံများတွင် ဆေးရုံသုံးမျက်နှာဖုံးများ၊ အသက်ရှူစက်များ၊ ကျန်းမာရေးဝန်ထမ်းများ အကြီးအကျယ်မလောက်ငမှုများဖြစ်ပေါ်နေပြီး လိုအပ်သည့်ပစ္စည်းများ ရရှိရေးအတွက် သက်ဆိုင်ရာအစိုးရများက ငွေကြေးသန်းပေါင်းများစွာသုံးစွဲပြီး အပြိုင်အဆိုင်ကြိုးစားနေကြရသော်လည်း မြန်မာပြည်အတိုင်းအတာဖြင့် လူအင်အား၊ စက်အင်အားနှင့် ဆေးဝါးအင်အားအလုံအလောက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်အသစ်ဖြစ်သူ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်ကပြောဆိုသည်။
ရောဂါ ပျံ့နှံ့မှုမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်မှု လုပ်ငန်းများကို ရက်ပိုင်းတွင် ပိုမိုတိုးမြှင့် လုပ်ဆောင်လာနေပြီး ဧပြီလသည် ရောဂါပိုးနှင့်ဆက်စပ်ပြီး အရေးကြီးဆုံးလဖြစ်ကြောင်း ကိုဗစ်ရောဂါပိုး ကုသရေးကာကွယ်ရေး တစ်နိုင်ငံလုံးအတိုင်းအတာကို စာဖတ်သူများ သိရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသာထွန်းကျော်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။
Myanmar Now-တိုင်းဒေသကြီးအချို့မှာ ဧပြီလအတွင်း ကန့်သတ်မှုအသစ်တွေ ထပ်လုပ်လာတာ တွေ့ရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနဘက်က ဘာတွေအကြံပြုထားတာရှိပါသလဲ။
ဒေါက်တာသာထွန်းကျော် ။ ။ပညာရပ်ပိုင်းဆိုင်ရာရှုထောင့်အရ ဒီကာလလေးဟာ သိပ်ပြီး အရေးကြီးတဲ့ကာလဖြစ်ပါတယ်။ အနည်းဆုံးအားဖြင့် အသွားအလာကန့်သတ်ပြီး လူတွေကို အိမ်မှာနေစေချင်တယ်။ ဒါမှလည်း ရောဂါကူးစက်မှုကိုဖြတ်တောက်လို့ရမှာ။ ကျွန်တော်တို့လိုချင်တာက ခရီးအသွားအလာကန့်သတ်မယ်။ လူတွေကို အိမ်မှာ နေခိုင်းမယ်၊ အတတ်နိုင်ဆုံး အိမ်ထဲမှာပဲ နေပြီးတော့ အပြင်လူတွေနဲ့မတွေ့ဘဲ ရောဂါကူးစက်မှုကို ဖြတ်တောက်ဖို့ရာ ဒီကာလသည် သိပ်အရေးကြီးတဲ့ကာလဖြစ်ပါတယ်။ ဒီဧပြီလရဲ့ ပထမနှစ်ပတ်ဟာ ကျွန်တော်တို့အတွက် သိပ်အရေးကြီးပါတယ်။ ခုနလိုအသွားအလာ ကန့်သတ်တဲ့ကိစ္စတွေကတော့ ကျွန်တော်တို့ကျန်းမာရေးဝန်ကြီး ဌာနဘက်ကတော့ နည်းပညာပိုင်းဆိုင်ရာအကြံဉာဏ်တွေပေးတာပေါ့။ တကယ်လုပ်ရမှာက အုပ်ချုပ်ရေးဌာနတွေ အာဏာပိုင်အဖွဲ့အစည်းတွေက ဒီကိစ္စကို အကောင်အထည်ဖော်ဖို့လုပ်ရမှာပါ။ ကျွန်တော်တို့ကတော့ ဒီကာလမှာ တကယ်လုပ်ချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံထဲမှာ ရောဂါအများကြီးမကူးစက်ခင် ရောဂါပိုးရှိနေသူတွေကို စောစောစီးစီးဖော်ထုတ်၊ ကုသမှုပြုမယ်။ တခြားသူတွေကို ကူးစက်မှုအနည်းဆုံးဖြစ်အောင် ဖြတ်တောက်မယ်ဆိုတာက ကျွန်တော်တို့နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါတယ်။
