မြန်မာနိုင်ငံ၏ ကိုဗစ်နိုင်တင်းရောဂါ ရှာဖွေရေးအတွက် ဒုတိယမြောက် ဓာတ်ခွဲခန်းသစ်ကို မန္တလေးမြို့တွင်တည်ဆောက်ရန် စီစဉ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က Myanmar Now ကိုပြောသည်။
မန္တလေးတွင် အဆိုပါ အမျိုးသားဓာတ်ခွဲခန်းသစ် တည်ဆောက်ပြီးစီးပါက အထက်မြန်မာပြည်ရှိ ဆေးရုံများအတွက် ကိုရိုနာဗိုင်းရပ်စစ်ဆေးပေးနိုင်မည့် ဓာတ်ခွဲခန်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။
ယင်းဓာတ်ခွဲခန်းအတွက် မြေနေရာရှာဖွေနေပြီး လိုအပ်သော စက်ပစ္စည်းများမှာ ရန်ကုန်ရှိ ဓာတ်ခွဲခန်းတွင် အသင့် ရှိနေသည်ဟု အမြဲတမ်းအတွင်းဝန် ကဆိုသည်။ သို့သော် မည်သည့်အချိန်တွင် ဓာတ်ခွဲခန်းစတင်လည်ပတ်မည် ဆိုသည်ကိုမူ မသိရသေးပေ။
ကိုဗစ်နိုင်တင်းရောဂါရှိ၊ မရှိ ဓာတ်ခွဲအဖြေထုတ် သုံးသပ်ပုံကိုလည်း ရန်ကုန်ရှိ ဓာတ်ခွဲပညာရှင်များက မန္တလေးရှိ ပညာရှင်များကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ဘက်က ကျွမ်းကျင်တဲ့ ဓာတ်ခွဲမှူးတွေကိုတော့ အစပိုင်းမှာ မန်းလေးမှာ ပူးတွဲပြီးလုပ်ပါမယ်။ ဟိုဘက်က လုံးဝကျွမ်းကျင်လာပြီ။ လုပ်နိုင်ကိုင်နိုင်ပြီဆိုတဲ့အခါကျမှ သူတို့ကို မန္တလေးမှာသီးခြား တာဝန်ပေးပြီးတော့ ဆောင်ရွက်မှာပါ” ဟု ၎င်းကဆိုသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ကိုဗစ်နိုင်တင်းရောဂါရှာဖွေရေး ဓာတ်ခွဲခန်းဖြစ်သည့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) ကိုလည်း တရုတ်နိုင်ငံမှကူညီမည့် ဓာတ်ခွဲစက်ပစ္စည်းများ၊ လူအင်အားများဖြင့် ထပ်မံ အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
လာမည့် ဧပြီလဆန်းတွင် တရုတ်နိုင်ငံမှ ဓာတ်ခွဲပညာရှင်များနှင့်အတူ ရန်ကုန်ရှိ အမျိုးသားဓာတ်ခွဲခန်း၌ တစ်နေ့လျှင် လူပေါင်း ၂၀၀ ၏ ဆေးအဖြေကို စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းတစ်ခုကိုလည်း တိုးချဲ့မည်ဖြစ်ကြောင်း ဒေါက်တာ သာထွန်းကျော်က ဖြည့်စွက်ပြောသည်။
တရုတ်နိုင်ငံမှ ဓာတ်ခွဲပညာရှင်များမှာ မြန်မာနိုင်ငံတွင် နှစ်ပတ်ကြာနေထိုင်၍ မြန်မာဓာတ်ခွဲပညာရှင်များနှင့် တွဲဖက် အလုပ်လုပ်ကိုင်မည်ဟု ၎င်းက ဆိုသည်။
“လေ့လာစရာ သင်ယူစရာများ ရှိရင်လည်း ကျွန်တော်တို့ရဲ့ ဓာတ်ခွဲ ပညာရှင်တွေက သင်ယူဖို့ လေ့လာဖို့အတွက် အခွင့်အရေး တစ်ခုရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ယနေ့ (မတ် ၃၀) နံနက်တွင်လည်း ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆေးဝါးများနှင့် ဆေးပစ္စည်းကိရိယာများ တရုတ်နိုင်ငံမှ လှူဒါန်းခြင်းအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင် ပြုလုပ်ခဲ့ပြီး မြန်မာလေကြောင်းလိုင်းမှ တရုတ်ဆေးအဖွဲ့ကို စေလွှတ်နိုင်ရေး ဆွေးနွေးခဲ့ကြသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင် (Chen Hai) က မီဒီယာများကို ပြောသည်။
