အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရွေးကောက်ပွဲ

နတ်မောက်နှင့် ရေစကြိုတွင် မဲလက်မှတ်များ မြို့နယ်မှားယွင်းပါလာသဖြင့် မဲပြန်ပေး

မကွေးတိုင်းဒေသကြီး နတ်မောက်နှင့် ရေစကြိုမြို့နယ်ရှိ မဲရုံးသုံးခု၌ ကြိုတင်မဲပေးရာတွင် အခြားမြို့နယ်များအတွက် ရိုက်နှိပ်ထားသည့် မဲလက်မှတ်များ မှားယွင်းပါလာသဖြင့် မဲပေးပြီးသူ မဲဆန္ဒရှင်များ မနစ်နာစေရန် မဲပြန်ပေးစေခဲ့သည်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောသည်။ 

မကွေးတိုင်း နတ်မောက်မြို့ရှိ အောင်ဆန်းရပ်ကွက်မဲရုံ၊ ရေစကြိုမြို့နယ် ဝါယောကျေးရွာနှင့် ဂွေးဂုဏ်ကျေးရွာ မဲရုံသုံးခုတွင် အခြားမြို့နယ်အတွက် ရိုက်နှိပ်ထားသည့် ဆန္ဒမဲလက်မှတ်များ မှားယွင်းပါလာခြင်းဖြစ်သည်။

နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်မဲရုံ၌ ၂၀၂၀ နိုဝင်ဘာ ၂ က ကြိုတင်မဲလက်မှတ်ပေးရာတွင် မဲလက်မှတ်တစ်အုပ်တွင် မြို့သစ်မြို့နယ် မဲလက်မှတ်အစောင် ၅၀ မှားယွင်းပါလာသည်ကို မဲရုံတာဝန်ခံများက တွေ့ရှိခဲ့သဖြင့် ပေးပြီးသားကြိုတင်မဲများကို ပယ်မဲအဖြစ်ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့ကြောင်း နတ်မောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်နွယ်က Myanmar Now ကို ပြောသည်။

လက်မှတ်အဖုံးတွင် နတ်မောက်မြို့နယ်ဟု ရိုက်နှိပ်ထားသော်လည်း အတွင်းရှိ ဆန္ဒမဲလက်မှတ်များသည် မြို့သစ်မြို့နယ်အတွက် ရိုက်နှိပ်ထားသည့် မဲလက်မှတ်ဖြစ်နေခြင်းဖြစ်ပြီး ကိုယ်စားလှယ်လောင်းများနှင့် စေ့စပ်ညှိနှိုင်းကာ ကြိုတင်မဲပေးပြီးသူများကို မဲပြန်လည်ပေးစေရန် ဆုံးဖြတ်ခဲ့ကြောင်း ဦးခင်မောင်နွယ်က ဆိုသည်။

“မဲရုံက တာဝန်ခံက သိတာ။ ကော်မရှင်တို့၊ ဘာတို့ကပေါ့။ ပထမပေးတုန်းကမသိဘူး။ နောက်တစ်ရက်မှာ ကြည့်လိုက်တော့‌ မြို့သစ်ဆိုတာကြီးဖြစ်နေတာ။ အဲ့ဒီမှာ သိလိုက်တာ။ အဲ့ဒါနဲ့ အဆင့်ဆင့်တင်ပြပြီးတော့ လုပ်တာနဲ့ ပါတီတွေနဲ့ ကြည့်ပြီး စေ့စပ်ညှိနှိုင်းရေးထိုင်လိုက်တာပါပဲ” ဟု ဦးခင်မောင်နွယ်က ပြောသည်။

အောင်ဆန်းရပ်ကွက်မဲရုံတွင် နိုဝင်ဘာ ၂ က ကြိုတင်မဲအရေအတွက် ၅၀ ကျော်သာ ပေးထားသေးပြီး ပါတီကိုယ်စားလှယ်လောင်းများ၏ သဘောဆန္ဒအရ လွှတ်တော်သုံးရပ်အတွက် ယနေ့ (နိုဝင်ဘာ ၃) တွင် မဲပြန်လည်ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