Myanmar Now – မြန်မာနိုင်ငံလက်ရှိရင်ဆိုင်နေရတဲ့အခြေအနေက ဘယ်လိုအနေအထားမျိုးရှိနေပါသလဲ။
ဒေါက်တာသာထွန်းကျော် ။ ။ အခြားသောဥရောပနိုင်ငံတွေဖြစ်သလိုမျိုး (ရောဂါပြန့်ပွားနှုန်းနှင့် သေဆုံးမှုနှုန်း မြင့်မား) မဖြစ်ဘူးလို့ ကျွန်တော်တို့ယူဆပါတယ်။ ဘာဖြစ်လို့လဲလို့မေးရင် ရာသီဥတုအနေအထားကြောင့်ပါ။ ဥရောပမှာ တအားအေးနေတဲ့အချိန်ပါ။ ကျွန်တော်တို့မှာ ၄၀ ဒီဂရီ စင်တီဂရိတ်အထက်မှာ ကျွန်တော်တို့ ပတ်ဝန်းကျင်အပူချိန်က ရှိနေပါတယ်။ ဒါသည် ရောဂါပိုး ပြင်ပမှာ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် အပူအချိန်က အခက်အခဲဖြစ်စေတဲ့ အနေအထားမျိုးပါ။ ဒါကပတ်ဝန်းကျင်နဲ့ဆိုင်ပါတယ်။
နောက်တစ်ချက်က နိုင်ငံခြားကဝင်လာသူအားလုံးကို သက်ဆိုင်ရာဒေသတွေမှာ အသွားအလာကန့်သတ်စောင့်ကြည့်တွေ လုပ်ထားတဲ့အတွက် ပြင်ပလူထုတွေနဲ့ ထိတွေ့မှုမရှိရအောင် လုပ်ထားတဲ့အတွက် ရောဂါပိုးကူးစက်မှုကို အနည်းဆုံးဖြစ်အောင် ကျွန်တော်တို့ဆောင်ရွက်ထားနိုင်ခြင်းဖြစ်ပါတယ်။ ဒါသည် ဒုတိယအချက်ပါ။
တတိယအချက်ကတော့ ကျွန်တော်တို့ပြည်သူလူထုရဲ့ ကျန်းမာရေးအသိပညာမြင့်မားတဲ့ အခြေအနေဖြစ်ပါတယ်။ နိုင်ငံခြားကပြန်လာတဲ့သူတွေ၊ ရန်ကုန်ကပြန်လာတဲ့သူတွေကိုတောင် နယ်မှာရှိတဲ့ရွာတွေမြို့တွေက အဝင်မခံဖို့ ကန့်ကွက်နေသူတွေရှိတာ သိကြမှာပါ။ ပြည်သူလူထုကဒီရောဂါနဲ့ပတ်သက်တဲ့အသိပညာ မြင့်မားတဲ့အခြေအနေ ကိုဖော်ပြတယ်လို့ ကျွန်တော်တို့ကမြင်ပါတယ်။ လူထုက ဒီလိုဆောင်ရွက်တာ ကောင်းမွန်တဲ့လက္ခဏာ ဖြစ်ပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ ကျွန်တော်တို့ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်ထားချက်တွေပေါ့။ သံသယရှိတဲ့လူနာတွေကို ဓာတ်ခွဲနမူနာယူပြီးတော့ စစ်ပေးတယ်။ ပိုးတွေ့တဲ့လူနာတွေကို ဆေးရုံမှာသီးခြားထား ပြီးကုသမှုပေးနေတယ်။ နောက်ထပ်တိုးချဲ့ပြီးတော့ ဓာတ်ခွဲစစ်ဆေးမှုတွေပြုနိုင်ဖို့ ကျွန်တော်တို့စီမံဆောင်ရွက်နေတယ်။ ပိုးတွေ့တဲ့လူနာများလာခဲ့ရင် အဲဒီလူနာတွေကို ဆေးရုံတွေမှာတင်ပြီး ကုသမှုပြုနိုင်ဖို့အတွက် ဝန်ကြီးဌာန မှာစီမံချက်တွေရှိပါတယ်။ အဆင့် ၁ ဆိုရင် ဝေဘာဂီဆေးရုံ၊ ၂ ဆိုရင် တောင်ဥက္ကလာပကဆေးရုံ အဲဒီလို လူနာပိုး တွေ့တဲ့အနေအထားပေါ်ကြည့်ပြီး တိုးချဲ့ဆောင်ရွက်နေပါတယ်။ မန္တလေးမှာဆိုရင်လည်း ကန်တော်နဒီဆေးရုံပေါ့၊ အခြားတိုင်းနဲ့ပြည်နယ်တွေမှာ ပိုးတွေ့လူနာရှိရင် ကျွန်တော်တို့ရဲ့ ပြည်သူ့ဆေးရုံကြီးတွေမှာလက်ခံကုသနိုင် အောင်စီမံဆောင်ရွက်ထားပါတယ်။