ရန်ကုန်ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ကိုဗစ်နိုင်တင်း စစ်ဆေးနေသည့် စက်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ အသိအမှတ်ပြုဓာတ်ခွဲခန်းတစ်ခုဖြစ်ပြီး တစ်ရက်လျှင် လူအယောက် ၃၀၀ ၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးနိုင်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆိုသည်။
လက်ရှိစစ်ဆေးနေသည်မှာ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် လူဦးရေ ၈၀ ခန့်၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးနေပြီး တစ်နိုင်ငံလုံးမှ ပေးပို့လာသော ဓာတ်ခွဲရန်နမူနာများကို အားလုံးစုပေါင်းပြီး တစ်ကြိမ်တည်း တစ်ရက်ချင်းစီအလိုက် စစ်ဆေးနေခြင်းဖြစ်သည်ဟု ဒေါက်တာသာထွန်းကျော်ကဆိုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါကို စစ်ဆေးနိုင်သည့် ကျွမ်းကျင် ပညာရှင် နည်းပါးခြင်းနှင့်ပတ်သက်၍
“ကျွန်တော်တို့က တစ်ယောက်ချင်းစစ်နေတာမဟုတ်ဘူး။ လူနာတစ်ယောက်လာရင် တစ်ယောက်ကို ဓာတ်ခွဲမှူးတစ်ယောက်က စစ်တဲ့ဟာမျိုးမဟုတ်ဘူး။ အားလုံးကိုထည့်ပြီး တစ်ခါတည်း Run လိုက်ရင် တစ်ခါတည်းနဲ့ပြီးတယ်။ ကျွန်တော်တို့ရဲ့ စက်ပစ္စည်းက တစ်ခါထည့်ရင် ဥပမာ- နမူနာ ၈၄ ယောက်စစ်ရမယ်ဆိုရင် ဓာတ်ခွဲပညာရှင် ၈၄ ယောက်ထိုင်နေစရာမလိုဘူး”ဟု ဒေါက်တာ သာထွန်းကျော်က ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းစစ်ဆေးနိုင်သည့် ကျွမ်းကျင်ပညာရှင်နှင့် စစ်ဆေးနေသည့် စက်အရေအတွက်နှင့်ပတ်သက်၍ ကျွမ်းကျင် ၇ ဦးနှင့် စက် ၄ လုံးရှိထားသည်ဟု Frontier သတင်းဌာနက ဖော်ပြထားသည်။
“ဓာတ်ခွဲပညာရှင်ရဲ့အရေအတွက်ထက် စက်ပစ္စည်းရဲ့ စွမ်းအားက ပိုအရေးကြီးပါတယ်လို့ ကျွန်တော် ပြောချင်တယ်” ဟု ဒေါက်တာ သာထွန်းကျော်က မှတ်ချက်ပြုသည်။
ယနေ့ ညနေ ၇ နာရီဝန်းကျင် စာရင်းအရ တစ်ကမ္ဘာလုံးတွင် ကိုဗစ်နိုင်တင်း ကူးစက်ရောဂါ ဖြစ်ပွားသူ ၇၄၃,၂၀၁ ဦး ရှိပြီး သေဆုံးသူ ဦးရေ ၃၅,၀၉၈ ဦး ရှိပြီ ဖြစ်သည်။ ကူးစက်ရောဂါမှ ပြန်လည်ပျောက်ကင်းသူမှာ ၁၆၁, ၈၂၃ ဦး ဖြစ်သည်။
မြန်မာနိုင်ငံတွင် အဆိုပါ ရောဂါပိုးကူးစက်ခံရသူကို မတ် ၂၃ တွင် စတင် တွေ့ရှိခဲ့ပြီး ယနေ့ ည ၇ နာရီ မိနစ် ၃၀ အထိစာရင်းအရ ကိုရိုနာဗိုင်းရပ်ပိုးတွေ့သူ ၁၄ ဦးအထိရှိလာပြီဖြစ်သည်။