သတင်း

အစိုးရဝန်ထမ်းများ အလှည့်ကျရုံးတက်ရန်စီစဉ်

အစိုးရဝန်ထမ်းအင်အား စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းသာ အလှည့်ကျ ရုံးတက်၍တာဝန်ထမ်းဆောင်ရန် စီစဉ်နေကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်နှင့် အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦးတို့က Myanmar Now ကိုအတည်ပြုသည်။

ကိုဗစ်နိုင်တင်း (COVID-19) ရောဂါကြိုတင်ကာကွယ်တားဆီးရေး၊ ရုံးလုပ်ငန်းတာဝန်များ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်စေရေးအတွက် ထိုသို့စီစဉ်ဆောင်ရွက်ကြရန် မတ် ၂၅ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားစာလည်း ထွက်ရှိထားသည်။

“ရာထူးအဆင့်အားလုံးကိုတော့ တစ်ဝက်လုပ်လို့မရဘူး။ အမြဲတမ်းအတွင်းဝန်တို့၊ ညွှန်ချုပ်တို့က ဒီနေ့ရုံးတက်လိုက် နောက်နေ့ရုံးမတက်လိုက်လုပ်လို့မရဘူး၊ ဝန်ထမ်းအငယ်တွေကိုအဓိကထားပြီးစီစဉ်နေပါတယ်။ အလှည့်ကျဇယားလေး ဒီနေ့တော့ထွက်မှာပါ” ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က Myanmar Now ကို ပြောသည်။

အိမ်တွင်ရှိရမည့်ဝန်ထမ်းများ တာဝန်ချိန်အဖြစ် သတ်မှတ်နေထိုင်ရန်၊ လိုအပ်၍ခေါ်ယူပါက အချိန်နှင့် တစ်ပြေးညီ ရုံးသို့လာရောက်တာဝန်ထမ်းရန်၊ ကိုယ်တိုင်သော်လည်းကောင်း၊ နေထိုင်ရာပတ်ဝန်းကျင်တွင်သော်လည်းကောင်း  ကိုဗစ်နိုင်တင်း သံသယလူနာတွေ့လျှင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ အကြောင်းကြားရန် အဆိုပါ ညွှန်ကြားစာတွင်ပါရှိသည်။

ထို့အတူ ကျန်းမာရေးညွှန်ကြားချက်များကို လိုက်နာရန်၊ နေအိမ်များသို့ ရပ်နီးရပ်ဝေးပြင်ပဧည့်သည် လာရောက်မှုကို တတ်နိုင်သမျှလျှော့ချရန်၊ ခွင့်ပြုချက်မရဘဲ တာဝန်ကျဒေသမှ ထွက်ခွာခြင်းမပြုရန်တို့ကို ဌာနဆိုင်ရာဝန်ထမ်းများ တိကျစွာလိုက်နာရေး တာဝန်ရှိသူတို့က ကြပ်မတ်ဆောင်ရွက်ကြရန် သမ္မတရုံးကသိပေးထားသည်။

နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးလွင်ဦးနှင့် Myanmar Now ကဆက်သွယ်၍ရရှိခဲ့ပြီး ယင်းသို့ပင် စီစဉ်နေကြောင်း ၎င်းက အတည်ပြုသည်။

“အထက်က အမိန့်တစ်စုံတစ်ရာမရမချင်း အဲဒီအတိုင်းပဲ ဆောင်ရွက်ပါမယ်” ဟု ဦးလွင်ဦးက ပြောသည်။

နေပြည်တော်၌ နိုင်ငံခြားမှပြန်လာကြောင်း ကိုယ်တိုင်အကြောင်းကြားသဖြင့် နေပြည်တော်ရှိဆေးရုံများ၌ သီးသန့်ခွဲခြား စောင့်ကြည့်နေရသူ ယမန်နေ့ (မတ် ၂၅) အထိ ၅၆ ဦးရှိသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မတ် ၂၅ ညပိုင်းအထိ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ် ရောဂါပိုးတွေ့ရှိသူ သုံးဦးရှိပြီးဖြစ်သည်။

Show More

Related Articles

Back to top button