ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ မဲရုံတစ်ခုတွင် ကြိုတင်မဲပုံးကို ခွင့်ပြုချက်မရှိဘဲ ဖွင့်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ မဲရုံကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ထားသည်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ပြောသည်။
ဝိုင်းမော်မြို့ အမှတ် (၄) ရပ်ကွက် မဲရုံ၌ ခွင့်ပြုချက်မရှိဘဲ ကြိုတင်မဲပုံးဖွင့်ခဲ့သည့် NLD မဲရုံကိုယ်စားလှယ် ဦးသန်းဋ္ဌေးကို ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်နိုင်သော လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၅၉ (င) ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်ထွန်းက ပြောသည်။
NLD မဲရုံကိုယ်စားလှယ်က မဲပုံးပိတ်ထားသောတိပ်ကို ဖွင့်သည့်အချိန်တွင် ကော်မရှင်အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲအထူးရဲများက သန့်ရှင်းရေးလုပ်နေကြသဖြင့် မည်သူမျှ သတိမထားမိလိုက်ကြဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ မဲရုံကိုယ်စားလှယ်က တွေ့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“၂၉ရက်နေ့က ကောက်ထားတဲ့ ကြိုတင်မဲပုံးတွေကို ၃၀ ရက်နေ့ မနက် ၇နာရီ လူစုံမှ ဖွင့်မယ်ဆိုပြီး တိပ်နဲ့ပိတ်ထားတာ။ NLD မဲရုံကိုယ်စားလှယ်လည်း ပါတယ်။ ၃၀ ရက်နေ့ကျတော့ သူက ဈေးသွားစရာရှိလို့ဆိုပြီး ဖွင့်သွားတာ။ အချိန်မတိုင်ခင်ဖွင့်တာ မကျေနပ်လို့ ပြည်ခိုင်ဖြိုးက ကန့်ကွက်လို့ အမှုဖွင့်တာပါ” ဟု ဦးကြည်ထွန်းက Myanmar Now ကို ပြောသည်။
အဆိုပါမဲပုံးထဲတွင် အောက်တိုဘာလ ၂၉ တွင် ကောက်ခံထားသော ကြိုတင်မဲလက်မှတ် ၈၁ ခုနှင့် အောက်တိုဘာ ၃၀ တွင် ကောက်ခံခဲ့သည့် ၃၁ မဲ ရှိသည်ဟု ဆိုသည်။
ပြည်ခိုင်ဖြိုးမဲရုံကိုယ်စားလှယ်၏ ကန့်ကွက်မှုကြောင့် ဝိုင်းမော်မြို့နယ်တွင် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ ၉ ခုမှ မြို့နယ်ပါတီဥက္ကဋ္ဌများ ပါဝင်သော စေ့စပ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ အစည်းအဝေးခေါ်၍ ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရှိခဲ့သဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ဆိုသည်။
ခွင့်ပြချက်မရှိဘဲ မဲပုံးဖောက်ခြင်းကြောင့် မဲမသမာမှုဖြစ်နိုင်သဖြင့် ပယ်မဲအဖြစ်သတ်မှတ်ရန် ပြည်ခိုင်ဖြိုးပါတီ၏ ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်အောင်က အဆိုပြုခဲ့သော်လည်း အခြားပါတီများက ကန့်ကွက်ခဲ့သည်ဟု စေ့စပ်ညှိနှိုင်းရာတွင် ပါဝင်ခဲ့သည့် ဝိုင်းမော်မြို့နယ် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဥက္ကဋ္ဌ ဦးကြည်စိုးက ပြောသည်။
ယင်းအခြေအနေကို မကျေနပ်၍ မဲပုံးဖွင့်သူကို အရေးယူပေးရန် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းက ကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
“အဘိုးအဘွားတွေ ပင်ပန်းခံပြီး ထည့်ထားတာ ပယ်မဲမဖြစ်သင့်ဘူးလို့ ဝိုင်းတင်ပြကြတယ်။ ကြိုတင်မဲတွေကတော့ ပယ်မဲတော့ မဖြစ်တော့ဘူး။ အဲဒီတော့ ဦးကျော်ကျော်အောင်က ရှေ့လျှောက် ထပ်မဖြစ်အောင်လို့ သူ့ (NLD မဲရုံကိုယ်စားလှယ်) ကို အရေးယူဖို့ တင်ပြတယ်။ ဒါကတော့ ညှိမရခဲ့ဘူး” ဟု ဦးကြည်စိုးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဦးကျော်ကျော်အောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပါ။
ဝိုင်းမော်မြို့နယ် အမှတ် (၄) ရပ်ကွက် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရီမြင့်က တရားလိုပြုလုပ်၍ အောက်တိုဘာလ ၃၀ ညနေပိုင်းတွင် ဝိုင်းမော်မြို့နယ်ရဲစခန်း၌ အမှုဖွင့်ခဲ့ပြီး တိုင်ကြားခံရသူ NLD မဲရုံကိုယ်စားလှယ်ကို လက်ရှိတွင် အာမခံပေးထားသည်ဟု မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
NLD ၏ ဝိုင်းမော်မြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးရိုဆန်းကမူ ၎င်းတို့၏ မဲရုံကိုယ်စားလှယ်အနေဖြင့် လူအများရှိချိန်တွင် သဘောရိုးဖြင့် ဖွင့်ခဲ့ခြင်းဖြစ်ကြောင်း၊ အမှုကို ဥပဒေအတိုင်း ရင်ဆိုင်သွားမည်ဟု ပြောသည်။
လွှတ်တော်အရပ်ရပ်၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ – ၅၉ (င) အရ အသုံးပြုဆဲဖြစ်သော မဲပုံးကို အခွင့်အာဏာမရရှိဘဲ ဖွင့်လှစ်ခြင်း သို့မဟုတ် ဆန္ဒမဲလက်မှတ်၊ ကြိုတင်ဆန္ဒမဲလက်မှတ်ကို ဖျက်ဆီးခြင်းပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ကျူးလွန်သူကို အများဆုံး ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
အောက်တိုဘာ ၂၉ မှ နိုဝင်ဘာ ၅ အထိ နိုင်ငံတစ်ဝန်းရှိ အသက် ၆၀ နှင့်အထက် အသက်အရွယ်ကြီးရင့်သူများနှင့် ရွေးကောက်ပွဲနေ့တွင် တာဝန်ထမ်းဆောင်ရမည့်သူများ ကြိုတင်မဲပေးလျက်ရှိရာ ဥပဒေနှင့်မညီသည့် ဖြစ်စဉ်နှစ်ခုကို အရေးယူထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၃ တွင် ထုတ်ပြန်ခဲ့သည်။
ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်တွင် ကြိုတင်မဲနှစ်ကြိမ်ပေးခဲ့သူ အလယ်တန်းပြဆရာမတစ်ဦး၊ ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် ကော်မရှင်တံဆိပ်တုံးအတုဖြင့် လူသုံးဦးအထိ မဲပေးရာတွင် အသုံးပြုစေခဲ့သည့် ပြည်ခိုင်ဖြိုး၏ မဲရုံကိုယ်စားလှယ်တစ်ဦးတို့ကို လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ အရ အမှုဖွင့်အရေးယူထားသည်ဟု ကော်မရှင်၏ ထုတ်ပြန်ချက်က ဆိုသည်။