
ပြည်ထောင်စုလွှတ်တော်၌ ပြုလုပ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေးမှုများတွင် သုံးနှုန်းပြောဆိုမှုများအပေါ် အပြန်အလှန်ကန့်ကွက်မှုများရှိနေပြီး တပ်မတော်သားကိုယ်စားလှယ်နှင့် ရွေးကောက်ခံအမတ်တို့၏ ဆွေနွေးမှုပါ စကားရပ်များကို လွှတ်တော်မှတ်တမ်းမှ ယနေ့ ထပ်မံပယ်ဖျက်ခဲ့သည်။
မနေ့က တပ်မတော်၏ကန့်ကွက်မှုကို ကြုံခဲ့ရသည့် မွန်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၈) အမတ်ဦးမျိုးဝင်း၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) အမတ် ဦးဇော်မင်းလတ်၊ အင်ဂျန်းယန်မဲဆန္ဒနယ် အမတ် ဦးလမာနော်အောင်နှင့် NLD၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်ခဲ့ရသည့် ဗိုလ်မှူးကြီးတင်ထွန်းဦးတို့၏ စကားရပ်အချို့ကို မှတ်တမ်းမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။
“စည်းကမ်းသတ်မှတ်ချက်အချို့နဲ့ ညီညွတ်မှုမရှိကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် ကိုယ်စားလှယ်လေးဦးရဲ့ ဆွေးနွေးချက်စကားရပ်များကို လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်ပြီးဖြစ်ကြောင်း” ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ် ဦးမျိုးဝင်း ဆွေးနွေးရာတွင်ပါရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို “သန္ဓေမမှန်သည့်ဖွဲ့စည်းပုံ” ဟု သုံးနှုန်းမှုကို မှတ်တမ်းမှ ပယ်ဖျက်ခဲ့သည်။
ယင်းအပြင် လက်ရှိသမ္မတအရည်အချင်းသတ်မှတ်ချက်ကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးခဲ့သည်ဟု ဆွေးနွေးပြောဆိုကြသော ကိုယ်စားလှယ်အချို့အပေါ် “ဆွေးနွေးချက်တွေဟာ ရိုးသားမှုရှိဖို့လိုတယ်” ဟု တုံ့ပြန်ခဲ့သည့် ဦးမျိုးဝင်း၏ ဆွေးနွေးချက်တစ်ခုမှာလည်း အလားတူပင် ပယ်ဖျက်ခံရသည်။
ဦးမျိုးဝင်း၏ အထက်ပါစကားရပ်များကို ၎င်း၏ဆွေးနွေးမှုပြီးလျှင်ပြီးချင်း တပ်မတော်ဘက်က ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ပင် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးတင်ထွန်းဦး၏ ဆွေးနွေးချက်ဖြစ်သော အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုအပေါ် ပါတီအလိုကျပြင်ဆင်လိုမှုဆိုသည့် အချက်မှာလည်း ပယ်ဖျက်ခံခဲ့ရသည်။
ရဲတပ်ဖွဲ့သို့ တပ်မတော်သားများ ကူးပြောင်းတာဝန်ထမ်းဆောင်သဖြင့် အပြန်အလှန်လေးစားမှု၊ စည်းလုံးမှုများထိခိုက်လာစေပြီး စွမ်းဆောင်ရည်ကျဆင်းကာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကိစ္စများ အားပျော့လျော့ရဲလာစေနိုင်ကြောင်း ဆွေးနွေးခဲ့သည့် ဦးဇော်မင်းလတ်၏ ဆွေးနွေးချက်မှာလည်း ပယ်ဖျက်ခံခဲ့ရသည်။
ဦးလမာနော်အောင်၏ အခြေခံဥပဒေပြင်ဆင်နိုင်ရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံမှ ရမည်ဟူသည့်သဘော ဆွေးနွေးချက်သည်လည်း မှတ်တမ်းမှ ပြန်လည်ပယ်ဖျက်ခံရသည်။
ယနေ့တွင် အခြေခံဥပဒေပြင်ဆင်ရေး နောက်ဆုံးနေ့ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ပြီး ခြောက်ရက်တာ(ယနေ့နံနက်ပိုင်းအထိ)တွင် ပြည်ထောင်စုလွှတ်တော် နာယကက မှတ်တမ်းမှ ပြန်လည်ပယ်ဖျက်ခဲ့မှု ၁၅ ခု ပြုလုပ်ခဲ့ရပြီးဖြစ်သည်။
အခြေခံဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှုများကိုမူ မတ် ၁၀ တွင် စတင်ပြုလုပ်မည်ဟု နာယကက ကြေညာထားသည်။
ပြင်ဆင်လိုသည့် ပုဒ်မ ၁၃၅ ခုအတွက် လွှတ်တော်ကိုယ်စားလှယ်များက မဲကိုးကြိမ်ဖြင့် ဆုံးဖြတ်ပေးရမည်ဖြစ်သည်။