သတင်း

Fact-Check | ‘ဗမာဆိုရင်သတ်’ ဟူသည့် ဗီဒီယိုမှာ ဘယ်ညာဟု မွန်လို အော်နေခြင်းသာဖြစ်

‘ဗမာ ဆိုရင် သတ်’ ဟု ရခိုင်ကလေးငယ်များက အော်နေသယောင် ရေးသားထားသည့် ဗီဒီယိုဖိုင်တစ်ခု ထွက်ပေါ်လာပြီး Myanmar Now ၏ အချက်အလက်စစ်ဆေးမှုအရ အဆိုပါ ဗီဒီယိုတွင်ပါဝင်သည်မှာ မွန်ဘာသာစကားဖြင့် ‘ဘယ်၊ ညာ’ ‘ဘယ်၊ ညာ’ ဟု ရွတ်ဆိုနေကြခြင်းဖြစ်သည်။  

၁၉ စက္ကန့်သာရှိသည့် ယင်းဗီဒီယိုမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက် စနေနေ့ ညပိုင်းကမှ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခြင်းဖြစ်ကာ တစ်ပတ်အတွင်းမှာပင် သိန်းနှင့်ချီသည့် Facebook အသုံးပြုသူများထံ ပျံ့နှံ့သွားခဲ့သည်။ ကြည့်ရှုခဲ့သူ အများအပြားသည်လည်း ‘ရုန့်ရင်းကြမ်းတမ်းသည့် စကားလုံးများ’ အသုံးပြုကာ ပြန်လည်မျှဝေခဲ့ကြသည်။

အဆိုပါ ဗီဒီယိုဖိုင်ကို Myanmar Now က အချက်အလက်စစ်ဆေးခဲ့ရာတွင် အဆိုဖိုင်တွင် ပါဝင်သည့် စကားသံသည် “(ဘယ်/ညာ) ( ဘယ်/ညာ)”  ဟူသည့်စကားကို မွန်ဘာသာဖြင့် သံပြိုင်ဟစ်‌ကြွေးနေကြခြင်းဖြစ်ပြီး ဘင်ခရာအဖွဲ့အတွက် ကြိုတင်လေ့ကျင့်နေခြင်းဖြစ်ကြောင်း တွေ့ရသည်။ 

Myanmar Now အနေဖြင့် အဆိုပါဗီဒီယိုဖိုင်ကို မွန်ပြည်နယ် မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူးထံ ပေးပို့စစ်ဆေးခဲ့ရာ အဆိုပါဖိုင်တွင် ပါရှိသောအသံသည် (ဘယ်/ညာ) (ဘယ်/ညာ) ဆိုသည့်စကားကို မွန်ဘာသာစကားဖြင့် ပြောသည်ကို ကြားရကြောင်း မွန်ပြည်နည် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး နိုင်မွန်ရာဇာက အတည်ပြုသည်။

“ကျွန်တော်တို့ဗီဒီယိုဖိုင်ကို ဖွင့်ပြီးတော့ကြည့်တဲ့အခါမှာ အဲ့ဒီလိုကြားရတယ်။ မွန်ဘာသာစကားနဲ့တူတယ် ‘ဘယ်/ညာ၊ ဘယ်/ညာ’ လို့ကြားရတယ်၊ အဲ့ဒီလို အသံထွက်တယ်လို့ ကျွန်တော်တို့သိရတယ်” ဟု နိုင်မွန်ရာဇာက ပြောသည်။

ထို့အပြင် အဆိုပါဗီဒီယိုဖိုင်ကို  မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌထံ ပေးပို့ပြီး ဘာသာစကားနှင့်ပတ်သက်၍ အတည်ပြုရာတွင် အဆိုပါ ဗီဒီယိုတွင် မွန်ဘာသာနှင့် (ဘယ်/ညာ)(ဘယ်/ညာ) အော်ပေးနေသည်ကို ကြားရကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက အတည်ပြုခဲ့သေးသည်။

လက်ရှိတွင် အဆိုပါဗီဒီယိုဖိုင်နှင့် ပတ်သက်ပြီး မွန်လူမျိုးများ၏ facebook account များမှလည်း အဆိုပါဖိုင်သည် မွန်ကလေးငယ်များ (ဘယ်/ညာ ) (ဘယ်/ညာ) ဟု အော်နေခြင်းသာ ဖြစ်ကြောင်း ဖြေရှင်းရန် ကြိုးစားနေကြသည်ကိုလည်း တွေ့ရသည်။ 

