
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည့်ဥပဒေပုဒ်မ ၁၃၅ ခုကို အစုကိုးစုခွဲကာ လွှတ်တော်ကိုယ်စားလှယ်များက ပုဒ်မတစ်စုအတွက် တစ်ကြိမ်ဖြင့် စုစုပေါင်းကိုးကြိမ်ခွဲပြီး မဲပေးရမည်ဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ယနေ့ (မတ် ၄) တွင်ကျင်းပသည့် လွှတ်တော်၌ ပြောသည်။
အခြေခံဥပဒေပြင်ဆင်ရေးမဲခွဲပွဲများကို မတ် ၁၀ မှစ၍ ကျင်းပမည်ဖြစ်ရာ ပြင်ဆင်ရန်အဆိုပြုထားသည့် ဥပဒေပုဒ်မ စုစုပေါင်း ၁၃၅ ခုရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပုဒ်မတစ်ခုကို တစ်ကြိမ်စီ မဲပေးနေစရာမလိုတော့ဘဲ ကိုးကြိမ်သာ မဲပေးရတော့မည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရရုံဖြင့် ပြင်ဆင်နိုင်မည့် ပုဒ်မ ၅၅ ခုကို အစုငါးစုအောက်သို့လည်းကောင်း၊ ၇၅ ရာခိုင်နှုန်းကျော်ရုံအပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပါ ကျင်းပရန်လိုအပ်သည့် ပုဒ်မအခု ၈၀ ကို အစုလေးစုအောက်သို့လည်းကောင်း ခွဲထားပြီး လွှတ်တော်ကိုယ်စားလှယ်များက အစုတစ်စုချင်းစီအလိုက်သာ မဲပေးရတော့မည်ဖြစ်သည်။
မတ် ၁၀ မှစ၍ မဲခွဲမည်ဖြစ်သော်လည်း မည်သည့်နေ့တွင် အပြီးသတ်မည်ကိုမူ မသိရသေးပေ။
NLD ပါတီ၏ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် ၎င်းတို့တင်သွင်းသည့် ဥပဒေကြမ်းများကို တပ်နှင့်ပြည်ခိုင်ဖြိုးတို့ သီးခြားတင်သွင်းခဲ့သော ဥပဒေကြမ်းများနှင့် ပေါင်းကာ အပြီးသတ်ဥပဒေကြမ်းနှစ်ရပ် တင်သွင်းခဲ့သည်။ သမ္မတအရည်အချင်း သတ်မှတ်ချက်ဆိုင်ရာ ပုဒ်မ ၅၉ (ဂ) မှလွဲပြီး ကျန်ပုဒ်မများတွင် တူခြင်း၊ ထပ်ခြင်း မရှိပါ။
သမ္မတအရည်အချင်းသတ်မှတ်ချက်ဆိုင်ရာ ပုဒ်မ၅၉ (ဂ) နှင့်ပတ်သက်၍ NLD ဦးဆောင်သည့် ၄၅ ဦးကော်မတီက “အသက် ၄၀ ပြည့်ပြီးသူ” ဟု ပြင်ဆင်လိုပြီး ပြည်ခိုင်ဖြိုးပါတီမှ ဦးစိုင်းသန်းနိုင်က “အသက် ၄၅ နှစ်ပြည့်ပြီးသူ” ဟု ပြင်ဆင်လိုခြင်းဖြစ်သည်။ လက်ရှိ ပြဋ္ဌာန်းချက်မှာ “အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ” ဖြစ်သည်။
အဆိုပါ ကွဲလွဲချက်နှင့်ပတ်သက်၍ “ပိုများတဲ့ပြင်ဆင်ချက်ကို အတည်ပြုမှာဖြစ်ကြောင်း ကြိုတင်ကြေညာပါတယ်” ဟု ဦးတီခွန်မြတ်က အသိပေးသည်။
မဲခွဲပွဲတွင် ပြည်ထောင်စုလွှတ်တော်အတွင်းရှိ ကိုယ်စားလှယ်တစ်ဦးစီက ဆန္ဒမဲလက်မှတ်အသုံးပြု၍ လျှို့ဝှက်မဲပေးရမည့် နည်းလမ်း အသုံးပြုမည်ဖြစ်ကြောင်း နာယကက ကြေညာသည်။
ထို့အတူ ပါတီအလိုက်စောင့်ကြည့်သူများကိုလည်း ထားရှိမည်ဖြစ်ပြီး NLD က ၈ ဦး၊ တပ်မတော်က ၅ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၅ ဦးနှင့် အခြားသောတိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း ၃၂ ဦးတို့ ပါဝင်မည်ဟု ဦးတီခွန်မြတ်က ဆိုသည်။
“ဥပဒေနဲ့အညီ ရရှိထွက်ပေါ်လာတဲ့ ရလဒ်အပေါ်မှာလည်း အားလုံးက နားလည်လက်ခံကြရမှာဖြစ်ပါတယ်” ဟု နာယကက တိုက်တွန်းသည်။
၂၀၀၈ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်တွင် သတ်မှတ်ကိုယ်စားလှယ်နေရာ ၆၆၄ နေရာ ရှိသည့်အနက် ရွေးကောက်ခံနေရာ ၄၉၈ နေရာနှင့် တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦး သတ်မှတ်ထားသည်။
သို့သော် ရွေးကောက်ခံအမတ်က သတ်မှတ်ဦးရေအပြည့်မရှိဘဲ ၁၂ ဦးလျော့ကာ ၄၈၆ ဦးသာရှိသည်။ ထိုစဉ် တပ်မတော်သားအမတ်ဦးရေကမူ အလျော့မရှိဘဲ ၁၆၆ ဦးအတိရှိသည်။
ဥပဒေမူကြမ်းများလေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ ဖေဖော်ဝါရီ ၅ရက်အစီရင်ခံစာတွင် ပုဒ်မတစ်ခုကိုပြင် ရန်အတွက် ၄၉၁ မဲကျော်ရရန် လိုအပ်သည်ဟု ကြေညာထားပြီးဖြစ်သည်။ ယင်းအချိန်က လွှတ်တော်အတွင်းရှိသည့် အမတ်စုစုပေါင်း ၆၅၅ ဦးကိုအခြေခံ၍ ကော်မတီက တွက်ချက်ကြေညာထားခြင်းဖြစ်သည်။
ထို့ကြောင့် အခြေခံဥပဒေပြင်ဆင်ရန်ပုဒ်မများကိုမဲခွဲရာတွင် မဲခွဲသည့်အကြိမ်တိုင်း (ပျက်ကွက်သူအပါအဝင်) အရပ်သားအမတ် ၄၈၆ ဦးစလုံးက ထောက်ခံမဲပေးရမည့်အပြင် တပ်မတော်သား အနည်းဆုံး ၆ ဦးကပါ ထောက်ခံရမည်ဖြစ်သည်။
မနက်ဖြန် မတ် ၅ တွင် ပြည်ထောင်စုလွှတ်တော်၌ အခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးမှုများ အဆုံးသတ်ရန် ရှိနေသည်။