
စစ်တွေမြို့အခြေစိုက် ရခိုင်သတင်းဌာနတစ်ခုဖြစ်သည့် နိရဉ္စရာသတင်းဌာနကို ယနေ့ညနေ ၅နာရီခွဲခန့်က ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး သတင်းထောက် သုံးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အဆိုပါသတင်းဌာနမှ စာတည်းမှူး ကိုနောင်ခိုင်အောင်က Myanmar Now ကိုပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ အကြီးတန်းသတင်းထောက် သန့်မြတ်ခိုင်၊ အလုပ်သင်သတင်းထောက် အောင်လင်းထွန်း နှင့် ထွန်းခိုင် (တောင်ရင်းကျွန်း) တို့ဖြစ်သည်ဟု သိရသည်။
“အင်အား ၈ ယောက်နဲ့ ၁၀ ယောက်ကြားလောက်ရှိမယ်။ ရဲပါတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါတယ်။ ကွန်ပျူတာ နှစ်လုံးကိုလည်း ယူသွားတယ်” ဟု ကိုနောင်ခိုင်အောင်က ပြောသည်။
နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို စစ်တွေမြို့မရဲစခန်းတွင် ယနေ့ နေ့လယ်ပိုင်းက အမှုဖွင့်ထားသည်ဟု Myanmar Now က သိရှိထားသော်လည်း သီးခြားအတည်ပြု၍ မရနိုင်ပါ။
နိရဉ္စရာသတင်းဌာနသည် ရခိုင်ပြည်နယ်တွင်းဖြစ်ပွားနေသည့် သတင်းများကို ရေးသားဖော်ပြနေသည့် ဖတ်ရှုမှုအများဆုံး သတင်းဌာနများအနက်မှ တစ်ခုဖြစ်သည်။
နိရဉ္စရာသတင်းဌာနနှင့် Development Media Group (DMG) တို့၏ ဝက်ဘ်ဆိုက် နှစ်ခုကို မတ် ၂၃ နှင့် ၂၄ တွင် ဆက်သွယ်ရေးအော်ပရေတာများက တစ်စုံတစ်ရာအကြောင်းကြားခြင်းမရှိဘဲ ဖုန်းအင်တာနက်မှ ဝင်ရောက်ကြည့်ရှု့ခွင့် ပိတ်ပင်ခံထားရသည်။