တည်းခိုခန်းတွင် တည်းခိုနေသည့် တရုတ်နိုင်ငံသားနှင့် မြန်မာအမျိုးသမီးတို့ နှစ်ဦးကို ရပ်ကွက်နေပြည်သူများက လက်မခံဘဲ လူစုလူဝေးအနည်းငယ် ဖြစ်ပေါ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းတို့က ၎င်းတို့ကို ကိုဗစ်နိုင်တင်း (COVID-19) စောင့်ကြည့်ခံများထားသည့် နဒီမြန်မာဟိုတယ်သို့ ပို့လိုက်ပြီဖြစ်သည်။
မန္တလေး အောင်မြေသာစံမြို့နယ် သီရိမာလာအရှေ့ရပ်ကွက်ရှိ တော်ဝင်နန်းတည်းခိုခန်းတွင် တည်းခိုနေသည့် တရုတ်လူမျိုးနှင့် မြန်မာအမျိုးသမီးတို့ကို ကိုဗစ်နိုင်တင်း (COVID-19) သံသယဖြင့် ရပ်ကွက်က လက်မခံဟုဆိုကာ နဒီမြန်မာဟိုတယ်သို့ ၎င်းတို့နှစ်ဦးကို ညတွင်းချင်း ပို့လိုက်သည်ကို Myanmar Now က မြင်တွေ့ရသည်။
“ကျန်းမာရေးဌာနနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ချိတ်ဆက်လို့ ကျွန်တော်တို့က စောင့်ကြည့်လူနာအဖြစ် လာပို့ဆောင်တာပါ၊ ပြဿနာဖြစ်ပွားတဲ့အပိုင်းတွေကျတော့ ကျွန်တော်တို့မသိပါဘူး”ဟု နန်းတော်ရှေ့ လူမှုကူညီရေးအသင်းမှ ဦးသိန်းထွန်းအောင်က ပြောသည်။
“သံဃာ့ဆေးရုံကို အရင်ပို့တယ်၊ အဲဒါ လက်မခံတော့ အခု ဒီကို (နဒီမြန်မာဟိုတယ်) လာပို့တာပါ”ဟု သူက ဆိုသည်။
Myanmar Now ၏ သတင်းရရှိမှုအရ ရပ်ကွက်နေပြည်သူများက တရုတ်နိုင်ငံသား လာရောက်တည်းခိုနေသည်ကို တွေ့ရာမှ လူစုလူဝေးဖြစ်ပေါ်ခဲ့သည်ဟု သိရှိထားသည်။
“ပြဿနာဖြစ်ပွားတော့ကျွန်တော်တို့မရှိဘူး။ တည်းခိုခန်းပိုင်ရှင်ပြောပြတာတော့ အမျိုးသမီးက အရင်တည်းခိုနေတာ၊ မြန်မာမှတ်ပုံတင်ပန်းရောင်ကတ်နဲ့ တရုတ်က နောက်မှရောက်လာတာ၊ အမျိုးသမီးမှတ်ပုံတင်ကိုပဲ တည်းခိုခန်းကတောင်းထားမိတာပေါ့၊ ရပ်ကွက်က သူတို့နှစ်ဦးကို တွေ့ပြီး လက်မခံတော့ နည်းနည်း ရုန်းရုန်းဖြစ်သွားတာလို့ကြားတယ်”ဟု အောင်မြေသာစံမြို့နယ် အရံမီးသတ်တပ်ဖွဲ့မှ တပ်သားထက်ဝေယံက ပြောသည်။
မန္တလေးတွင် မြန်မာလူမျိုး အမေရိကန်နိုင်ငံသားတဦးထံ ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိထားပြီး ၎င်းနှင့်ဆက်စပ်သူများကို သွားလာခွင့်ကန့်သတ်စောင့်ကြည့်လျက်ရှိသည်။
ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိထားသူ ယမန်နေ့ကအထိ ၈ ဦးရှိရာမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယမန်နေ့ (မတ် ၂၉) ည ထုတ်ပြန်ချက်အရ နှစ်ဦးထပ်မံတိုးလာခဲ့ပြီး လက်ရှိတွင် ပိုးတွေ့ရှိသူ ၁၀ ဦးရှိသွားပြီဖြစ်သည်။ ၅၅ ဦးမှာ ဓာတ်ခွဲခန်းအဖြေ စောင့်ဆိုင်းနေသည်။