
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နိုင်တင်းသက်ရောက်မှုကုစားရန် အမြဲတမ်းခန့် နိုင်ငံ့ဝန်ထမ်းများကို ရရှိသောလစာ၏ နှစ်လစာပမာဏကို အတိုးမဲ့ချေးငွေအဖြစ် ထုတ်ချေးမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန တာဝန်ရှိသူက ဆိုသည်။
ကိုဗစ်နိုင်တင်း စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP) အစီအစဉ်အရ အမြဲတမ်းခန့်နိုင်ငံ့ဝန်ထမ်းများကို ယင်းကဲ့သို့ ငွေထုတ်ချေးခြင်းဖြစ်ပြီး အောက်တိုဘာလဆန်းမှစ၍ ချေးငွေများထုတ်ပေးမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဝင်းထိုက်က Myanmar Now ကို ပြောသည်။
“လုပ်ထုံးလုပ်နည်းကို Approval (အတည်ပြုချက်) ယူပြီးပြီ။ ဒီအစီအစဉ်အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နေတာပေါ့။ နိုင်ငံ့ဝန်ထမ်းတွေကို သက်ဆိုင်ရာအစီအစဉ်အတိုင်း CERP မှာပါတဲ့ အစီအစဉ်အတိုင်း ဆောင်ရွက်နေတာပေါ့” ဟု ၎င်းက ပြောသည်။
ဝန်ကြီးဌာနတွင် ကြွေးမြီအပ်ငွေယာယီစာရင်းဖွင့်လှစ်ကာ နိုင်ငံ့ဝန်ထမ်းများကို ချေးငွေထုတ်ပေးမည်ဖြစ်ပြီး ခြောက်လအထိ ပေးဆပ်ရန်မလိုဘဲ ခြောက်လပြည့်ပြီးမှသာ ချေးငွေကို တစ်နှစ်အတွင်း အချိုးကျ ပြန်လည်ပေးဆပ်ရမည်ဟု ဦးဝင်းထိုက်က ပြောသည်။
ပြန်လည်ပေးဆပ်ရမည့် ချေးငွေဖြစ်သဖြင့် ပုံမှန်ဝင်ငွေရှိသည့် အမြဲတမ်းခန့်ဝန်ထမ်းများကို ထုတ်ချေးခြင်းဖြစ်ပြီး အချိန်ကာလအလျောက် အလုပ်ရပ်နားနိုင်ခြေရှိသည့် အမြဲတမ်းမဟုတ်သော ဝန်ထမ်းများကို ချန်လှပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ဝန်ကြီးဌာနအလိုက် ငွေချေးယူလိုသည့် ဝန်ထမ်းလူဦးရေ၊ ရာထူးနှင့် လိုအပ်ငွေစားရင်းကို သတ်မှတ်ထားသည့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနများသို့ တင်ပြရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဩဂုတ် ၃၁ တွင် ညွှန်ကြားချက်ထုတ်ပြန်ထားသည်။
၂၀၁၈ ဧပြီမှစ၍ တိုးမြှင့်ခွင့်ပြုခဲ့သည့် လစာနှုန်းထားအရ နိုင်ငံ့ဝန်ထမ်းများသည် ထမ်းဆောင်သည့် ရာထူးအလိုက် လစာငွေ ၁၅၄,၀၀၀ ကျပ်မှ ၅၅၀,၀၀၀ ကျပ်အထိ ခံစားခွင့်ရရှိနေပြီး ယခုချေးငွေမှာလည်း ရာထူးအလိုက် ချေးငွေရရှိမှု ကွာခြားမည်ဖြစ်သည်။
၂၀၁၉ မတ် ၃၁ အထိ မြန်မာနိုင်ငံတွင် ပြည်ထောင်စုအစိုးရအဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများတွင် ခန့်အပ်ခဲ့သည့် အမြဲတမ်းဝန်ထမ်း တစ်သန်းကျော်ရှိပြီး ပုံသေ၊ နေ့စား၊ ပုတ်ပြတ်ဝန်ထမ်းဦးရေ ၈၄,၉၀၄ ဦး ရှိကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ၂၀၁၉ တွင် ထုတ်ပြန်သည့် အမိန့်ကြေညာချက်တစ်ခုအရ သိရသည်။