ဆောင်းပါး

ကြိုတင်မဲ၊ ပြိုင်ဘက် ၆ ဦး နှင့် အမျိုးသားလွှတ်တော် ကချင် ၂

ကြိုတင်မဲကြောင့် အငြင်းပွားဖွယ် ဖြစ်ရပ်တစ်ခု နိုဝင်ဘာ ၃ ကြားဖြတ်ရွေးကောက်ပွဲနေ့က မြစ်ကြီးနားတွင် ပေါ်ပေါက်လာသည်။

ပြိုင်ဘက် ၆ ဦး ယှဉ်ပြိုင်ခဲ့သည့် အမျိုးသား လွှတ်တော်၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆီဟူးဒွေ့က ခိုင်လုံမဲ ၂၃,ဝဝဝ ကျော်ဖြင့် မဲအများဆုံး၊ ကချင်ဒီမိုကရက်တစ်ပါတီမှ ဦးကွမ်ဂေါင်အောင်ခမ်းက ၁၉,ဝဝဝ ကျော်ဖြင့် ဒုတိယ မဲအများဆုံးရခဲ့သည်။

ပြည်ခိုင်ဖြိုး အမတ်လောင်းသည် တပ်မတော်သားတို့၏ မဲများ ပါဝင်သော ကြိုတင်မဲ ၄,ဝဝဝ ကျော်ထဲမှ အများအပြားကို ရရှိသွားရာမှ ထိုမဲဆန္ဒနယ်တွင် ကြိုတင်မဲက အငြင်းပွားဖွယ် ဖြစ်လာသည်။

ကြိုတင်မဲများ ပါဝင်ခြင်း မရှိပါက ရလဒ်မှာ တစ်မျိုးပြောင်းသွားနိုင်သည်ဟု ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

“ ကြိုတင်မဲတွေ ထောင်နဲ့သောင်းနဲ့ ချီပြီးတော့ ပေးပိုင်ခွင့် ရှိနေတယ်။ ကျွန်တော်တို့က ဒေသခံ လူဦးရေ နည်းတဲ့လူတွေက ဘယ်လို ယှဉ်ပြိုင်နိုင်မလဲ။ ခြေထောက်ချိုးပြီးမှ အပြေးပြိုင်ခိုင်းနေသလို ဖြစ်နေတယ်” ဟု၎င်းကပြောသည်။

အခြေခံဥပဒေအရ တပ်မတော်က လွှတ်တော်တိုင်းသို့ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပေးပို့နိုင်ရုံသာမက တပ်မတော်သားတိုင်းက ရွေးကောက်ပွဲတွင်လည်း မဲပေးခွင့် ရှိနေပြန်သည်ဟု သူက ထောက်ပြသည်။

ထိုမဲဆန္ဒနယ်မြေရှိ ပြိုင်ဘက် ၆ ဦးထဲတွင် ထက်ဝက်က ကြိုတင်မဲနှင့် ပတ်သက်ပြီး ကျေနပ်မှု မရှိဟု ဆိုကာ မဲရလဒ် ပုံစံ ၁၉ တွင် လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့ကြသည်။

ထိုသို့ ငြင်းသော်လည်း ရွေးကောက်ပွဲကော်မရှင်က ထိုနယ်မြေရှိ မဲရလဒ်ကို အတည်ပြုထုတ်ပြန်ခဲ့သည်။

မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲများကြောင့် အမတ်လောင်း တချို့က လက်မှတ်မထိုးခြင်းဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးထွန်းအောင်ခိုင်က ပြောသည်။

“ထိုးခြင်းမထိုးခြင်းဆိုတဲ့ကိစ္စက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒပဲဖြစ်တယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေကတော့ ထိုးဖို့ အကြောင်း ကြားတယ်။ သို့သော်လည်း သူမထိုးချင်ဘူး ဆိုရင် အတင်းအကြောင်းကြားလို့ မရဘူး” ဟု ပြောသည်။

ကန့်ကွက်ရေး

ဒုတိယ မဲအများဆုံးရသူ ဦးကွမ်ဂေါင်အောင်ခမ်းက ကြိုတင်မဲစာရင်း၊ ကြိုတင်မဲဆန္ဒနယ်မြေများ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ကော်မရှင်ထံမှ တောင်းခံထားကြောင်း၊ ထိုအချက်အလက်များပေါ် မူတည်ပြီး ရွေးကောက်ပွဲ ရလဒ်ကို ကန့်ကွက်သင့် မသင့် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း စဉ်းစားထားသူဖြစ်သည်။

“ကျွန်တော်တို့က ရွေးကောက်ပွဲကို ပွင့်ပွင့်လင်းလင်းနဲ့ပဲ ဖြစ်စေချင်တာပေါ့။ ဒါကြောင့် ကြိုတင်မဲ ကိစ္စတွေ တခြား ကိစ္စတွေ တောင်းဆိုထားတာပါ။ အနိုင်အရှုံးဆိုတာထက် အနာဂတ်ကိုသွားမယ့်လမ်းကြောင်းတွေဟာ ဒီမိုကရေစီစံနှုန်းနဲ့ ပြည့်ညီဖို့ပဲ တောင်းဆိုချင်ပါတယ်” ဟု ၎င်းက ပြောသည်။

တတိယ မဲအများဆုံး နေရာသာ ရသည့် NLD မှ ဒေါ်ယမ်ခေါန်က ကန့်ကွက်တော့မည် မဟုတ်ဟု ဆိုသည်။

သို့သော်လည်း ဆန္ဒမဲစာရင်းပုံစံ ၁၉ တွင်လည်း လက်မှတ်ရေးထိုးရန် ငြင်းဆန်ခြင်းဖြင့် သူ၏ သဘောထားကို အများသိစေရန် ပြသခဲ့သူ ဖြစ်သည်။

Show More

Related Articles

Back to top button