ကိုရိုနာဗိုင်းရပ်ပြဿနာကြောင့် ကုန်ကြမ်းပြတ်သွား၍ဟုဆိုကာ လှိုင်သာယာမြို့နယ်ရှိ စက်ရုံလေးရုံက ကြိုတင်အသိပေးခြင်းမရှိဘဲ ဝန်ထမ်းလျှော့ချခဲ့သဖြင့် ယင်းစက်ရုံများကို အရေးယူပေးရန် အလုပ်သမားများက အစိုးရထံ မတ် ၂၃ (ယနေ့) တွင် တိုင်ကြားလိုက်သည်။
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်နှင့် ရွှေသံလွင်စက်မှုဇုန်တို့ရှိ အထည်ချုပ်နှင့် အိတ်ချုပ်စက်ရုံတို့တွင် ကုန်ကြမ်းပြတ်တောက်၍ဟုဆိုကာ အလုပ်သမားများအား ကြိုတင်အကြောင်းမကြားဘဲ လုပ်သားအင်အားလျှော့ချသည့်အတွက် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့်အညီ အရေးယူပေးရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအား အလုပ်သမားများက တိုင်ကြားလိုက်ခြင်းဖြစ်သည်။
အဆိုပါဥပဒေအရ မည်သူမဆို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ပါအချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက အများဆုံးသုံးလအထိ ထောင်ဒဏ်ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
တန်ဂျင်း ၁ အထည်ချုပ်စက်ရုံမှ အလုပ်သမား အယောက် ၆၀၊ Full Way Myanmar မှ အလုပ်သမား ၁၅ ဦး၊ ကျင့်ကျန်အထည်ချုပ်စက်ရုံမှ အလုပ်သမား ၅၇ ဦးနှင့် Ruifa Enterprise bags အိတ်စက်ရုံမှ အလုပ်သမား ၉၁ ဦးတို့ကို ယင်းစက်ရုံများက ယခုလအတွင်း အလုပ်မှရပ်နားလိုက်ခြင်းဖြစ်သည်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်အရ လုပ်သားလျှော့ချခြင်း၊ အလုပ်သမားအား အလုပ်မှရပ်စဲခြင်းတို့အတွက် အလုပ်သမားအဖွဲ့အစည်းကို ခေါ်ယူဆွေးနွေးခြင်း၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီတွင် ဆွေးနွေးဆောင်ရွက်ခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး အလုပ်ရပ်နားရန်အတွက် တစ်လကြိုတင်အသိပေးရမည်ဖြစ်သည်။
“ကျွန်တော်တို့ကို ကုန်ကြမ်းပြတ်တောက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်လျှော့လိုက်တယ်။ ကြိုတင်အကြောင်းကြားတာလည်းမရှိဘူး။ လျှော့လိုက်တဲ့သူတွေကလည်း သမဂ္ဂအဖွဲ့ဝင်တွေ အများစုဖြစ်ပါတယ်။ စက်ရုံတွင်းက အလုပ်သမားအဖွဲ့အစည်းနဲ့လည်း ညှိနှိုင်းဆွေးနွေးတာတွေ မရှိဘဲ လျှော့ချလိုက်တာဖြစ်တဲ့အတွက် အရေးယူပေးဖို့ တိုင်ကြားတာပါ” ဟု ရွှေလင်ဗန်းစက်မှုဇုန်ရှိ တန်ဂျင်း– ၁ အထည်ချုပ်စက်ရုံမှ စက်ရုံအခြေခံအလုပ်သမားအဖွဲ့အစည်း ဥက္ကဋ္ဌ ကိုသန်းတိုးအောင်က ပြောသည်။
ကျင့်ကျန်အထည်ချုပ်စက်ရုံမှ မန်နေဂျာ ဒေါ်ယုယုဝင်းက “ကျွန်မတို့ဘက်ကတော့ WCC (လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ) နဲ့ ညှိခဲ့တယ်။ အလုပ်သမား ၁၉၂ ယောက်လျှော့မယ့်အထဲမှာ အရင်ဆုံး ၅၇ ယောက် လျှော့ဖို့ကိစ္စအတွက်ပါ။ အလုပ်သမားအဖွဲ့အစည်းကတော့ စက်ရုံထဲမှာလည်း ပေါ်ပေါ်ထင်ထင်မရှိတဲ့အတွက် ကျွန်မတို့ကိုလည်း တရားဝင်အကြောင်းကြားထားတာ မရှိတဲ့အတွက် WCC နဲ့ ညှိနှိုင်းခဲ့တာပဲရှိပါတယ်” ဟု ပြောသည်။
လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီတွင် အလုပ်သမားကိုယ်စားလှယ်နှင့် အလုပ်ရှင်ကိုယ်စားလှယ်တို့ ပါဝင်သည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်အဆုတ်ရောင်ရောဂါ Covid 19 ကြောင့် တရုတ်နိုင်ငံမှ အဓိကထားတင်သွင်းနေရသည့် ကုန်ကြမ်းပစ္စည်းများပြတ်လပ်သည်ဟုဆိုကာ ပိတ်သိမ်းသည့် စက်ရုံများရှိသလို အချို့စက်ရုံများက အလုပ်သမားအင်အားလျှော့ချခြင်းများပြုလုပ်ခဲ့သည်။
လက်ရှိတွင် တရုတ်နိုင်ငံဘက်မှ ကုန်ကြမ်းပစ္စည်းများ ပြန်လည်ဝင်ရောက်နေသော်လည်း ကုန်ချောတင်ပို့ရသည့် ဥရောပနိုင်ငံများတွင် Covid 19 ကြောင့် ထိခိုက်မှုများပြားနေသည့်အတွက် တင်ပို့ရန် အခက်အခဲများရှိသဖြင့် မတ်လတတိယပတ်အတွင်း အလုပ်သမားအင်အားလျှော့ချသည့် စက်ရုံများလည်းရှိနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ပြောသည်။
စက်ရုံများတွင် ကုန်ကြမ်းပြဿနာအပြင် ကုန်အမှာ(order)မရသည့် ပြဿနာထပ်မံကြုံတွေ့နေရသဖြင့် အလုပ်သမားလျှော့ချမှုများမှာ ထပ်တိုးလာဖို့သာရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အတွင်းရေးမှူး မဖြိုးစန္ဒာစိုးက ပြောဆိုသည်။
Covid 19 ဂယက်ကြောင့် ကုန်ကြမ်းပြတ်လပ်သဖြင့် ပိတ်လိုက်ရသည့် စက်ရုံများနှင့် အလုပ်သမားအင်အား လျှော့ချသည့်စက်ရုံများမှာ ယနေ့အထိ ၃၂ ရုံ ရှိပြီး အလုပ်လက်မဲ့ဖြစ်သွားသည့် လုပ်သားအင်အားအရေအတွက်အား စာရင်းကောက်ယူနေဆဲဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကပြောသော်လည်း အနည်းဆုံး ၁၀,၀၀၀ ဝန်းကျင်ရှိနိုင်သည်ဟု Myanmar Now က ခန့်မှန်းထားသည်။