သတင်း

တားမြစ်ချက်ကိုဖီဆန်၍ အလှူပွဲကျင်းပသူ ထောင် သို့မဟုတ် ငွေဒဏ်ချခံရဖွယ်ရှိ

လူစုလူဝေးဖြစ်စေနိုင်သည့် အခမ်းအနားများကို နိုင်ငံတစ်ဝန်း ဒေသန္တရအမိန့်များဖြင့် ပိတ်ပင်ထားသည့်ကြားမှ မန္တလေးတိုင်း နွားထိုးကြီးတွင် အလှူပွဲကျင်းပခဲ့သူ တစ်ဦးကို အမှုဖွင့်အရေးယူထားကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့က Myanmar Now ကိုပြောသည်။

ကိုဗစ်နိုင်တင်း (COVID-19) ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်ကာကွယ်နိုင်‌ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များက တားမြစ်နေသည့်ကြားမှပင် နွားထိုးကြီး ကုက္ကိုလ်စည်ကျေးရွာ၌ ဒေါ်အုန်းခင်ဆိုသူ အမျိုးသမီးတစ်ဦးသည် မတ် ၂၉ ညနေပိုင်းနှင့် နောက်တစ်နေ့ မနက်ပိုင်းတွင် လူရာချီတက်သည့် အလှူပွဲတစ်ခုကို ကျင်းပခဲ့သဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ ဖြင့် ၎င်းကိုအမှုဖွင့်ထားခြင်းဖြစ်သည်။

ထိုဥပဒေအရ တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်း၏ ညွှန်ကြားချက်ကို တမင်မလိုက်နာသူအား အများဆုံး တစ်နှစ်အထိ ထောင်ဒဏ်ချနိုင်သည်။

ဒေါ်အုန်းခင်သည် ပထမရက်ညနေပိုင်း ရှင်လောင်းလှည့်ပြီး နောက်တစ်နေ့မနက်ပိုင်းတွင် မဏ္ဍပ်သွင်း အလှူကြီးပေးခဲ့ခြင်း ဖြစ်သည်ဟု နွားထိုးကြီးမြို့နယ် သဘာဝဘေး တုံ့ပြန်ဆောင်ရွက်ရေး ကော်မတီတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါအလှူပွဲကို မကျင်းပရန် အုပ်ချုပ်ရေးမှူးက စာပို့အကြောင်းကြားခြင်း၊ လူကိုယ်တိုင် သွားရောက်ရှင်းပြ မေတ္တာရပ်ခံခြင်းများကို ပြုလုပ်ခဲ့သော်လည်း လက်မခံဘဲ အလှူပွဲကို ကျင်းပပြုလုပ်ခဲ့သည့်အတွက် အရေးယူရခြင်းဖြစ်ကြောင်း ယင်းကော်မတီမှ ဦးအောင်ကျော်ထူးက ပြောသည်။

“ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကနေပြီးတော့ တရားဝင် စာနဲ့လည်းတားတယ်။ ဒေသန္တရအမိန့် ထုတ်ထားတာရှိတယ်လေ။ ၂၉ ရက်နေ့က ထုတ်ထားတယ်။ သူတို့က ၂၉ ရက်နေ့ ညနေမှာ ရှင်လောင်းလှည့်မှာပေါ့ဗျာ။ နောက်နေ့လည်း အလှူကြီးလုပ်မှာကို ‘မလုပ်တော့နဲ့ ဘုန်းကြီးကျောင်း မှာပဲ ဆွမ်းကပ်လိုက်ပါ’ ပြောတာကို သူက လူစုလူဝေးထပ်မံလုပ်လို့ပါ” ဟု ၎င်းကပြောသည်။

နှစ်သစ်ကူးသင်္ကြန်ပွဲ အပါအဝင် လူစုလူဝေးဖြစ်စေနိုင်သည့် မည်သည့်အခမ်းအနားပွဲကိုမျှ မလုပ်ကြရန် မန္တလေးတိုင်းအစိုးရက မတ်လအစောပိုင်းကတည်းက ဒေသန္တရအမိန့် ထုတ်ပြန်ထားသည်။

ယင်းသို့ထုတ်ပြန်သည့်အပြင် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကလည်း မိမိမြို့နယ်၊ ကျေးရွာများတွင် လူစုလူဝေးမဖြစ်စေရေး ထပ်ဆင့် ညွှန်ကြားချက်များ ထုတ်ပြန်ထားရာ၊ နွားထိုးကြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကလည်း မတ် ၂၉ တွင် တားမြစ်စာများ၊ မေတ္တာရပ်ခံစာများ ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် နွားထိုးကြီးမြို့နယ်အတွင်း၌ နိုင်ငံတကာတွင် အလုပ်သွားရောက်လုပ်ကိုင်နေကြရာမှ ပြန်လည်ရောက်ရှိနေသူများရှိနေသည့်အတွက် ပိုမိုဂရုစိုက်ရန် တားမြစ်ရခြင်းဖြစ်ပြီး တားမြစ်ချက်ကို မလိုက်နာသည့်အတွက် နောက်လူများ မလုပ်ကြစေရန် အရေးယူရခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်က ပြောသည်။

ပုံမှန်ကျင်းပနေကျ အလှူကြီးများလို လူထောင်ချီမလာဘဲ ၅၀၀ ကျော်ဝန်းကျင် အလှူပွဲလာခဲ့မည်ဟု ခန့်မှန်းကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

“အခုကတော့ အလှူလာတဲ့လူတွေအနေနဲ့ မိမိကျန်းမာရေး ဂရုစိုက်ကြဖို့၊ အိမ်မှာပဲ နေကြဖို့နဲ့ ကျန်းမာရေးမကောင်းတာရှိရင် ချက်ချင်း အကြောင်းကြားကြဖို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ကနေ နှိုးဆော်ထားရတယ်၊ အလှူကို ဘယ်သူတွေလာသွားလဲဆိုတာကျတော့လည်း ခက်ခဲတယ်ကိုး။ လူတွေအကုန်လုံးကို ကန့်သတ်စောင့်ကြည့်ဖို့လည်း မဖြစ်နိုင်တော့ ဒီလိုပဲလုပ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါအလှူရှင် ဒေါ်အုန်းခင်အား နွားထိုးကြီးမြို့နယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားသော်လည်း ဖမ်းဆီးထားခြင်းမျိုးမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်ကဆိုသည်။

Related Articles

Back to top button