သတင်း

မြဝတီမှ ပြန်ဝင်မည့်သူများ ယမန်နေ့က နောက်ကျနေသဖြင့် ယနေ့ညနေ ၆ နာရီအထိ ဆက်ဝင်ခွင့်ပြု

ပြည်တော်ပြန် ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများအား မြဝတီချစ်ကြည်ရေးတံတား အမှတ် (၂) မှတစ်ဆင့် မတ် ၂၃ (ယနေ့) ညနေ ၆ နာရီအထိ မြန်မာဘက်သို့ ပြန်ဝင်ခွင့်ပြုထားသည်ဟု တံတားတာဝန်ရှိသူတစ်ဦးက Myanmar Now ကိုပြောသည်။

မတ် ၂၃ နံနက် ၆ နာရီခွဲတွင် ဝင်ခွင့်စတင်လက်ခံခဲ့ပြီး နေ့လယ် ၁၂ နာရီအထိ ၁,၈၄၀ ဦး ပြန်ဝင်လာပြီဖြစ်ကြောင်း၊ လက်ရှိတွင် ၂၀၀ ကျော် စောင့်ဆိုင်းနေဆဲဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန(တံတား)၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းရွှေက ပြောသည်။

ကိုရိုနာဗိုင်းရပ်ရောဂါ ကာကွယ်ရေးအတွက် မတ် ၂၂ (ယမန်နေ့) နောက်ဆုံးထား၍ တံတားပိတ်မည်ဟု ထိုင်းအစိုးရက ကြေညာခဲ့ပြီးနောက် ထိုနေ့ည ၁၂ နာရီအထိ ဝင်ခွင့်ပြုခဲ့သော်လည်း နေရပ်ပြန်သူများ ရောက်မလာကြသဖြင့် ည ၇ နာရီခွဲတွင် တံတားပိတ်ခဲ့ကြောင်း၊ နောက်ကျမှ ရောက်လာသူများကို နောက်တစ်နေ့ မတ် ၂၃ တွင် ဆက်လက်လက်ခံပေးနေကြောင်း ၎င်းကဆိုသည်။

“မနေ့က ဘန်ကောက်ကထွက်တာနောက်ကျလို့ မရောက်ဖြစ်တာ အခုမှ ဝင်ကြတာ။ အခုဝင်တာတွေက ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ဒေသကလို့သိရတယ်” ဟု၎င်းကပြောသည်။

နောက်နေ့တွင် တံတားဆက်ဖွင့်မည်၊ မဖွင့်မည်ကို သေချာမပြောနိုင်သေးကြောင်း ယနေ့တွင် ညနေ ၆ နာရီအထိ လက်ခံပေးနေကြောင်းလည်း ဦးသန်းရွှေက ဆိုသည်။

ပြန်လည်ဝင်ရောက်လာသူများအနက် တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ပြန်မည့်သူများအား ခရီးသည်တင် ယာဉ်များဖြင့် နေရပ်ဒေသအရောက် အခမဲ့ ပို့ဆောင်ပေးနေသည်ဟု မြဝတီမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။ 

“ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့သွားတာပါခင်ဗျ။ လူရှင်းတဲ့အထိကို (ကားတွေ)ရှိနေမှာပါခင်ဗျ” ဟု ၎င်းကပြောသည်။ 

လက်ရှိအချိန်ထိ ဝင်ရောက်လာသူများတွင် စောင့်ကြည့်လူနာ၊ သံသယလူနာ တစ်ဦးမျှမတွေ့ရသေးကြောင်း ဦးသန့်ဇင်အောင်က နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပြောသည်။

နယ်စပ်တံတားများ ပိတ်သဖြင့် အလုပ်သမားဗီဇာသက်တမ် းတိုးခွင့်မရသူများကို ထိုင်းနိုင်ငံ၏ အရေးပေါ်ကာလ ဖြေလျှော့မှုဖြင့် မေ အကုန်ထိ နေထိုင်ခွင့်ပေးထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင်က ပြောသည်။

“(အမည်စာရင်း) တင်ထားပါ။ အမည်စာရင်းတင်ထားရင် အဲဒီအမည်စာရင်းနဲ့ နေလို့ရပါတယ်။ အဲဒါက ဘယ်လိုမှ အဖမ်းအဆီးမရှိပါဘူး” ဟု ၎င်းကဆိုသည်။

အလုပ်သမားများအနေဖြင့် မိမိတို့ အလုပ်ရှင်များထံ အမည်စာရင်းတင်ထားပြီး အလုပ်ရှင်များက အွန်လိုင်းမှတစ်ဆင့် စာရင်းသွင်းရမည်ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံတွင် သောင်တင်နေသော အလုပ်သမားများမရှိကြောင်း၊ နေရပ်ပြန်သူများသာရှိပြီး ထိုင်းနိုင်ငံသို့ အဝင်မရှိတော့ကြောင်း ဦးဝေလင်းမောင်က ဖြည့်စွက်ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ပေါက်များဖြစ်သည့် တာချီလိတ်-မယ်ဆိုင်၊ ကော့သောင်း-ရနောင်း၊ မြဝတီချစ်ကြည်ရေးတံတားအမှတ် (၁) နှင့် (၂) တို့သည် နေရပ်ပြန်အလုပ်သမားများ ပြန်လည်စေလွှတ်နေသည့် တရားဝင်လမ်းကြောင်းများဖြစ်ပြီး အမှတ် (၂) ချစ်ကြည်ရေးတံတားမှလွဲ၍ နယ်စပ်ဂိတ်အားလုံး ပိတ်ထားပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် မတ် ၂၃ နေ့လယ်အထိ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာမရှိသေးသော်လည်း မြန်မာလုပ်သား သန်းနှင့်ချီ အလုပ်လုပ်နေသော ထိုင်းနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ ၈၄၃ ဦးရှိနေပြီး တစ်ဦးသေဆုံးခဲ့သည်။ 

မတ် ၂၃ မွန်းလွဲ ၂ နာရီအထိစာရင်းများအရ ကိုရိုနာဗိုင်းရပ်ရောဂါ (COVID-19) ကြောင့် တစ်ကမ္ဘာလုံးတွင် ရောဂါကူးစက်ခံရသူ ၃၃၉,၃၄၁ ဦးရှိနေပြီး ၁၄,၇၀၃ ဦး သေဆုံးပြီးဖြစ်သည်။ 

 

Show More

Related Articles

Back to top button