သတင်း

ကိုဗစ်နိုင်တင်းလူနာနံပါတ် ၉ နေထိုင်ရာ ရပ်ကွက်တွင် လူ ၁၀၀ ခန့်ကို နေအိမ်ကန့်သတ်

ထိုင်းမှပြန်လာသော ကိုဗစ်နိုင်တင်းလူနာ နံပါတ် ၉ နေထိုင်ခဲ့သည့် မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာလမ်းသွယ် (၂) မှ ရပ်ကွက်နေလူ ၁၀၀ ခန့်ကို နေအိမ်မှပြင်ပသို့ ဝင်ထွက်သွားလာခွင့် ပိတ်ပင်လိုက်ပြီဖြစ်ပြီး ၁၄ ရက်စောင့်ကြည့်မည်ဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောသည်။

“သူတို့က လိုင်းခန်းတွဲတွေငှားနေတာဆိုတာ အဲ့ဒီလမ်းသွယ်ကိုဆေးဖျန်းပြီး အဲ့ဒီ လမ်းမှာနေတဲ့ လူတွေအကုန်လုံးကို (နေအိမ်ကန့်သတ်) လုပ်ထားတယ်ဗျ။ (သူ့ရဲ့) အမျိုးသမီးကတော့ လောလောဆယ် ပုလဲဆေးရုံမှာ စောင့်ကြည့်ပေါ့” ဟု ၎င်းက မတ် ၃၀ မွန်းလွဲပိုင်းတွင် ပြောသည်။

နေအိမ်ကန့်သတ် ခံထားရသူများအတွက် အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား ရရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားပြီး လှူဒါန်းလိုသည့် စေတနာရှင် အရပ်ဘက်အဖွဲ့ အစည်းများကိုလည်း အကူအညီတောင်းခံသွားမည်ဟု မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုး က Myanmar Now သို့ ယနေ့ပြောသည်။

လတ်တလောတွင် ဝင်ထွက်သွားလာခွင့် ပိတ်ပင်ခံထားရသည့် အဆိုပါလမ်းသွယ်ရှိ ပြည်သူများကို အနီးရှိရပ်ကွက်များက အစားအစာလှူဒါန်းနေသည်ဟု မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း က ပြောသည်။

မတ် ၂၉ အထိ စာရင်းများအရ မင်္ဂလာဒုံမြို့နယ်တွင် ပြည်ပမှပြန်လည်ဝင်ရောက်လာသူ ၅၀၀ ကျော်ရှိကြောင်း သူက ပြောသည်။

“လေဆိပ်ကပြန်လာတဲ့သူတွေကို အဓိကစောင့်ကြည့်နေတယ်၊ ဘုန်းကြီးကျောင်းတွေမှာလည်း (ကန့်သတ် ခြေချုပ်) လုပ်နေတယ်၊ မြဝတီက ပြန်လာတဲ့အလုပ်သမားတွေကို အုပ်ချုပ်ရေးမှူးတွေ မီးသတ်ဌာနက လူတွေ ရဲတွေနဲ့ စောင့်ကြည့်နေပါတယ်” ဟု ၎င်းကပြောသည်။

မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိလာသည့် အသက် ၄၄ နှစ်အရွယ် အမျိုးသားတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ည က ထုတ်ပြန်ခဲ့သည်။

အဆိုပါ အမျိုးသားနှင့်ဇနီးသည် မတ် ၂၆ နံနက် ၂ နာရီခန့်က မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ အောင်မင်္ဂလာလမ်းသွယ် (၂) ရှိ ၎င်း၏တူမအိမ်သို့ ခေတ္တနားရန် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ဦးထွန်းထွန်းဝင်း က ပြောသည်။

“သူကစီးလာတဲ့တောက်လျှောက်က ကိုယ်နွေးလာတာပေါ့။ ၂၈ ရက်နေ့ညတော့ ကိုယ်ပူချိန်တက်နေပြီ ဆေးရုံတင်လိုက်ရတယ်။ အခုက သူစီးလာတဲ့အံစာတုံးကားနံပါတ်ကလည်း မပြောနိုင်ဖြစ်နေတော့ အစိုးရတော့ ဒါကိုဆက်လိုက်နေတယ်” ဟု ၎င်းကပြောသည်။

မြဝတီ-မဲဆောက်တံတားမှ တစ်ဆင့် မတ်လ ၁၉ ရက်မှ ၂၃ ရက်အထိ တရားဝင်ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားဦးရေမှာ ၂၃,၀၀၀ ကျော်ရှိပြီး အဆိုပါဝင်ရောက်သူများမှာ ယခုတွင် မြန်မာနိုင်ငံအနှံ့အပြားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ထားသည်။

မတ် ၂၉ ည ၁၀ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံတွင် စောင့်ကြည့်လူနာ ၄၇၆ ဦးတွင် ပိုးမတွေ့သူ ၄၀၃ ဦးရှိပြီး သံသယလူနာ နှစ်ဦးနှင့် ရောဂါပိုးတွေ့ရှိသူ ၁၀ ဦးရှိပြီဖြစ်ကာ ၆၃ ဦးမှာ ဓာတ်ခွဲအဖြေစောင့်ဆိုင်းနေသည်။

Show More

Related Articles

Back to top button