
ပြိုကျခဲ့သည့်မိုးကုတ်မြေအောက်မိုင်းအောက် ပိတ်မိနေသည့် လူနှစ်ဦးအား ကယ်ဆယ်ရန် လေးဆယ့်ရှစ် နာရီကြာ ကြိုးစားပြီးနောက်တွင် ကယ်ဆယ်ရေးလုပ်ငန်းများယနေ့ (မတ် ၉) တွင် ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။
မိုးကုတ်မြို့နယ် ပြောင်းပြင်ကျေးရွာအုပ်စု မြေမဲကျေးရွာရှိ ကျောက်စာတောင်တွင် ဒေသအခေါ် ‘ခဲတွင်း’ ဟုခေါ်သည့် ပေ ၄၀၀ ခန့်နက်သည့်တွင်းတစ်တွင်း မတ် ၇ နံနက် ၁၀ နာရီခွဲခန့်က ပြိုကျခဲ့ခြင်း ဖြစ်သည်။
ပြိုကျသည့်အချိန်မှစ၍ ယနေ့ (မတ် ၉) နေ့လယ် ၁၂ နာရီခန့်ထိ ၄၈ နာရီကျော်ကြာကယ်ဆယ်ရေး လုပ်ခဲ့ကြခြင်းဖြစ်သည်။
“ဆက်ရှာရင် ရှာတဲ့သူတွေအတွက် အရမ်း အန္တရာယ်များတယ်။ အားလုံးတိုင်ပင်ပြီး မိသားစုတွေကိုလည်း ပြောပြပြီး ရပ်လိုက်ပါတယ်” ဟု ပြောင်းပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းတန်က Myanmar Now ကို ဖုန်းဖြင့် အတည်ပြုသည်။
ကျောက်ရှာသူ ငါးဦးတူးဖော်နေရာမှ ပေ ၃၅၀ အနက်ခန့်တွင် မြေပြို၍ ကျောက်လုပ်သား နှစ်ဦး ပိတ်မိနေခြင်းဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးသမားများက ပြိုကျသည့်နေရာအနီးဆုံးထိ ရောက်ရှိခဲ့သော်လည်း မျှော်လင့်ချက်နည်းသွားပြီဟု သိရသည်။
“ကျွန်တော် အစကတည်းက သိတယ်၊ အသက်မရှင်နိုင်တော့ဘူးဆိုတာ။ မိသားစုတွေ စိတ်မကောင်းဖြစ်မှာစိုးလို့ မပြောတာ။ ကျသွားကတည်းက အသက်ရှင်ဖို့ မလွယ်ဘူး” ဟု ပြန်ထွက်လာနိုင်ခဲ့သူ ဦးအောင်ပုက ဆိုသည်။ ပိတ်မိနေသူ နှစ်ဦးမှာ ဒေသခံ မြေမဲရွာသားများဖြစ်ကြပြီး အသက် ၅၇ နှစ်နှင့် ၃၅ နှစ်အရွယ် အသီးသီးရှိကြသည့် အကျွမ်းကျင်ဆုံးဟုသတ်မှတ်ထားကြသည့် ကျောက်တူးသမားများဖြစ်ကြသည်။
တွင်းပြိုကျခဲ့သော်လည်း ပြန်ထွက်လာနိုင်ခဲ့သည့် ဦးအောင်ပုက ကျောက်တုံးကျောက်ခဲကြီးများမှာ လူပြုတ်ကျသွားသည့်နောက် လိုက်ပါသွားသည်ကို မြင်တွေ့ခဲ့သည့်အတွက် ပြိုကျကတည်းက သေဆုံးနိုင်သည်ဟု ဆိုသည်။