နတ်မောက်မြို့နယ်အတွက် ထုတ်ပေးသည့် တိုင်းဒေသကြီး အမှတ်(၂) ဆန္ဒမဲလက်မှတ်နေရာတွင် မြို့သစ်မြို့နယ်၊ တိုင်းဒေသကြီးအမှတ်(၂) ဆန္ဒမဲလက်မှတ်များ မှားယွင်းပါလာခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ နတ်မောက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်တင်လင်းက Myanmar Now ကို ပြောသည်။

ရေစကြိုမြို့နယ် ဝါယောကျေးရွာနှင့် ဂွေးဂုဏ်ကျေးရွာနှစ်ခုအတွက် ထုတ်ပေးထားသည့် ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် မဲလက်မှတ်များအတွင်း မကွေးမြို့နယ် ပြည်သူ့လွှတ်တော်မဲလက်မှတ်များ ကြားညပ်ပါလာခြင်းကို အောက်တိုဘာ ၃၁ တွင် တွေ့ရှိခဲ့သည်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်အောင်က ဆိုသည်။

မဲလက်မှတ်များမှားယွင်းပါလာမှုအတွက် မဲဆန္ဒရှင်များ မနစ်နာစေရန် ရေစကြိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ စေ့စပ်ညှိနှိုင်းရေးအဖွဲ့များနှင့် ညှိနှိုင်းကာ နိုဝင်ဘာ ၂ တွင် မဲပြန်လည်ပေးစေခဲ့ကြောင်း ဦးမြင့်အောင်က ပြောသည်။

“မဲဆန္ဒရှင်ပြည်သူတွေကို မနစ်နာအောင်၊ ပြည်သူတွေလည်း မနစ်နာအောင် ကျွန်တော်တို့က ပြန်ပြီးတော့ မှားတဲ့အရေအတွက်အတိုင်းပေါ့။ ပေးပြီးသားက မဲပုံးထဲ ရောက်နေတာကိုး။ မဲပုံးကို ချိပ်ပိတ်ပြီးတော့ ပါတီတွေနဲ့ စေ့စပ်ညှိနှိုင်းကော်မတီရှေ့မှာ သိမ်းဆည်းပြီး မြို့နယ်မှာထားတယ်။ ထားပြီးတော့ ပြန်ပြီးတော့ မဲပေးခိုင်းတယ်” ဟု ၎င်းကဆိုသည်။

မဲလက်မှတ်စာအုပ်အဖုံး၊ ပထမမဲလက်မှတ်နှစ်ရွက်နှင့် နောက်ဆုံးမဲလက်မှတ် ၃၀ တွင် ရေစကြိုမြို့နယ်ဟု ရိုက်နှိပ်ထားသော်လည်း အလယ် ၁၈ ရွက်တွင် မကွေးမြို့နယ်ဟု မှားယွင်းနေခြင်းဖြစ်ကြောင်း NLD ၏ ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ဦးက ဆိုသည်။ 

“ပုံနှိပ်တဲ့ ချုပ်လုပ်တဲ့ဆီကများ ဖြစ်နေမလား။ ချုပ်တဲ့ဆီက အဓိကကျမယ်။ အဂတိလုပ်တယ်လို့ပဲ သုံးသပ်တယ်” ဟု ဦးလွင်မြင့်ဦးက ပြောသည်။

လာမည့် ၂၀၂၀ နိုဝင်ဘာ ၈ တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် အသက်အရွယ်ကြီးရင့်သူများသည် အောက်တိုဘာ ၂၉ မှ နိုဝင်ဘာ ၅ အထိ ကြိုတင်ဆန္ဒမဲများပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button