ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လက်နက်နှင့်အတူ ထွက်ပြေးသည့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်နှစ်ဦးကို ယနေ့ (ဧပြီ ၂၄) တွင် AA တပ်ဖွဲ့ဝင်များက ရသေ့တောင်မြို့ပေါ် တက်လာကာ ပစ်ခတ်ဖမ်းဆီးသွားသည်ဟု မြို့ခံသုံးဦးထံမှ သိရသည်။
ဖမ်းဆီးထောင်ချထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ အဖွဲ့ဝင်တစ်ဦးကို ရက္ခိုင့်တပ်တော် တည်ထောင်ခြင်း ၁၄ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ယမန်နေ့က ပြန်လွှတ်ပေးစဉ် AA တပ်ဖွဲ့ဝင်နှစ်ဦးက လက်နက်နှင့်အတူ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယနေ့ နံနက်အစောပိုင်းတွင် ရသေ့တောင်မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံနှင့် ကပ်လျက်ရှိ ဝန်ထမ်းလိုင်းခန်းအနီး AA တပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း ရောက်ရှိလာကာ ပစ်ခတ်သံများ ကြားရပြီးနောက် AA တပ်ဖွဲ့ဝင်နှစ်ဦးနှင့်အတူ ALP အဖွဲ့ဝင်ကို ကြိုးတုပ်ဖမ်းဆီးသွားသည်ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူ သုံးဦးစလုံးမှာ အသက် ၃၀ ဝန်းကျင်အရွယ်များ ဖြစ်သည်ဟုလည်း ထိုမြို့ခံက ဆိုသည်။
“AA က သူတို့ရဲဘော်ကို မြို့ပေါ်အထိ လာဖမ်းတာကို အစိုးရစစ်တပ်က ခွင့်ပြုလိုက်တဲ့သဘော။ ပြောရမယ်ဆိုရင် မြို့ပေါ်အထိ သေနတ်ပစ်ဖောက်တဲ့သဘောပေါ့” ဟုလည်း ၎င်းက ပြောသည်။
ထွက်ပြေးသည့် တပ်ဖွဲ့ဝင်များရှိရာသို့ ယမန်နေ့ နံနက်၌ AA တပ်ဖွဲ့ဝင်တချို့နှင့် AA အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ ရောက်ရှိလာကြောင်း၊ ညပိုင်းတွင် AA တပ်ဖွဲ့ဝင်တချို့ ထပ်ရောက်လာကာ ညလုံးပေါက် ပိတ်ဆို့ခဲ့သည်ဟုလည်း သိရသည်။
“မနေ့ကတော့ လေးငါးယောက်လောက်ပဲ ရှိတယ်။ (AA) တပ်ဖွဲ့ဝင်ဆိုလို့ လက်နက်နဲ့ တစ်ယောက်နှစ်ယောက်လောက်ပဲ ပါတယ်။ မနေ့ညနေပိုင်းကတော့ တော်တော်လေး အင်အားများလာတယ်။ လက်နက်ချခိုင်းတယ်။ (ပြေးလာသူတွေက) လက်နက်မချဘူး” ဟု အထက်ပါ မြို့ခံက ပြောသည်။
ထွက်ပြေးလာသည့် AA တပ်ဖွဲ့ဝင်များ ခိုအောင်းသည့်နေရာမှာ ရသေ့တောင်မြို့ပေါ်ရှိ ရဲစခန်းနှင့် မလှမ်းမကမ်းဖြစ်ကာ AA တပ်ဖွဲ့ဝင်များ မြို့ပေါ် ရောက်လာသောကြောင့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်မည်ကို မြို့ခံများ စိုးရိမ်ခဲ့သည်ဟုလည်း သိရသည်။
“ဒီမနက် မြို့တွင်းထဲမှာ လက်နက်ကြီးပစ်ခတ်သံတွေ ကြားရလို့ စုံစမ်းကြည့်တော့ AA က ထွက်ပြေးလာတဲ့ သူတွေကို ပြန်ဖမ်းတာလို့ သိရတယ်။ အခြေအနေကတော့ ရှုပ်ထွေးလာမယ် ထင်တယ်” ဟု အသက် ၆၀ ဝန်းကျင်အရွယ် ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ AA ပြန်ကြားရေးတာဝန်ရှိသူကို ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ချက် မရသေးပေ။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာတချို့တွင် ရသေ့တောင်မြို့အစွန် ချောင်းဝရပ်ကွက်ရှိ ဆေးရုံဝန်ထမ်းအိမ်ရာအနီး AA လက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်နေသည်ဟု ဖော်ပြသည်။
(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)