သတင်း

တစ်ပတ်ကြာ ချောင်းဆိုးနေသည့် ထိုင်းပြန် အမျိုးသမီးတစ်ဦးကို မိတ္ထီလာဆေးရုံပို့

ထိုင်းမှပြန်ရောက်လာပြီး ၅ ရက်ခန့်အကြာတွင် ဖျားနာကာ တစ်ပတ်ကြာ ချောင်းဆက်တိုက်ဆိုးနေသည့် အမျိုးသမီးတစ်ဦးကို ရပ်ကွက်နေသူများက အကြောင်းကြား၍ မိတ္ထီလာမြို့နယ်ဆေးရုံသို့ မတ် ၂၂ (ယမန်နေ့) တွင် ပို့ဆောင်လိုက်သည်။

အဆိုပါအမျိုးသမီးမှာ စောင့်ကြည်လူနာအဖြစ် ဆေးကုသမှုခံယူနေပြီး ဆေးစစ်ချက်ရရှိရန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းသို့ ယနေ့ပေးပို့သွားမည်ဖြစ်ကြောင်း မိတ္ထီလာဆေးရုံအုပ် ဒေါက်တာညွန့်စိန်က ပြောသည်။

ကျွန်တော်တို့ဆီမှာ စောင့်ကြည့်တာ ဒါနဲ့ဆို လေးယောက်ပါ။ သူကလည်း အခုအဖျားတော့မရှိပါဘူး အခြေအနေကောင်းပါတယ်။ အခုပဲ သူ့ရဲ့ဆေးစစ်ချက်ပို့ဖို့ ကျွန်တော်တို့ပြင်ဆင်နေပါတယ်” ဟု ယနေ့နေ့လယ်တွင် Myanmar Now ကို ဖုန်းဖြင့်ပြောဆိုသည်။

အသက် ၂၅ နှစ်အရွယ် အဆိုပါအမျိုးသမီးသည် မတ် ၁၁ တွင် ၎င်းနေထိုင်ရာ မိတ္ထီလာမြို့နယ် ရန်မျိုးအောင်ရပ်ကွက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ငါးရက်အကြာတွင် ချောင်းခြောက်ဆိုးခြင်း ၊ ဖျားနာခြင်းတို့ စဖြစ်လာကာ မတ် ၂၂ (ယမန်နေ့) အထိ မပျောက်သေးသည့်အတွက် ပတ်ဝန်းကျင်က အသိပေးအကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရပ်ကွက် ရာအိမ်မှူး ဦးရန်အောင်က ပြောသည်။

၎င်းသည် ထိုင်းနိုင်ငံ ဟိုင်ရန်းမြို့တွင် အလုပ်သွားရောက်လုပ်ကိုင်နေသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်ပြီး နေထိုင်ခွင့်သက်တမ်း (ဗီဇာ) ကုန်ဆုံးသည်ဟုဆိုကာ မဲဆောက်၊ မြဝတီတို့မှတစ်ဆင့် မိတ္ထီလာသို့ပြန်လာခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

ကျွန်တော်တို့ကတော့ အများနဲ့သက်ဆိုင်တဲ့အတွက် စိုးရိမ်တယ်ဗျ။ သူက အရင်ရက်တွေကတောင် ရပ်ကွက်ထဲက ကျန်းမာရေးဆရာမဆီမှာ သူနေရတာ နုံးနေလို့ဆိုပြီး ပုလင်းချိတ်ဖို့ ပြောသေးတယ်။ အဲ့ဒါ မနေ့က ဆေးရုံကို ဒီလိုဖြစ်နေတဲ့သူရှိတယ်ပြောတော့ ဆေးရုံက အိမ်မှာပဲစောင့်ကြည့်ပေးဖို့ ပြောတယ်။ အဲ့ဒါ ကျွန်တော်တို့က ရပ်ကွက်ထဲစောင့်ကြည့်ရုံနဲ့တော့ မကျေနပ်လို့ အကြီးအကဲတွေတင်ပြလို့ ဆေးရုံကိုသွားပို့လို့ရတာ” ဟု ရာအိမ်မှူး ဦးရန်အောင်က ပြောပြသည်။

လက်ရှိတွင် အဆိုပါအမျိုးသမီးကို ဆေးရုံတွင်စောင့်ကြည့်ကုသပေးနေပြီး ၎င်းမိသားစုမှာတော့ အိမ်တွင် ပုံမှန်နေထိုင်လျက်ရှိကြောင်း ဦးရန်အောင်ကဆိုသည်။

ကျေးလက်ကျန်းမာရေးဌာနခွဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း covid-19 ကာကွယ်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် မိမိတို့မြို့၊ မိမိတို့ဒေသတွင် ရောဂါကူဖြစ်ပွားသည့်နိုင်ငံများမှ ပြန်ရောက်လာသည့် ကျန်းမာရေးမကောင်းသူများအား သက်ဆိုင်ရာသို့ အကြောင်းကြားပေးရန် အစိုးရက ညွှန်ကြားထားသည်။

Show More

Related Articles

Back to top button