နောက်တစ်ခါနိုင်ငံတော်အစိုးရရဲ့စီမံမှုပေါ့။ ဒုတိယသမ္မတခေါင်းဆောင်တဲ့ အဖွဲ့ဖွဲ့စည်းထားသလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ ဗဟိုကော်မတီကိုလည်း ဖွဲ့စည်းပြီးတော့ဝန်ကြီးဌာနတွေအားလုံးနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေတယ်။
ဒီအခြေအနေအရပ်ရပ်ကိုအားလုံးသုံးသပ်လိုက်ရင် ကျွန်တော်တို့နိုင်ငံမှာ ဥရောပနိုင်ငံတွေလိုဆိုးဆိုးရွားရွား ဖြစ်စရာအကြောင်းမရှိဘူးလို့ ကျွန်တော်တို့သုံးသပ်ရပါတယ်။
Myanmar Now – ဒီရောဂါကို ရင်ဆိုင်ရာမှာ လိုအပ်တဲ့ ဥပမာ-အသက်ရှူစက်လို အထောက်အကူပြုပစ္စည်းတွေရဲ့ အနေအထားကရော ဘယ်လိုရှိပါသလဲ။
ဒေါက်တာသာထွန်းကျော် ။ ။ကျွန်တော်တို့မှာ အဆင့်အလိုက်အတွက် အစီအမံလုပ်ပြီးသားဖြစ်ပါတယ်။ အသက်ရှူစက်ကိရိယာလိုအပ်ချက်ကို ပြန်စဉ်းစားလိုက်ရင်လည်း ပိုးတွေ့တဲ့လူနာအယောက် ၁၀၀ မှာ အသက်ရှူစက် တကယ်သုံးရမယ့်သူက ၄၊၅ ယောက်ထက်မပိုဘူးဆိုတာကို ကိန်းဂဏန်းတွေအရသိရပါတယ်။ အဲဒါတွေကို တွက် ချက်ပြီးတော့ ဆေးရုံတွေမှာ အဆင်သင့်ပြင်ဆင်ထားပါတယ်။ ဆေးရုံနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားတဲ့ အတိုင်းအတာ လုံလုံလောက်လောက်ရှိတယ်ဆိုတာလေးပဲ ကျွန်တော်ပြောပြပါရစေ။
Myanmar Now-ရောဂါပိုးစိစစ်နိုင်စွမ်းအခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဒေါက်တာသာထွန်းကျော် ။ ။ မနေ့ကအထိ လူနာအရေအတွက် ၁၁၀၈ ဦး စစ်ဆေးပြီးဖြစ်ပါတယ်။ အဲဒီထဲမှာ အယောက်၂၀ ပဲ ပိုးတွေ့တာဖြစ်ပါတယ်။ အခုတော့စစ်ဆေးတဲ့ပမာဏတွေကိုတိုးချဲ့ဖို့စီမံနေပါတယ်။ လက်ရှိ စစ်ဆေးနေတဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနအနေနဲ့ တစ်နေ့ကို အယောက် ၃၀၀ စစ်ပေးနိုင်တဲ့ စွမ်းရည် ရှိပါတယ်။ လက်ရှိမှာတော့ တစ်နေ့ကိုပျမ်းမျှ အယောက် ၈၀ လောက်ပဲစစ်နေတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကလည်းကျွန်တော်တို့ သတ်မှတ်ထားတဲ့အချက်တွေအရ တကယ်လိုအပ်တဲ့သူတွေကိုပဲ စစ်နေတာပါ။
