ပေ ၄၀၀ ခန့် နက်သည့် ကျောက်တွင်းပြိုကျ၍ ကျောက်တူးလုပ်သားနှစ်ဦး ပိတ်မိနေသည်မှာ ၂၄ နာရီကျော်သွားပြီဖြစ်ပြီး ကံကြမ္မာကိုမသိရသေးသည့် ၎င်းတို့နှစ်ဦးကို ကယ်ထုတ်ရန် ကယ်ဆယ်ရေးသမားများက ကြိုးစားနေကြဆဲဖြစ်သည်။
မိုးကုတ်မြို့မှ ကားဖြင့် ၄၅ မိနစ်ခန့်သွားရသည့် ပြောင်းပြင်ကျေးရွာအုပ်စု မြေမဲရွာအနီးရှိ ကျောက်စာတောင်တွင် မတ် ၇ နံနက် ၁၀ နာရီခွဲခန့်က မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါကျောက်တွင်း ပြိုကျခဲ့ခြင်း ဖြစ်သည်။
ယင်းအချိန်တွင် အသေးစား ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး အဆိုပါတောင်ကြောတွင် ဒေသအခေါ် ‘ခဲတွင်း ဟုခေါ်သည့် ကျောက်ရှာသည့် တွင်းပေါင်း ၃၀ ခန့်ရှိသည့်အနက် လူငါးယောက် ဝင်ရောက် ကျောက်တူးနေသည့် ယင်းတွင်းမှာ ပြိုကျခဲ့သည်။
ပိတ်မိနေသူ နှစ်ဦးမှာ ဒေသခံ မြေမဲရွာသားများဖြစ်ကြပြီး အသက် ၅၇ နှစ်နှင့် ၃၅ နှစ်အရွယ် အသီးသီးရှိကြသည်ဟု ပြောင်းပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က Myanmar Now ကို အတည်ပြုသည်။
တွင်းအနက် ပေ ၃၀၀ ခန့်တွင် မြေပြိုခဲ့ခြင်းဖြစ်ပြီး သုံးဦးမှာ ပြိုကျသည့်နေရာ၏ အခြားတစ်ဖက်တွင် ရှိနေခဲ့ပြီး ကျန်နှစ်ဦးမှာ ပြိုကျသည့်ဘက်ခြမ်းတွင် ရှိနေခဲ့သည့်အတွက် ယခုအချိန်ထိ ပိတ်မိနေကြခြင်းဖြစ်သည်။
“ပြိုကျတော့ ကျွန်တော် သိတယ်၊ အစက ခဲတွေကျနေတယ်ထင်တာ။ နောက် ဓာတ်မီးရောင်လေး မြင်လိုက်ရတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်က နောက်ဆုတ်လိုက်တော့ ကျောက်ခဲနဲ့ တိုက်မိပြီး နောက်ဘက်ကို လဲကျသွားတာ၊ သူတို့က ပြိုကျတဲ့ဘက်ကိုပါသွားတာ” ဟု အဆိုပါတွင်းမှ ပြန်ထွက်ခဲ့သူ ၄၉ နှစ်အရွယ် ဦးအောင်ပုက Myanmar Now ကို ပြောသည်။
ပြိုကျသည့်ဘက်တွင် နှစ်ဦးပါသွားပြီး တစ်ဖက်တွင် သုံးဦးမှာ အန္တရာယ်ကင်းစွာ ကျန်ခဲ့သည့်အတွက် ၎င်းတို့ဘာသာ ပြန်ထွက်လာခဲ့ကြသည်ဟု ဦးအောင်ပုက ဆိုသည်။

“ကျသွားတဲ့ဘက်က ဝါးတစ်ပြန်ကျော်စာ (ပေ ၂၀ မှ ၃၀) လောက်ရှိတယ်ဗျာ” ဟု ကိုအောင်ပုက ဆိုသည်။ ငလျင်ကြောင့် မြေပြိုသည်ဟု ဦးအောင်ပုက ယူဆထားသည်။
မတ် ၇ မနက် ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် သပိတ်ကျင်းမြို့၏ အရှေ့မြောက်ဘက် ၂၂ မိုင်အကွာကို ဗဟိုပြုပြီး ပြင်းအား ရစ်ချက်တာစကေး ၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်ဟုလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မတ် ၇ တွင် ထုတ်ပြန်ခဲ့သည်။ မြေပြိုမှုဖြစ်ပွားခဲ့သည့် ကျောက်စာတောင်မှာ ငလျင်ဗဟိုပြုခဲ့သည့်နေရာ၏ အရှေ့တောင်ဘက် မိုင် ၃၀ ခန့်အကွာတွင် တည်ရှိသည်။
“သူတို့ နှစ်ယောက်က ဒီမှာတော့ ဆရာကြီးတွေ၊ အတော်ဆုံးတွေ။ သူတို့ မဖော်နိုင်တဲ့တွင်းဆိုတာ မရှိဘူး၊ ငလျင်ကြောင့် ခုလိုဖြစ်ရတာ” ဟု ဦးအောင်ပုက ဆိုသည်။
ယခုအချိန်တွင် မိုးကုတ်မှ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုကူညီရေးအဖွဲ့များက ပေ ၃၀၀ ဝန်းကျင်အထိ ဆင်း၍ ပြိုကျနေသည်များ ဖယ်ထုတ်နေပြီး “အချိန်ယူရဦးမည်” ဟု အုပ်ချုပ်ရေးမှူး ဦးသိန်းတန်က မြေပြိုခဲ့သည့်နေရာသို့ ရောက်ရှိနေသည့် Myanmar Now သတင်းထောက်ကို ပြောသည်။
ဒေသအခေါ် “ဖက်စပ်တွင်း” ဟု ခေါ်သည့် အဆိုပါတွင်းများမှာ ယခင်က ပုဂ္ဂလိကကုမ္ပဏီများနှင့် အစိုးရတို့ ပူးပေါင်းလုပ်ကိုင်သည့်တွင်းများ ဖြစ်ပြီး ၂၀၁၈ နှစ်ကုန်ပိုင်းမှစ၍ တရားဝင်တူးဖော်ခွင့် ရပ်နားခဲ့ရသည့် လုပ်ငန်းခွင်များ ဖြစ်သည်။
သို့သော် ဒေသခံ တစ်နိုင်တစ်ပိုင် တွင်းတူးသူများမှာ အဆိုပါ ဖက်စပ်တွင်းဟောင်းများတွင် ကျောက်များ ဆက်လက်ရှာဖွေနေကြသည်။




