သတင်း

သင်္ဃန်းကျွန်းတွင် ခွင့်ပြုချက်မဲ့ စုဝေးနေထိုင်သော တရုတ်များကို တရုတ်နိုင်ငံသို့ စတင်ပြန်ပို့

သင်္ဃန်းကျွန်းမြို့နယ် ပန်းဝါလမ်းနှင့် နှင်းဆီလမ်းတို့မှ အိမ်နှစ်လုံးတွင် ခွင့်ပြုချက်မဲ့စုဝေးနေထိုင်သည်ကို တွေ့သဖြင့် ခေါ်ယူစစ်ဆေးနေသော တရုတ်နိုင်ငံသား ၁၁၈ ဦးအနက် ၁၈ ဦးကို မတ် ၂၃ (ယနေ့) ညနေ လေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ပြန်လည် စေလွှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းလွှတ်တော်အမတ် ဦးမောင်မောင်ဦးက ပြောသည်။ 

ပန်းဝါလမ်းအိမ်တွင် တရုတ်နိုင်ငံသား ၅၄ ဦးအနက် ၁၀ ဦးသာ form C (နေထိုင်ခွင့်ပုံစံ (ဂ)) တင်ထားပြီး နှင်းဆီလမ်း အိမ်တွင်နေထိုင်လျက်ရှိသည့် ၆၄ ဦးအနက် လူ ၂၀ သာ form C တင်ထားသည်ဟု သင်္ဃန်းကျွန်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောသည်။

နေထိုင်ခွင့်ပုံစံ (ဂ) (သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးသို့ ဧည့်စာရင်းတိုင်ကြားချက်) မတင်ဘဲ နေထိုင်နေသူ ၈၈ ဦးအနက် ၁၈ ဦးကို ပထမ အသုတ်အဖြစ် တရုတ်နိုင်ငံသို့ ပြန်လည် စေလွှတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံသားများအနက် အများစုသည် ယူနန်ပြည်နယ်ဘက်မှဖြစ်ပြီး မတ် ၁၂ ဝန်းကျင်တွင် လေကြောင်းမှ ရောက်ရှိလာခြင်းဖြစ်သည်။ One By One ကုမ္ပဏီနှင့် Fresh Wave Business Services Company ကုမ္ပဏီတို့အတွက် အွန်လိုင်းရှော့ပင်း လုပ်ဆောင်ရန်နှင့် ဆော့ဖ်ဝဲရေးရန်အတွက် ရောက်ရှိနေခြင်းဖြစ်ကာ ကုမ္ပဏီက ငှားရမ်းပေးထားသည့်အိမ်တွင် နေထိုင်နေခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရကြောင်း ဦးမောင်မောင်ဦးက ဆိုသည်။ 

အဆိုပါတရုတ်နိုင်ငံသားများသည် မည်သည့်ဗီဇာအမျိုးအစားဖြင့် ဝင်ရောက်လာမှန်း ရှင်းရှင်းလင်းလင်း မသိရသေးပါ။ သင်္ဃန်းကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးကို ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ရှိသူမှာ လေဆိပ် သွားနေသဖြင့် မေးမြန်းခွင့်မရခဲ့ပေ။

Myanmar Now က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ဝက်ဘ်ဆိုက်အချက်များအရ တရုတ်နိုင်ငံသား ဒါရိုက်တာတစ်ဦးပါ One By One Automotive Trading Co., Ltd နှင့် မြန်မာလူမျိုး ဒါရိုက်တာ တစ်ဦးပါ Fresh Wave Business Services Company အမည်ရှိ ကုမ္ပဏီ နှစ်ခုကိုရှာတွေ့ခဲ့ပြီး ၎င်းတို့သည် ယခု ဖမ်းဆီးခံရသည့် တရုတ်နိုင်ငံသားများအလုပ်လုပ်နေသော ကုမ္ပဏီများဟုတ်မဟုတ် သီးခြားအတည်မပြုနိုင်ပါ။ 

“Form C မတင်တဲ့အထဲက မိန်းကလေး ၄ ယောက် ယောက်ျားလေး ၁၄ ယောက်ကို ပြန်လွှတ်လိုက်ပါပြီ။ လေယာဉ်အခက်အခဲကြောင့်ပါ။ ကျန်တဲ့သူတွေကို နောက်နေ့တွေ ဆက်လွှတ်သွားမှာပါ။ နိုင်ငံခြားသားကိုတော့ အရေးယူဖို့မရှိပါဘူး” ဟု မတ် ၂၃ ညနေပိုင်းတွင် Myanmar Now ကို ပြောသည်။ 

“ဒီဘက်က ကျူးလွန်တဲ့သူတွေကိုပဲ အရေးယူဖို့ရှိပါတယ်။ အိမ်ရှင်ရော ကုမ္ပဏီဘက်ကိုရောပါ။ လက်ရှိမှာတော့ ဖမ်းဆီးတာတော့ မရှိသေးပါဘူး” ဟု ဦးမောင်မောင်ဦးက ပြောသည်။

အဆိုပါ အိမ်နှစ်လုံးတွင် တရုတ်နိုင်ငံသား အများအပြားနေထိုင်နေသည့်အတွက် ရပ်ကွက်ကအကြောင်းကြားလာသဖြင့် မတ် ၂၁ ညတွင် သက်ဆိုင်ရာဌာနများက ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

 

Show More

Related Articles

Back to top button