ဒီထက်မကလူနာတွေများလာရင် ပိုးစစ်ပေးနိုင်တဲ့ပမာဏကို တိုးချဲ့ဖို့စီမံထားပါတယ်။ မန္တလေးမှာ ဓာတ်ခွဲခန်း နောက်တစ်ခုတိုးချဲ့တာ မကြာခင်စပါမယ်။ ရန်ကုန်ဆေးသုတေသနမှာရှိတဲ့ ဓာတ်ခွဲခန်းကိုလည်း ဒီရောဂါပိုးနဲ့ ပတ်သက်ပြီး စစ်ဆေးနိုင်ဖို့ တိုးချဲ့ဆောင်ရွက်စီစဉ်ထားပါတယ်။ အဲဒီအတွက်စိတ်ပူစရာမရှိပါဘူး။ တိုးချဲ့ဆောင် ရွက်နိုင်အောင် စစ်ဆေးနိုင်အောင် စီစဉ်ထားတယ်လို့ပဲပြောပါရစေ။
Myanmar Now – လက်ရှိအခြေအနေက စစ်ဆေးနိုင်တဲ့ ပမာဏနည်းလို့ ရောဂါပိုးတွေ့ရှိသူအရေအတွက် လျော့နေတာဆိုပြီး ပြောဆိုနေကြတာတွေရှိပါတယ်။ အဲ့လိုပြောလို့ရနိုင်ပါသလား။
ဒေါက်တာသာထွန်းကျော် ။ ။ မဟုတ်ပါဘူးခင်ဗျ။ မဟုတ်ပါဘူး။ လူတိုင်းစစ်စရာမလိုပါဘူး။ ကျွန်တော်တို့မှာ သတ်မှတ်ထားချက်တွေရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်များနဲ့အညီ မဖြစ်မနေလိုအပ်သူတွေ ကိုစစ်ဆေးပေးနေတာဖြစ်ပါတယ်။ မြင်သမျှလူတွေ့သမျှလူကို စစ်စရာမလိုပါဘူး။
Myanmar Now – ကုသရေးပိုင်းဆိုင်ရာမှာ အတွေ့အကြုံရှိပြီးသားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာမျိုး မြန်မာ ဘက်ကသုတေသနပြုတွေ့ရှိချက်တွေအရ အထောက်အကူဖြစ်လာတာမျိုး အဲဒီလိုအခြေအနေတွေရောရှိ ပါသလား။
ဒေါက်တာသာထွန်းကျော် ။ ။ လက်ရှိအနေအထားမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့စီစဉ်ပြီးတော့ ဒီရောဂါကိုပူးပေါင်း ကုသတဲ့သုတေသနမှာ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံက ဝင်ရောက်ဆောင်ရွက်နေပါ တယ်။ ဒုတိယတစ်ချက်က တရုတ်နိုင်ငံပညာရှင်အဖွဲ့တစ်ဖွဲ့လာရောက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်းရှိပါတယ်။
Myanmar Now-လောလောဆယ်မှာ အသွားအလာထိန်းချုပ်ကန့်သတ်ခံထားရတဲ့ ဆရာဝန်နဲ့ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအင်အား ဘယ်လောက်ရှိသွားပါပြီလဲ။ ကုသရေးဘက်မှာလိုအပ်တဲ့ လူအင်အားအခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဒေါက်တာသာထွန်းကျော် ။ ။ ဝန်ထမ်းတွေကကျွန်တော်တို့တာဝန်ချထားတဲ့သူတွေအပြင် အကူအညီပေးမယ့် သူတွေအများကြီး စုဆောင်းရရှိထားတာရှိပါတယ်။ ဆေးပညာရှင်တွေနဲ့ပတ်သက်လို့ အခက်အခဲမရှိဘူးလို့ပဲ ပြော လိုပါတယ်။ စက်ပစ္စည်းပိုင်းရော၊ ဆေးဝါးပိုင်းရော၊ ပညာရှင်ပိုင်းရော လုံလုံလောက်လောက်ရှိပါတယ်လို့ ကျွန်တော်တို့ပြောလိုပါတယ်။
အသွားအလာထိန်းချုပ် ကန့်သတ်မှုလုပ်ထားရတဲ့ ကျန်းမာရေးဝန်ထမ်းအရေအတွက်ကတော့ တစ်နိုင်ငံလုံး အနှံ့ အယောက် ၇၀ ရှိပါတယ်။ ပိုးတွေ့တဲ့လူနာတွေနဲ့ ထိတွေ့ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေဖြစ်ပါတယ်။
