
မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းပြီး ချောင်း၊ မြောင်း ရေကြီး ရေလျှံနေသဖြင့် ယနေ့(ဩဂုတ် ၁၃)နံနက်ပိုင်း နေရာအများအပြားတွင် မြေပြို၊ ကမ်းပါးပြိုကာ တစ်ဦးသေဆုံး၊ ခြောက်ဦး ဆေးရုံတင်ထားရကြောင်း မြို့ခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
မြေပြိုခဲ့အပြီး လူနေအိမ်များလည်း ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း၊ ကူညီကယ်ဆယ်ရေး ဆက်တိုက်လုပ်ဆောင်နေရကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မိုးကုတ်)မှ ဦးဟိန်းထက်မောင်က ပြောကြားသည်။
“မိုးက အရမ်းများနေတယ်၊ မြို့ပေါ်ရပ်ကွက်တွေလည်း ရေကြီးနေတယ်၊ အစွန်အဖျားရွာတွေက ချောင်းရိုးတလျှောက်တွေ၊ ကမ်းပါးတွေ ပြိုတာတွေဖြစ်တယ်၊ လူထိခိုက်တာကတော့ မြို့မအပိုင်းထဲက အိမ်တစ်လုံးပြိုပြီး ခုနစ်ဦး ပိသွားလို့ ခြောက်ဦးကိုတော့ ကယ်နိုင်ခဲ့တယ်၊ အမျိုးသမီးတစ်ဦးကတော့ သေဆုံးသွားပါတယ်။ ကျွန်တော်တို့ ဆယ်နာရီလောက်မှာ ထုတ်ယူနိုင်ခဲ့ပါတယ်၊ အခြေအနေက တော်တော်ဆိုးနေပါတယ်၊ အနည်းဆုံး ၁၅ နေရာ၊ နေရာ ၂၀ အထက်ပဲ၊ အဲ့ထက်မကရုံပဲ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
မြို့အရှေ့ပိုင်းတွင်း မြို့အတွင်း စီးဆင်းသောချောင်းတလျှောက် ကမ်းပါးပြိုကာ နေအိမ်များအတွင်း ရေဝင်ပြီး အိမ်တချို့ ပြိုကျသွားကြောင်း သိရသည်။
လဆန်းကတည်းက နေ့စဉ်နီးပါး မိုးမပျက်ရွာသွန်းခဲ့သော မိုးကုတ်တွင် ယမန်နေ့နှင့် ယနေ့ ၂ ရက် ဆက်တိုက် ပိုမို သည်းထန်လာခဲ့ရာမှ မြေပြိုမှုများ ကြုံတွေ့လာရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။
နယ်မြေ အခြေအနေ တည်ငြိမ်သည့် ယခင်နှစ်များက သဘာဝဘေးဒဏ်ခံနိုင်ရန် ဘက်ဖိုး (Backhoe) ဟု ဒေသခံတို့ ခေါ်ကြသည့် မြေကော်စက်ကဲ့သို့သော စက်ယန္တရားကို သုံး၍ ရေစီးကြောင်း ပြုပြင်ခဲ့ကြသည်ဟု မိုးကုတ်မြို့ဒေသခံကိုလေးက ပြောသည်။
“မြေတွေပြိုတယ်၊ အိမ်တွေပြိုတယ်၊ လူတွေသေတယ်ပေါ့ဗျာ၊ မိုးက စံချိန်တင်တော့မဟုတ်ပေမဲ့ စံချိန်တင်နီးပါး ရွာတယ်၊ အဲဒါကြောင့်ဖြစ်မယ်၊ တစ်ခုရှိတာက ဒီနှစ်က ချောင်းတွေ မဆယ်ရဘူး။ အရင်နှစ်တွေကတော့ ချောင်းတွေကို ဘက်ဖိုးတွေနဲ့ ဆယ်နေကျဆိုတော့ ရေစီးကကောင်းတော့ မိုးများလည်း ခဏနဲ့ စီးသွားတာပေါ့၊ ဒီနှစ်ကတော့ အဲဒါတွေမလုပ်ရတော့ ထိကုန်တာထင်ပါတယ်၊ တောင်စောင်းနေရာတွေကတော့ ပြိုတာပေါ့”ဟု ပြောကြားသည်။

ဩဂုတ် ၁၂ ရက်နေ့တွင်လည်း မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်တွင် နေအိမ်တစ်လုံးပေါ် ကျောက်နံရံပြိုကျသည့်အတွက် အိမ်တွင်ရှိနေခဲ့သည့် ငါးနှစ်အရွယ်ကလေးတစ်ဦး၊ အသက် ၇၀ ဝန်းကျင်နှင့် ၄၀ ဝန်းကျင် အမျိုးသမီးနှစ်ဦးတို့ သေဆုံးခဲ့ရသည်။
ပတ္တမြားထွက်ရှိမှုကြောင့် ထင်ရှားသည့် မိုးကုတ်သည် တောင်များဝန်းရံနေသည့်မြို့ဖြစ်ပြီး၊ မြို့တွင်းတွင်လည်း တောင်ကုန်းများရှိသည့်အတွက် တောင်နံရံတွင် အိမ်များ ဆောက်လုပ်နေထိုင်ကြသည်။
နှစ်စဉ်နှစ်တိုင်း မိုးများသည့်အတွက် တောင်နံရံပြိုကျခြင်းများ၊ ကျောက်မျက်ရတနာတူးဖော်ရေး လုပ်ကွက်များတွင် မြေတွင်းပြိုခြင်းများ၊ ချောင်းကမ်းပါးများပြိုကျခြင်းများကြောင့် နေအိမ်များ လူများထိခိုက်လေ့ရှိသည်။ ၂၀၂၀ နှင့် ၂၀၂၁ တွင် ယခင်နှစ်များထက် မြေပြိုမှုများစွာ ဖြစ်ပေါ်လျက်ရှိကြောင်း လူမှုကယ်ဆယ်ရေးအသင်းများနှင့် ဒေသခံများက ပြောသည်။