Myanmar Now က အဆိုပါ ဗီဒီယိုနှင့် ထပ်တူနီးပါး ဆင်တူသည့် ဗီဒီယိုကို တင်ခဲ့သည့် Youtube နှင့် ရုရှားအခြေစိုက် VK လူမှုကွန်ရက် Account တချို့ကို တွေ့ရှိခဲ့သည်။ Myanmar Now က တွေ့ရှိသည့်အထဲတွင် အဆိုပါ ဗီဒီယိုဖိုင်ကို အစောဆုံးတင်ခဲ့သည့် Account သည် VK လူမှုကွန်ရက်မှ ဖြစ်ပြီး ၂၀၁၉ ဖေဖော်ဝါရီ ၁၆ ရက်က တင်ခဲ့ခြင်းဖြစ်သည်။

ပုံမှားရိုက်တင်ထားသည့် VK မှ Account တစ်ခု။

သို့သော်  အဆိုပါဖိုင်တွင် မည်သို့ အော်နေကြသည် မည်သူတွေဖြစ်သည် ဆိုသည်ကို ဖော်ပြမထားပေ။ အဆိုပါဖိုင်သည်လည်း Facebook မှ Download ပြုလုပ်ထားသည့် ဖိုင်ဖြစ်ပြီး မူရင်းဗီဒီယိုကိုမူ ရှာဖွေ၍မရရှိခဲ့ပေ။ 

ထို့ပြင် မွန်ဘာသာစကားဖြင့် ဖွင့်လှစ်ထားသည့်  လိက်ဘိက် မေတ္တာ ရာမည ဍုင်မန် ဒွက်မန် ဆိုသည့် မွန်သီချင်းများ၊ မွန်ယဉ်ကျေးမှုဆိုင်ရာများ တင်နေသည့် Facebook Page တွင် အဆိုပါထပ်တူညီသည့် ဗီဒီယို ကို ၂၀၁၉ အောက်တိုဘာ ၂၆ ရက်က တင်ခဲ့ပြီး ‘ဘယ်၊ ညာ’ ဟုသာ ရေးသားဖော်ပြထားကာ ပြန်လည်မျှထားသည်။

ဘယ်၊ ညာဟု အော်နေကြောင်း ဖော်ပြထားသည့် မွန်တိုင်းရင်းသားစာမျက်နှာတစ်ခု။

ဗီဒီယိုဖိုင်ကို စစ်ဆေးကြည့်ရာတွင် ဘင်ခရာတီးနေသူများ၊ သံပြိုင်အော်နေကြသည့် ကလေးများနှင့် ရပ်ကြည့်သူများကို တွေ့ရပြီး ကလေးအများစုသည် ‘ပလွေ’ ကို ကိုင်ထားကြသည်။ ထို့အပြင် မွန်လူမျိုးတို့၏ အမှတ်အသားဖြစ်သည့် ဟင်္သာတံဆိပ်ပါသည့် အင်္ကျီပုံစံဝတ်ဆင်ထားသူတစ်ဦးနှင့် မွန်ပုဆိုးပုံစံ ဝတ်ဆင်ထားသူတစ်ဦးကို တွေ့ရသော်လည်း ရှင်းလင်းပြတ်သားမှု မရှိသည့်အတွက် အတည်မပြုနိုင်ပေ။ 

မွန်အမျိုးသားနေ့ အခမ်းအနားများတွင် ဘင်ခရာအဖွဲ့များ ပါဝင်တင်ဆက်လာကြရာမှ ဘင်ခရာအဖွဲ့များ ဖွဲ့စည်းမှု ခေတ်စားလာခဲ့ပြီး ထင်ရှားသည့် အခမ်းအနားများမတိုင်မီ ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်လေ့ရှိကြသည်။

“မွန်အမျိုးသားနေ့ပွဲတွေ ကျင်းပတာမှာ ကြော်ငြာတဲ့ပုံစံတစ်ခုပဲ အခုအတော်များများရှိတယ်။ ဘင်ခရာအဖွဲ့ ပုံစံမျိုးပေါ့၊ အဲ့ဒါကို ကျင့်နေကြတာရှိတယ်” ဟု မွန်ပြည်နယ် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး နိုင်မွန်ရာဇာက ပြောသည်။

ယခုတော့ အဆိုပါ ဗီဒီယိုမှာ Facebook တွင် ပေါ်ပေါ်တွင်တွင် မရှိတော့ပေ။ သို့သော်လည်း တဆင့်ကူးယူဖော်ပြနေသည့် Account များစွာနှင့် လူအများကို ဖြားယောင်းက သတင်းမှားများဖြန့်ဝေလေ့ရှိသည့် Instant Articles သုံး ဝက်ဘ်ဆိုက်များတွင် အဆိုပါအကြောင်းအရာမှာ ပျံ့နှံ့နေဆဲဖြစ်သည်။ 

Show More

Related Articles

Back to top button