Myanmar Now – ပြည်တွင်းနေအချင်းချင်း ကူးစက်မှုအခြေအနေကရော စိုးရိမ်စရာဖြစ်နေပြီလား။
ဒေါက်တာသာထွန်းကျော် ။ ။ အခုလောလောဆယ်တော့ နှစ်ယောက်သုံးယောက်လောက်ပဲ ပြည်တွင်းနေ အချင်း ချင်းကူးတာလို့ပြောလို့ရတာပေါ့။ ဒီထက်တိုးချဲ့ပြီး မတွေ့ရသေးပါဘူး။
Myanmar Now – ပြည်သူတွေကိုပေးချင်တဲ့သတင်းစကားရှိရင်ပြောပေးပါ။
ဒေါက်တာသာထွန်းကျော် ။ ။ ပြည်သူတွေတကယ်လိုက်နာရမယ့်လုပ်ငန်းက မိမိတို့အိမ်မှာနေဖို့ပဲဖြစ်ပါတယ်။ အတတ်နိုင်ဆုံးအိမ်အပြင်ထွက်ပြီး ခရီးသွားလာခြင်းကိုရှောင်ရှားဖို့ဖြစ်ပါတယ်။ အပြင်လူတွေနဲ့မတွေ့ပါနဲ့၊ အဲဒီ လိုလုပ်ချင်းသည် ရောဂါပိုးကူးစက်မှုကို ကာကွယ်တားဆီးရာရောက်ပါတယ်။ လူထုကိုအဓိကဒါလေးတိုက်တွန်း ချင်ပါတယ်။
Myanmar Now – နှာခေါင်းစည်းတပ်ဖို့လိုမလို၊ တစ်ဦးနဲ့တစ်ဦးရှိသင့်တဲ့အကွာအဝေးက သုံးပေလား၊ ခြောက်ပေ လားစသဖြင့် ကွဲပြားစွာပြောဆိုနေတာတွေရှိပါတယ်။ ကျန်းမာရေးဘက်က ဘယ်လိုများအကြံပြုချင်လဲ။
ဒေါက်တာသာထွန်းကျော် ။ ။ လက်ရှိအနေအထားအရ နှာခေါင်းစည်းတပ်ဖို့လိုတယ်လို့ပဲ ပြောပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်နိုင်ငံရဲ့အတွေ့အကြုံအရ ရောဂါဖြစ်တာ၊ အသေအပျောက်များတာဟာ လေကနေတစ်ဆင့် ကူးစက်တယ်ဆိုတဲ့ ကိစ္စကိုပြောနေတဲ့အခြေအနေရှိပါတယ်။ ရောဂါပိုးသည် အသစ် ဖြစ်တဲ့အတွက် အတိအကျဘာလဲဆိုတာတော့ ကျွန်တော်တို့ ပြောလို့မရသေးပါဘူး။ သို့သော်လည်း နှာခေါင်း စည်းတပ်ခြင်းသည် ရောဂါပိုးရှိသူကလည်း အပြင်ကိုရောဂါပိုးမထွက်ရအောင် ကာကွယ်နိုင်သလို၊ ရောဂါပိုးမရှိသူက လည်းသူ့ဆီရောဂါပိုးမဝင်နိုင်အောင် ကာကွယ်နိုင်ပါတယ်။ ဒါကြောင့်နှာခေါင်းစည်း တပ်ခြင်းဟာ လက်ရှိ အနေ အထားတွေအရ လုပ်ဖို့သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။
တစ်ဦးနဲ့တစ်ဦးရှိသင့်တဲ့အကွာအဝေးကတော့ အနည်းဆုံးသုံးပေမှခြောက်ပေပါ။ အဲဒီလောက်ခြားသင့်တယ်ဆို တာကို ကျွန်တော်တို့အဓိကထားလုပ်ချင်တာက ခရီးသွားလာမှု ကန့်သတ်ခြင်းပဲဖြစ်ပါတယ်။
Myanmar Now – ဒါဆိုရင်မန္တလေးတိုင်းအစိုးရအဖွဲ့က နောက်ဆုံးထပ်လုပ်လိုက်တဲ့ ခရီးသွားလာရေး လုပ်ငန်းတွေ ပိတ်ပင်တာမျိုး၊ ဟိုတယ်၊တည်းခိုခန်းတွေမဖွင့်ခိုင်းတာမျိုး တစ်နိုင်ငံလုံးမှာရှိလာဖို့ ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားပါသလား။
ဒေါက်တာသာထွန်းကျော် ။ ။ ဒီလုပ်ငန်းက တကယ်ကိုလုပ်ရမယ့် လုပ်ငန်းဖြစ်တယ်လို့ ပြောပါရစေ။
++++