အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာနိုင်ငံထဲ ရောက်နေသည့် ဝူဟန်မြို့မှ တရုတ်နိုင်ငံသား ငါးဦးတွင် တစ်ဦးသာရှာတွေ့

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှ မြန်မာနိုင်ငံ မူဆယ်မြို့သို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံသားငါးဦးအနက် အမျိုးသမီးတစ်ဦးကို ရှာဖွေတွေ့ရှိ၍ တရုတ်နိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ပြောသည်။

မနေ့က ရှာဖွေတွေ့ရှိခဲ့သည့် အဆိုပါအမျိုးသမီးမှာ ဇန်နဝါရီ ၁၆ ရက်ကတည်းက ၎င်း၏ဆွေမျိုးများရှိရာ ကြူကုတ်(ပန်ဆိုင်း) မြို့သို့ ရောက်ရှိနေခြင်းဖြစ်ပြီး ပြန်လည်တွေ့ရှိချိန်တွင် ကျန်းမာရေးကောင်းမွန်သလို ကိုယ်ပူချိန် မြင့်တက်နေခြင်းမျိုးလည်း မရှိကြောင်း ၎င်းက ပြောသည်။

ဝူဟန်မြို့ကို တရုတ်အစိုးရက ဝင်ထွက်ခွင့်ပိတ်ထားသော်လည်း တရုတ်နိုင်ငံသားငါးဦးမှာ မြန်မာ-တရုတ်နယ်စပ်မြို့ ရွှေလီမှတစ်ဆင့် မူဆယ်သို့ ရောက်ရှိနေ၍ ကူညီရှာဖွေပေးပြီး တွေ့ရှိပါက အကြောင်းကြားရန် တရုတ်ရွှေလီ ရဲဌာနက မူဆယ်ခရိုင်ရဲဌာနသို့ ဖေဖော်ဝါရီ ၆ ရက်တွင် အကြောင်းကြားထားသည်။

ထိုအကြောင်းကြားစာတွင် တရုတ်နိုင်ငံသားငါးဦးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု သံသယရှိကြောင်း၊ ၎င်းတို့ကို ကူညီရှာဖွေပေး၍ တွေ့ရှိပါက တရုတ်နိုင်ငံဘက်သို့ အကြောင်းကြားပေးရန် မတွေ့ရှိမီတွင် ရောဂါမကူးစက်စေရေး ဂရုစိုက်ရန် သတိပေးထားသည်။

တရုတ်နိုင်ငံ ရွှေလီရဲဌာနဘက်မှ အကြောင်းကြားစာတွင် တရုတ်နိုင်ငံသားငါးဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဖော်ပြထားခြင်းမှာ ဝူဟန်မြို့မှ လွတ်ထွက်လာသူများကို ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူအဖြစ် သတ်မှတ်သည့်သဘော ဖြစ်ကြောင်း ဦးမောင်မောင်သန်းက ရှင်းပြသည်။

အကြောင်းကြားစာတွင် ပါရှိသည့် ငါးဦးတွင် နယ်စပ်ဂိတ်မှ တရားဝင်ဝင်ရောက်လာသော အဆိုပါအမျိုးသမီးကို ဖေဖော်ဝါရီ ၆ ရက်တွင်ပင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျန်လေးဦးကို မတွေ့ရှိသေးဘဲ ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဦးမောင်မောင်သန်းက ဆိုသည်။

လွတ်မြောက်နေသော တရုတ်နိုင်ငံသားလေးဦးနှင့် ပတ်သက်၍ ရွှေလီရဲဌာနက ၎င်းတို့၏ အမည်၊ တရုတ်ဖုန်းနံပါတ်၊ မှတ်ပုံတင်အမှတ်၊ ဓာတ်ပုံနှင့်တကွ ၎င်းတို့ သွားလာတတ်သည့် နေရာများကိုပါ မြန်မာဘက်သို့ ပေးပို့ထားကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားချက်အရ သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button